DVB Logo
Home
မြန်မာသတင်း
ကျူးကျော်များကို ဘူဒိုဇာဖြင့်ထိုးရုံနှင့် မပြေလည်နိုင်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော
DVB
·
April 27, 2016
ကျူးကျော်များကို ဘူဒိုဇာဖြင့်ထိုးရုံနှင့် မပြေလည်နိုင်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော
Donate to DVB

စက်မှုဇုန်တွေထဲမှာ ကျူးကျော်နေထိုင်သူတွေကို ဘူဒိုဇာနဲ့ထိုးရုံနဲ့ မပြေလည်နိုင်ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်မှုဇုန်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

“တိုက်ခန်းဆောက်ပြီး ငှားပေးမယ်၊ ရောင်းပေးမယ်ဆိုရင်တောင် ကျနော်တို့ အဆင်မပြေနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒီလောက်ပိုက်ဆံ မရှိနိုင်ဘူး။ မရှိနိုင်တော့ ပထမတော့ ရပ်ကွက်ထဲမှာ အိမ်တအိမ်ကို ငါးသောင်းနဲ့ ငှားနေမယ်။ သူငယ်ချင်းငါးယောက် စုနေမယ်ပေါ့။ ကျူးကျော်တဲပေါ်လာတဲ့ အချိန်မှာ ကျူးကျော်ပဲ သူတို့ဆောက်နေမယ်။ ကျူးကျော်တဲ လာဆောက်ပေးတဲ့ သူဆီက ၀ယ်လိုက်တာပေါ့ဗျာ။ အဲတော့ ကျူးကျော်ဖြစ်သွားပြီ။ ဒါပေမယ့် သူက အလုပ်သမား။ ဒါကိုဖြေရှင်းတဲ့အခါမှာ သူ့ကို ဘူဒိုဇာနဲ့ သွားထိုးလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ စက်ရုံအလုပ်ရုံနဲ့ လုပ်သားတွေအတွက်လည်း အသုံးတည့်တဲ့ ကျနော်တို့ရဲ့ နိုင်ငံသား ဖြစ်နေတယ်။ အဲတော့ သူ့ကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှာရမယ်။ ကျနော်တို့ အစိုးရဘက်က မြေရအောင် ကျနော်တို့လုပ်မယ်။ မြေရအောင်ဆိုတာက မြေကို ထိုက်တန်တဲ့ အခြေအနေတခုနဲ့ ညှိနှိုင်းရမယ်။ ဘာကြောင့် ကျနော်ပြောလဲဆိုတော့ ကျနော်တို့လုပ်သားကို အဝေးကြီးသွားထားလို့ မဖြစ်ဘူး။ အဝေးကြီးသွားထားရင် ဆရာတို့နားပဲ လာကျူးကျော်မှာပဲ။”

ဒါ့အပြင် တိုင်းပြည်နဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အစိုးရအဖွဲ့ကို လာဘ်ထိုးစရာ မလိုဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ရဲ့ မျှော်မှန်းချက်ဟာ ကျနော်တို့နိုင်ငံ တိုးတက်ဖို့၊ ကျနော်တို့ဆီမှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ တိုးတက်ဖို့အတွက်ကိုပဲ ကျနော်တို့ ရှေးရှုမှာ။ ဒီအတွက် အစိုးရအဖွဲ့ကို ဘာတခုခု လုပ်ပေးဖို့ဆိုတဲ့ လာဘ်ထိုးစရာ မလိုပါဘူး။ ဘာမှလည်း ကမ်းလှမ်းနေစရာ မလိုဘူး။ ဘာလုပ်ပေးဆို လုပ်ပေးပါ တင်းတင်းရင်းရင်းပြော။ ဘာကြောင့်လဲဆို အစိုးရဆိုတာ ပြည်သူလူထုရဲ့ ၀န်ကိုထမ်းဖို့ ဒီတာဝန်ကို ကျနော်တို့ ယူတာပါ။ ဟိတ်ဟန်တွေလည်း လုပ်နေစရာမရှိဘူး။ ကျနော်တို့ တိုင်းပြည်ထူထောင်နိုင်ရေးအတွက် ဒီငါးနှစ်အတွင်းမှာ ကျနော်တို့က မှတ်ကျောက်တင်ခံရမှာ ဖြစ်တယ်။”

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်တွေမှာ စက်ရုံ ၆၀၀ ကျော် လည်ပတ်နေပြီး ကျူးကျော်နေထိုင်တဲ့ တဲပေါင်း ၈၀၀၀ ၀န်းကျင်လောက် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ရုံးမှာ ဧပြီ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်အပြင် ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013