DVB Logo
Home
Lead Story
ဒီမိုကရေစီ မကြံ့ခိုင်တဲ့ ကြံ့ခိုင်ရေးပါတီ
DVB
·
April 26, 2016
ဒီမိုကရေစီ မကြံ့ခိုင်တဲ့ ကြံ့ခိုင်ရေးပါတီ
1 / 2
Donate to DVB

ကြံ့ခိုင်ရေးပါတီက သူရဦးရွှေမန်း အပါအ၀င် ၁၇ ဦးကို ဘယ်လိုနည်းနဲ့ ထုတ်ပစ်လိုက်သလဲဆိုတာ မသိရသေးပါဘူး။ အထုတ်ခံရတဲ့ လူတွေထဲက အတော်များများဟာ ဗဟိုကော်မတီမှာ ပါတယ်လို့ သိရပါတယ်။ အစည်းအဝေးမခေါ်ဘဲ၊ မဲမခွဲဘဲ ထုတ်တာဆိုရင် ကြံ့ခိုင်ရေးပါတီဟာ ဘယ်လိုဒီမိုကရေစီကို ကျင့်သုံးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်။

နမူနာတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ဦးအောင်ကြီးက စွပ်စွဲတဲ့ ကွန်မြူနစ်ကိစ္စ ပေါ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ကွန်မြူနစ် အိုဂျီဆိုပြီး စွပ်စွဲခံရသူတွေထဲမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်လည်း ပါတယ်။ နောက်ဆုံး မဲခွဲကြတဲ့အခါ ဦးအောင်ကြီးက သူရှုံးရင် ထွက်မယ်လို့ စိန်ခေါ်ပြီး သူရှုံးသွားတယ်။ သူတို့တအုပ်လုံး ထွက်သွားတယ်။ အန်အယ်လ်ဒီဟာ ဒီမိုကရေစီပါတီအဖြစ် သမိုင်းတင်နိုင်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီအတွက်ကတော့ အခုတခါပါဆိုရင် ဒုတိယအကြိမ်လို့ ပြောရပါမယ်။ ရွေးကောက်ပွဲအကြို  ကြံ့ခိုင်ရေးပါတီတွင်း ညအချိန် အာဏာသိမ်းပွဲလို့ ပြောကြတဲ့ ညကလည်း လက်နက်ကိုင်တွေ ပါတယ်လို့ မီဒီယာတွေက ရေးကြပါတယ်။ ဖြစ်သွားတဲ့နေရာက အစိုးရရုံးစိုက်ရာ၊ ဒီမိုကရေစီ နိုင်ငံရေးရဲ့ ဗဟိုချက်မဖြစ်တဲ့ လွှတ်တော်အဆောက်အဦတွေရှိတဲ့ နေပြည်တော်မှာပါ။ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် ကောင်းတဲ့အစဉ်အလာ မဟုတ်ပါဘူး။

နိုင်ငံရေးမှာ ထာဝရ ရန်သူ-မိတ်ဆွေ ဆိုတာ မရှိပါဘူး။ တိုင်းပြည်အကျိုးအတွက် လျှော့တန်တာလျှော့၊ ညှိသင့်တာညှိ လုပ်ရတာက ဒီမိုကရေစီ နိုင်ငံရေးရဲ့ အသက်ဖြစ်ပါတယ်။  အခြေတည်ခါစ ဒီမိုကရေစီမှာတော့ ဖြုတ်တာ၊ ထုတ်တာ၊ ကူးတာ၊ ပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ အင်ဒိုနီးရှားဆိုရင် သမ္မတဟောင်း ဆူစီလို၊ သမ္မတလောင်း ပရာဗိုဝို၊ လက်ရှိ ဒု-သမ္မတ ယူဆပ်ကယ်လာတို့က ပါတီတခုထက်မက ပြောင်းခဲ့ကြ၊ အသစ်ထောင်ခဲ့ကြတာတွေ ရှိခဲ့ကြပါတယ်။

အရေးကြီးတာက ပါတီခေါင်းဆောင်တွေ အားလုံး (အားလုံး) စစ်တပ်နဲ့ ကင်းကင်းနေကြဖို့ လိုပါတယ်။ စစ်တပ်လည်း ပါတီတွေရဲ့ အသုံးချခံမဖြစ်ဖို့ လိုပါတယ်။ ထိုင်းဥပမာဆိုရင် ရွေးကောက်ပွဲနည်းလမ်းအရ အခြေမလှ လမ်းဆုံနေတဲ့အခါ တချို့က စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းတာမျိုး တွေ့ရပါတယ်။ ဖျက်မြင်းက ပွဲမဆူ ဆူအောင်လုပ်ပြီး စစ်တပ်ဝင်လာတဲ့ ဇာတ်လမ်းမျိုးပါ။ အရပ်သား နိုင်ငံရေးသမားတွေ အသုံးမကျလို့ စစ်တပ်က ဝင်ရတယ်ဆိုတဲ့ ဇာတ်ညွှန်းပါ။

ဒါမျိုးတွေ လွတ်လပ်ခါစ ဖဆပလခေတ်မှာ ကြုံခဲ့ရပါတယ်။ ဟန်တင်တန် အလိုအရ စစ်တပ်ကို နိုင်ငံရေးထဲ ဝင်လာစေတာ အရပ်သား နိုင်ငံရေးသမားတွေပဲလို့ ဆိုပါတယ်။ မြန်မာပြည်ဟာ ဒီဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရပါတယ်။

ခေတ်ရေစီးအရ အာဏာသိမ်းကြရာမှာလည်း မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီး ပြန်မအပ်တဲ့ နေရာမှာ အာရှဒေသ၊ လက်တင်အမေရိကဒေသက စစ်တပ်တွေနဲ့ မတူပါဘူး။ အာဖရိကတိုက်ထဲက လက်တဆုပ်စာ စစ်တပ်တွေနဲ့ သွားတူတာ လေ့လာကြည့်ရင် တွေ့ပါလိမ့်မယ်။ ဒီလိုနဲ့ ဒီမိုကရေစီလှိုင်းတွေနဲ့ ဝေးရာမှာ သောင်တင်ကျန်နေခဲ့တာ ၂ဝ၁ဝ အထိပါပဲ။ အခုအထိလည်း စစ်တပ်ဟာ အင်ဒိုနီရှားက စွန့်ပစ်လိုက်တဲ့ စစ်တပ်က နိုင်ငံရေးလုပ်တဲ့ နမူနာကို ယူသုံးနေတယ်။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အကူးအပြောင်းမှာ အရေးအကြီးဆုံး ကိစ္စတခုကတော့ စစ်တပ်နဲ့ နိုင်ငံရေးကို ခွဲထုတ်ရတာပါပဲ။ စစ်တပ်ဟာ မူလတာဝန်ဖြစ်တဲ့ ပြည်ပရန် ကာကွယ်ရေးကို အာရုံစိုက်၊ နောက်ဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ အရပ်သားအစိုးရကို နာခံဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီ အကူးအပြောင်းကို ဦးဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်လို့ စစ်တပ်နဲ့ နီးစပ်တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနီးစပ်မှုကို နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချတာမျိုး ဆိုရင်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သူကိုယ်တိုင် လက်နဲ့ရေးသမျှ ခြေနဲ့ပြန်ဖျက်တာမျိုး ဖြစ်သွားပါလိမ့်မယ်။

ဦးသိန်းစိန်အနေနဲ့ အာဏာလက်မဲ့ ဖြစ်သွားတဲ့ ကြံ့ခိုင်ရေးပါတီကို ပြန်ဦးဆောင်တဲ့အခါ စစ်တပ်ကို နိုင်ငံရေးအတွက် အသုံချတာမျိုး လုပ်လာမယ်ဆိုရင် ရွေးကောက်ပွဲတိုင်း ရှုံးပါလိမ့်မယ်။ မြန်မာနဲ့ ကမ္ဘာမှာ စစ်တပ်နဲ့နီးစပ်တဲ့ ပါတီတွေ၊ လူတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတိုင်း ရှုံးပါတယ်။ ဒါ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဦသိန်းစိန်အနေနဲ့ ယူဒိုယိုနိုလိုမျိုး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ နိုင်ချင်ရင် စစ်တပ်နဲ့ ခွာဖို့လိုပါတယ်။

တပ်မတော် ကာချုပ်အနေနဲ့လည်း ဂိုဏ်းဂဏ နိုင်ငံရေးနဲ့ ကင်းတဲ့ စစ်တပ်အဖြစ် ရပ်တည်ဖို့ တရားဝင် ရပ်တည်ချက်ကို အများသိအောင် ကြေညာဖို့ အချိန်ရောက်ပါပြီ။ တိုင်းပြည်ဟာ မိအေး နှစ်ခါမက နာလှပါပြီ။ သန့်ရှင်းတဲ့ နိုင်ငံရေးနဲ့ သန့်ရှင်းတဲ့ စစ်တပ်ကို ယဉ်ကျေးမှုကို ထူထောင်ကြဖို့ မြန်မာပြည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်နေပြီ ဆိုတာကို အမှတ်အတိုင်း သိမြင်ကြဖို့ လိုပါတယ်။

နေသွင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013