DVB Logo
Home
မြန်မာသတင်း
အလွတ်တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းချက် တိုင်းရင်သားလက်နက်ကိုင် ၃ ဖွဲ့ပယ်ချ
DVB
·
April 26, 2016
အလွတ်တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းချက် တိုင်းရင်သားလက်နက်ကိုင် ၃ ဖွဲ့ပယ်ချ
Donate to DVB

မြန်မာအစိုးရတပ်ကိုယ်စားလှယ်တွေရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ကိုးကန့်၊ ပလောင်နဲ့၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့က ပယ်ချလိုက်ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့တို့က မတွေ့ဆုံနိုင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ပယ်ချလိုက်တာ ဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုတွေ လုပ်ဆောင် နေတဲ့အတွက် တွေ့ဆုံဖို့မသင့်တော်သေးသလို ဒီတွေ့ဆုံမှုဟာ အလွတ်သဘောသာတွေ့ဆုံမှု ဖြစ်တဲ့အတွက်လည်း မတွေ့ဆုံနိုင်ကြောင်း ရက္ခိုင့်တပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ မတွေ့သင့်ဘူးဆိုပြီး ကျနော်တို့ဘက်က ဆုံးဖြတ်တာက အဓိက ၂ ချက်ရှိတယ်။ တခုက ကျနော်တို့ဆီမှာ ထိုးစစ်တွေ ဆင်နွှဲနေတဲ့ကာလဖြစ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ရက္ခိုင့်တပ်မ တော် ကို အပြတ်တိုက်မယ်ဆိုပြီး အဲလိုမျိုး ထိုးစစ်ဆင်နေတဲ့ကာလဖြစ်တယ်။ နောက်ပြီး ကျနော်တို့ မဟာမိတ် TNLA တို့ NMDAA တို့ဒေသတွေမှာလည်းပဲ သေနတ်သံက ဆက်ပြီးတော့ရှိနေတယ်လေ။ ဆိုတော့ အဲဒီထိုးစစ်တွေ ရှိနေတာ တခုရယ်၊ နောက်ပြီးလို့ရှိရင် အခုတွေ့မယ့်ဥစ္စာက အလွတ်သဘောဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီ အလွတ်သဘောကို မတွေ့သင့်ဘူး။ ဒီချိန်မှာ ကျနော်တို့ကို ထိုးစစ်ကြီးအကြီးအကျယ် အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြွေးကြော်နေတဲ့ကာလအတွက်ကြောင့်မို့လို့ အခုချိန်မှာ မတွေ့သင့်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်တာ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာနိုင်ရေးအတွက် တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ခင်ဇော်ဦးနဲ့ ယခင် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ UPWC ကိုယ်စားလှယ်တွေနဲ့ အဆိုပါအဖွဲ့၃ ဖွဲ့တို့ လာမယ့် မေလပထမအပတ်မှာ တွေ့ဆုံဖို့အလွတ်သဘော ပြောဆိုထားမှုတွေရှိခဲ့ပါတယ်။

အစိုးရတပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ကို UNFC ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက ကြားဝင်ပြီး တဆင့်ခံ ပြောကြားပေးခဲ့တာဖြစ်ပြီး ဒီကိစ္စအပေါ်သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က တွေ့ဆုံဆွေးနွေးဆုံးဖြတ်ပြီး မတွေ့နိုင်ကြောင်း ခုလို သဘောထားထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

သူတို့အနေနဲ့ အလွတ်သဘောမဟုတ်ဘဲ တရားဝင်ကမ်းလှမ်းလာမယ် ဆိုရင်တော့ တွေ့ဆုံဖို့ အဆင့်သင့်ရှိတယ်လို့ ဦးခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013