DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့ ရွှေဂွန်းရွာတွင် ဗလီဘေးနား စေတီတည်
DVB
·
April 26, 2016
လှိုင်းဘွဲ့ ရွှေဂွန်းရွာတွင် ဗလီဘေးနား စေတီတည်
Donate to DVB

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ရွှေဂွန်းကျေးရွာရှိ ဗလီနဲ့ ကပ်လျက်နေရာမှာ မနေ့ညနေက စေတီတဆူကို နာရီပိုင်းအတွင်း အပြီးအစီးတည်ခဲ့တယ်လို့ ရွှေဂွန်းကျေးရွာသားတွေက ပြောပြပါတယ်။

ဒီစေတီတည်တာဟာ လွန်ခဲ့တဲ့ရက်ပိုင်းက မြိုင်ကြီးငူဆရာတော်ဦးစီးပြီး လှိုင်းဘွဲ့မြို့ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်ခဲ့အပြီး တပတ်အတွင်း ဗလီနဘေးမှာ ထပ်မံစေတီတည်တာဖြစ်ပါတယ်။

ဒီဗလီနဘေးမှာ ပြီးခဲ့တဲ့ မတ်လက ဘုရားမြှုပ်ပြီး ခုမှ အမြန်တည်ခဲ့တာဖြစ်ပါတယ်။ ဒီနောက် စေတီတည်သူတွေက ဗလီနဘေးက စေတီတည်ပြီးနောက် ကားဝင်းကြီးနဲ့ ကျောက်စက်နေရာ တွေမှာ စေတီထပ်တည်ဖို့ ဘုရားရုပ်တုတွေမြှုပ်သွားကြတယ်လို့ ဆိုပါတယ်။

အ.ထ.က ၁ကျောင်းရှေ့ လမ်းဂွကြက်လျှာစွန်းမှာ နှစ်ဆူနှစ်နေရာ၊ ရွှေဂွန်း အဝင် စစ်တပ်စခန်း အရှေ့ လမ်းမကြီးဘေးမှာ တစ်ဆူ ထပ်မံမြှုပ်နှံခဲ့တာလို့ ဆိုပါတယ်။

ဒီစေတီတွေကို ကရင်ပြည်နယ်မှာ ထင်ရှားတဲ့သံဃာတော်တပါးဖြစ်တဲ့ မြိုင်ကြီးငူဆရာတော် အမိန့်အရ တည်တာလို့ဆိုပါတယ်။ ဖြစ်စဉ်တွေ သိရဖို့ မြိုင်ကြီးငူဆရာတော်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ရွှေဂွန်းကျေးရွာသားတွေရဲ့ ခန့်မှန်းချက်အရ ရွာမှာ ဗုဒ္ဓဘာသာဝင် အိမ် ၅၀၀ ခန့်နဲ့ အစ္စလာမ်ဘာသာဝင် အိမ် ၂၀၀ ခန့်နဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့ကြတဲ့ ကျေးရွာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့ည ၇ နာရီလောက်က အုတ်၊ ဘိလပ်မြေတွေနဲ့ လူအင်အားနဲ့ စေတီတည်ကြတာဖြစ်ပြီး  မည်သူမဆို လွတ်လပ်စွာ ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။

“ဗလီနဲ့ အနားကပ်နေတယ်။ ဆရာတော်ဘုရား (မြိုင်ကြီးငူဆရာတော်) ပဲ တည်ခိုင်းတာ။ ည ၂ နာရီ ၃ နာရီလောက် ပြီး (ဧပြီ ၂၆ ရက်မနက်အရုဏ်မတက်မီ) သွားတယ်။ ဒါပေမယ့် အပေါ်မှာ ထီးတင်ဖို့ပဲရှိတော့တယ်။ အခု ပတ်ပတ်လည်အဆင့်တွေ အကုန်ပြီးသွားပြီ။ တည်တဲ့သူတွေ ပြောတာကတော့ ဒီနားမှာ ကုလားဗလီနဲ့နီးနေတာကို ရဲတွေကို တလုံးနှစ်လုံးတော့ သွားပြောတာ ပေါ့။ ရဲတွေ (ရွာရဲ) တွေ စာရေးမတွေ အကုန်လုံးရှိနေတယ်။ သူတို့တွေ ဓာတ်ပုံရိုက်ကြတယ်။ ရွှေဂွန်းရွာကရဲ ၂ ယောက်ပဲ၊ နယ်ခြားစောင့် တပ်သားတွေကတော့ ခြောက်ယောက်လောက် သေနတ်တွေနဲ့ စောင့်ပေးနေကြတာ ကျမတွေတယ်။ တခြား ဘက်ခြမ်းမှာ ကားတွေနဲ့ စောင့်ပေးနေကြတာ တပုံကြီးပဲလို့ သူများပြောတယ်”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ရော ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားကျောင်းဝင်းတွင်း စေတီတည်တာနဲ့ပတ်သက်လို့ပါ ဒီဗွီဘီသတင်းဌာနက ကရင်ပြည်နယ်အစိုးရ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ လှိုင်းဘွဲ့မြို့နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ကရင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနဲ့ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ အစည်းအဝေးတွေကြောင့်၊ မအားလပ်တာကြောင့် တယ်လီဖုန်းမရပါဘူး။

ဘာသာတခုနဲ့တခုအကြား ထိလွယ်ရှလွယ်ဒီဖြစ်စဉ်မှာ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်သံဃနာယကအဖွဲ့စတဲ့ အုပ်ချုပ်ရေးပိုင်းက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို မြိုင်ကြီးငူ ဆရာတော်ကို ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒ့ါအပြင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းတဲ့အခါ  သာသနာရေးနဲ့ ယဉ်ကျေးမှုဋ္ဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ဆက်သွယ်ဖို့ ဖြေကြားခဲ့ပြီး ဦးအောင်ကို ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ဗလီအနီး စေတီတွေကို နာရီပိုင်းအတွင်းပြီးစီးအောင်  တည်မှူတွေကြောင့် ရွာက အစ္စလာမ်ဘာသာဝင်တွေ စိတ်မကောင်းဖြစ်နေကြတယ်လို့ ရွှေဂွန်းရွာသူက ပြောပါတယ်။

“ကျမတို့က အေးအေးဆေးဆေးနေတယ်။ ဘယ်သူ့မှ ဒုက္ခမပေးဘူး။ ကျမတို့ အေးအေး ဆေးဆေးနေတာကို ဒီဗလီလမ်းကြားနဲ့ဘုရားနဲ့က အနီးကပ်ကြီးဖြစ်နေတယ်ဆိုတော့ မွတ်ဆလင်မှာဆိုရင် အကုန်လုံး ငိုနေကြတယ်။ သူတို့လည်း ပြောမရဲဆိုမရဲ အဲလို ဖြစ်တာ ပေါ့နော်။ ဒါ စကားမှန်မှန်ပြောတာ မလိမ်ဘူး၊ အမှန်ပဲ။ မတည်ခင်မှာ ကျမတို့ဘက်က နယ်ခြားစောင့်တပ်က လူကြီးတွေက သွားပြောတယ်၊ ဗလီဘေးမှာတည်တာ မကောင်းဘူးလို့။ သူတို့က ပြောတယ် ဆရာတော်အမိန့်ပဲတဲ့” လို့ ပြောပါတယ်။

ရွှေဂွန်းရွာမှာ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင်နဲ့ ဆက်ဆံရေးမေးမြန်းကြည့်ရာမှာ - “ခင်မှခင်ပဲ၊ ကရင်နဲ့လည်း လက်ကုန်ခင်တယ်၊ ဗုဒ္ဓဘာသာနဲ့လည်း ခင်တယ်။ ရန်ဖြစ်တာ မရှိခဲ့ဘူး။ တခါမှ မရှိခဲ့ဘူး၊ တခါမှ မရှိခဲ့ဘူး။ ကရင်နဲ့ဆို မောင်နှမလို၊ သားသမီးလို ချစ်ကြတယ်။ အခု သူတို့က ဘာပြောလဲဆိုတော့ ဆရာတော်ဘုရားအမိန့်ပဲဆိုတော့ သူတို့လည်း မပြောရဲကြ ဘူး၊ အဲဒီလိုဖြစ်နေတယ်။

မြန်မာမွတ်စလင် အစည်းအရုံးက ဧပြီ ၂၅ ရက်နေ့က ကြေညာချက်မှာ ပြီးခဲ့တဲ့လကတည်းက မြိုင်ကြီးငူဆရာတော်က  ဒီစေတီတည်မှုဟာ ညတွင်းချင်း ဥပဒေမဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်းနဲ့ ဒီကျူးလွန်မှူတွေဟာ   ကျူးလွန်မှုများသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားပြီး တိုင်းပြည် မတည်ငြိမ်စေရန်နှင့် အန်အယ်လ်ဒီအစိုးရကို အကြပ်အတည်းတွေ့စေရန် အဖျက်အင်အားစုများ ၏ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်ဆောင်မှုများဖြစ်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြပါတယ်။

ဒါကြောင့် အဖျက်အင်အားစုများ၏ ထောင်ချောက်အတွင်း မဝင်ရောက်မိစေရန်နဲ့ အန်အယ်လ်ဒီ အစိုးရ၏ တိုင်းပြည်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိုင်တွယ်ရာတွင် အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာမွတ်စလင်တွေဟာ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကျဉ်ပြီး ဥပဒေဘောင် အတွင်းမှသာ မဆုတ်မနစ် ကြံ့ကြံ့ခံ၍ တရားမျှတမှုကို လိုလားတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ လက်တွဲကာ ငြိမ်းချမ်းစွာ ရင်ဆိုင်ဖြေရှင်းကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013