DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် ပါဝင်ဆွေးနွေးမည်
DVB
·
April 26, 2016
အပစ်အခတ်ရပ်စဲရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် ပါဝင်ဆွေးနွေးမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U)တို့ မနက်ဖြန် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့တာပါ။

“မနက်ဖြန်မှာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ဆွေးနွေးဖို့ရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ JMC လုပ်ငန်း လမ်းညွန်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပူးတွဲညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမယ်။ ညီအစ်ကို လိုဆွေးနွေးတိုင်ပင်သွားမယ်ဆိုရင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင် တွေ အနေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။”

ဒီအစည်းအဝေးကို ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေဖွဲ့စည်းဖို့ ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။

JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးကတော့ သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ လက်နက်ကိုင်ပြသနာချုပ်ငြိမ်းသွားဖို့ မျှော်လင့်တဲ့အကြောင်း အစည်းအဝေးမှာ ပြောပါတယ်။

“နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်ဖြေရှင်းခဲ့တဲ့အတွက် နှစ်ရှည်လများ တိုင်းသူပြည်သားတွေ ဒုက္ခရောက်ခဲ့တယ်။ နှစ်ဖက်တပ်ဖွဲ့တွေက တပ်သားတွေ အရာရှိတွေ သေဆုံးခဲ့ကြရတယ်။ ဒါကြောင့် လက်နက် ကိုင်ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လုပ်သွားရမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ စတင်ပြီး လက်နက်ကိုင် ပြဿာနာကို စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့အတွက် များစွာကျေနပ်မိပါတယ်။ အခု နိုင်ငံတော် သမ္မတအသစ် ဦးထင်ကျော်လက်ထက်မှာလည်း လက်နက်ကိုင်ပြဿနာတွေကို အပြီးတိုင်ချုပ်ငြိမ်းဖို့ မျှော်လင့်ပါတယ်။’’

လက်ရှိမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျန်ရှိနေသေးတာဖြစ်ပြီး တိုက်ခိုက်နေမှုတွေ အမြန်ဆုံးလျော့ချဖို့နဲ့ လက်နက်ကိုင် ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း စောအိုင်းဇက်ဖိုးက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အစည်းအဝေးဟာ JMC-U ရဲ့ ၅ ကြိမ်မြောက်အစည်းအဝေးဖြစ်ပေမယ့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ခွင့်ရတဲ့ အစိုးရသစ်လက်ထက်မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013