DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ကျေးရွာအချို့တွင် ရွာလုံးကျွတ်ရေတွင်းများ ခန်းခြောက်
DVB
·
April 26, 2016
မွန်ပြည်နယ် ကျေးရွာအချို့တွင် ရွာလုံးကျွတ်ရေတွင်းများ ခန်းခြောက်
Donate to DVB

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ထဲက ကျေးရွာအချို့မှာ နွေရာသီပူပြင်းခြောက်သွေ့မိုးခေါင်ရေရှားတဲ့ဒဏ်ကြောင့် ရွာလုံးကျွတ်ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး သောက်သုံးရေကို အခြားနေရာကနေ ၀ယ်ယူသုံးစွဲနေရပါတယ်။

ချောင်းဆုံမြို့နယ် မုဒွန်းရွာမှာတော့ ရွာထဲက ရေတွင်းတွေ ခန်းခြောက်တဲ့အပြင် ခါတိုင်း ဘုန်းကြီးကျောင်း ၅ ကျောင်းက မှီခိုအားထားနေရတဲ့ တောင်ပေါ်က စမ်းရေပါ ခန်းခြောက်သွား တယ်လို့ မုဒွန်းရွာ ပိဋကတ်ကျောင်းတိုက်မှ အရှင်ဥက္ကံသက မိန့်ပါတယ်။

“မိုးလုံးဝမရွာဘူးလေ။ နေလည်းတအားပူတော့ ရေတွင်းတွေရော၊ စမ်းရေတွေပါ ခန်းသွားတယ်။ မုဒွန်းရွာက ဘုန်းကြီးကျောင်း ၅ ကျောင်းလုံး သောက်သုံးနေတဲ့ ကျောက်သင်ပုန်းတောင်ပေါ်က စမ်းရေမထွက်တော့ဘူး။ အ၀ီစိတွင်းကရေလည်း တင်လို့ကိုမရဘူး။ အဲဒါ ရေစည်ဝယ်သုံးနေ ရတယ်။ ရွာထဲမှာလည်း ရေတွင်းတွေ ခန်းကုန်ပြီ။ အထွက်ကောင်းတဲ့ ရေတွင်း တွင်း ၂ တွင်းကို မျှပြီးသုံးနေရတယ်။ ဦးဇင်းတို့ဒေသက ရေအင်မတန်ပေါတာ၊ ခါတိုင်းဆို ၃ပေ ၄ ပေလောက်တူး တာနဲ့ ရေကထွက်တယ်။ အခုလိုရေရှားတာတခါမှ မကြုံဖူးဘူး။”

ဘီလူးကျွန်းတဘက်ကမ်း ဆယ်ဗလာကျေးရွာမှာလည်း ရွာထဲမှာရှိတဲ့ ရေတွင်းတွေအားလုံး ခန်းခြောက်ကုန်လို့ ရေအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။

အလားတူ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာမှာလည်း တရွာလုံး ရေခန်းနေလို့ ရေသယ်ကားနဲ့ သွားပို့ပေးခဲ့ရတယ်လို့ ကျိုက်မရောမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးစောကျော်ဝင်းမောင်က ပြောပါတယ်။

“ကျနော်တို့မြို့နယ်က ကျုံကွယ်ဆိုတဲ့ရွာမှာ တရွာလုံးက ရေတွင်းအကုန်ခမ်းသွားလို့ မြို့ပေါ်က မီသတ်ကားအကူအညီနဲ့ ရေရှိတဲ့ရွာက ရေတွေစုတ်ပြီး သွားပို့ပေးခဲ့ရတယ် ။ ငါးရက်အတွင်း ၂ ခေါက်ရှိပြီ သွားပို့ပေးတာ၊ စိုက်ပျိုးရေးအတွက်တော့ ပြဿ နာမရှိပါဘူး။ သူတို့က ရာဘာခြံ လုပ်ငန်းတွေ လုပ်တာလေ။”

မော်လမြိုင်မြို့ပေါ် ရှင်စောပုရပ်ကွက်မှာတော့ ရေပြတ်နေတဲ့အတွက် အတ္တရံမြစ်ကရေတွေကို စက်နဲ့ တင်ယူဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အကူအညီတောင်းထားကြောင်း ဦးစောကျော်ဝင်းမောင်က ပြောပါတယ်။

မွန်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကလေည်း ပေါင်မြို့နယ်၊ သထုံမြို့နယ်နဲ့ မုဒုံမြို့နယ်ထဲက သောက်သုံးရေရှားပါးတဲ့ ကျေးရွာတချို့မှာ ရေပေးဝေမှုလုပ်ငန်းတွေ ခုတပတ်အတွင်း ဆောင်ရွက်ခဲ့တယ်လို့ ဦးစီးမှူး ဦးသောင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဌာနအနေနဲ့လည်း မီးသတ်တို့၊ ကယ်ဆယ်ရေးတို့၊ ကျေးလက်ဖွံ့ဖြိုးရေးတို့ စတဲ့ ဌာန ဌာနပေါင်းစုံနဲ့ ပူးပေါင်းပြီး ခုတပတ်တွင်း ပေါင်မြို့နယ်က ဥက္ကံ၊ သပြေကုန်းစတဲ့ ကျေးရွာပေါင်း ၅ ရွာ၊ သထုံက လိပ်အင်းရွာ၊ မုဒုံမြို့နယ်ထဲမှာလည်း အခွံရွာ၊ ကင်းချောင်းတို့၊ ပိတောက်ညောင်ဝိုင်းတို့ အဲဒီရွာတွေမှာ ရေသွားဝေခဲ့တယ်။ ရေအလှူရှင်တွေနဲ့အတူပေါ့၊ အဓိကကတော့ သောက်ရေနဲ့ မရှိမဖြစ်သုံးရေတွေပါ။ သူတို့ရွာမှာ အဓိကက ရေတွင်းတွေ ခန်းခြောက်ပြီး မလုံမလောက်ဖြစ်ကြတာ။”

မွန်ပြည်နယ်က ရေအခက်အခဲရှိသူတွေရော၊ ရေလှူဒါန်းလိုသူ စေတနာရှင်တွေပါ မွန်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ဖုန်း ၀၉ ၄၉၈၀၅၁၉၉ ကို နေ့စဉ် ဆက်သွယ်နိုင်တယ်လို့ ဦးစီးမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013