မစုစုနွေးအပါအ၀င် ၉ ဦးကို ပြင်ဦးလွင်တရားရုံးက တရားရှင်လွှတ်
နော်နိုရင်း
·
April 26, 2016

ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုနဲ့တရားစွဲခံထားရတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မစုစုနွေး အပါအ၀င် ပြင်ဦးလွင်က ဒေသခံတောင်သူလယ်သမား ၉ ဦးကို ပြင်ဦးလွင်မြို့နယ်တရားရုံးက အမှုရုပ်သိမ်းလိုက်ပြီး အမှုကနေ တရားရှင်လွတ်မြောက်ကြောင်း အမိန့်ချလိုက်ပါတယ်။
ဒီကနေ့ ဧပြီ ၂၆ ရက်စွဲနဲ့ အမှုရုပ်သိမ်းကြောင်း အမိန့်ချခဲ့တာဖြစ်ပေမယ့် မစုစုနွေးနဲ့အမှုတွဲ ဒေသခံ ၈ ဦးကို တရားရုံးက အကြောင်းမကြားခဲ့ဘူးလို့ မစုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။
“ကျမအပါအ၀င် ၉ ယောက်ကိုဆိုတော့ ပြင်လွင်မြို့ခံ ၈ ယောက်ကို ရဲဘက်ကနေပြီးတော့ ငါတို့က ပုဒ်မ ၁၈ ကိုရုပ်သိမ်းလိုက်ပြီ။ တရားရုံးကနေ တရားဝင်ရုပ်သိမ်းလိုက်ပြီလို့ ပြောကြား စေချင်ပါတယ်။ ပြည်သူကိုလေးလေးနက်နက်ထားပြီးတော့ ဥပဒေကို ဆောင်ရွက်စေချင်ပါတယ်။ အခုတော့ အစွဲခံရတဲ့ မြို့နယ်ခံ ၈ ယောက်ကို အကြောင်းမကြားတဲ့အတွက်ပါ။ ကျမတို့ အမှုတွဲမှာပါတဲ့ သမဂ္ဂအဖွဲ့ဝင်တယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့အချိန်မှာလည်း သေမှု သေခင်းနဲ့ ခွဲစိတ်တာတွေ ပြုလုပ်ပါတယ်။ အဲဒီအချိန်မှာလည်း ရဲဘက်ကနေပြီးတော့ ဒီပုဒ်မ ၁၈ ကို ရုပ်သိမ်းလိုက်ပြီအမှုနဲ့ မသက်ဆိုင်တော့ဘူးလို့ သူတို့ ပြောရမယ့်တာဝန်ရှိတယ်။”
၂၀၁၄ မေလက ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲ ၀င်ရောက်တဲ့တောင်သူ ၅ ဦး ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ် ပေးဖို့ ဆန္ဒပြတောင်းဆိုတာကြောင့် မစုစုနွေးအပါအ၀င် ၉ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံခဲ့ရ တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၁၅ ဒီဇင်ဘာမှာ ပြင်ဦးလွင် ရဲစခန်းက မစုစုနွေးကို ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး အာမခံနဲ့ လွှတ်ပေးခဲ့လို့ အပြင်ကနေပဲ တရားရင်ဆိုင်နေရတာပါ။ သူ့ကို တရားစွဲဆိုခဲ့တဲ့ ရဲမှူးမြင့်သိန်းက ဧပြီ ၈ ရက်မှာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ ရုပ်သိမ်းခွင့်ပြုဖို့ တရားရုံးကို တင်ပြခဲ့ပါတယ်။
တရားရုံးကလည်း အမှုကိုစစ်ဆေးပြီး အဲဒီနေ့မှာပဲ တရားစွဲဆိုခံရသူတွေကို တရားရှင်လွှတ်ပေး ကြောင်းအမိန့်ချလိုက်တာလို့ မြို့နယ်တရားသူကြီး ဦးရဲအောင်က ဒီဗွီဘီကိုပြောပါတယ်။