DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ကက္ကူဘုရားအနီး ဒုတိယအကြိမ် လေပြင်းထပ်မံတိုက်ခတ်၊ အလယ်တန်းကျောင်း ပျက်စီး
DVB
·
April 25, 2016
ရှမ်းပြည်နယ် ကက္ကူဘုရားအနီး ဒုတိယအကြိမ် လေပြင်းထပ်မံတိုက်ခတ်၊ အလယ်တန်းကျောင်း ပျက်စီး
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်လို့ ဘုရားထီးတော်အမြောက်အမြား မြေခသွားခဲ့ရတဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ထဲက ကက္ကူမွေတော်ဘုရားအနီးမှာ မနေ့ညက မိုးရောလေပါ ထပ်ကျလာပြီး ကျေးရွာစာသင်ကျောင်း ပျက်စီးသွားပါတယ်။

ဧပြီလ ၂၄ ရက် ည ၇ နာရီလောက်က မိုးရောလေပါ ကျလာတဲ့အတွက် ကက္ကူကျေးရွာ အလယ်တန်းကျောင်း ခေါင်မိုးတွေ လွင့်ကုန်တယ်လို့ ကက္ကူဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အရေးပေါ်ကော်မတီဝင် ဦးခွန်မောင်ဘော်က ဒီဗွီဘီကို ပြောပါတယ်။

“၂၂ ရက်နေ့တုန်းက တောင်ဘက်ကကျောင်းဆောင် ပျက်စီးတယ်။ မနေ့ညကတော့ မြောက်ဘက်က ကျောင်းဆောင်ပါ အမိုးတွေ လွင့်ကုန်တယ်။ မိုးနဲ့လေတွေက ၂၂ ရက်နေ့ လောက်တော့ မပြင်းထန်ဘူး။ ကျနော်တို့ဒေသ လေပြင်းတိုက်ခံရတာ ပြန်ပြီးမွမ်းမံပြင်ဆင်ဖို့ အခုအစည်းအဝေး လုပ်ဖို့ စောင့်နေပါတယ်ခင်ဗျ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာယကကြီး ဦးအောင်ခမ်းထီလဲပါမယ်၊ ဗဟိုသံဃနာယကအဖွဲ့၊ ဂေါပကအဖွဲ့နဲ့ ရှမ်းပြည်တောင်ပိုင်း တာဝန်ခံ ၀န်ကြီးလည်း ပါမယ်၊ အဖွဲ့စုံပါတယ်။”

ပြီးခဲ့တဲ့ ၂၂ ရက်နေ့ညက လေပြင်းတိုက်မှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီရှိခဲ့တဲ့ ရှေးဟောင်း ကက္ကူမွေတော်ဘုရားက အကြီးဆုံးစေတီဖြစ်တဲ့ အာသောကစေတီ၊ ဖောင်တော်ဆိပ် စေတီထီးတော်အပြင် အရံစေတီပေါင်း ၁၇၀၀ ကျော်က ထီးတော်တွေ မြေခသွားခဲ့တာပါ။

ဒါ့အပြင် စေတီရဲ့တောင်ဘက်က ဇရပ်၊ သိမ်တော်ကြီးနဲ့ စေတီမြောက်ဘက်က အလွန်ကြီးမားတဲ့ ညောင်ပင်ကြီးပါ ကျိုးကျပြိုလဲသွားပြီး စေတီတော်အနောက်ဘက် ဈေးဆိုင်စားသောက်ဆိုင်တွေလည်း ပြိုလဲပျက်စီးသွားပါတယ်။

လောလောဆယ် ဘုရားမှာ အစိုးရစစ်တပ် အင်အား ၁၅၀ နဲ့ ပြည်သူ့ရဲအင်အား ၈၀ တို့က လဲပြိုနေတဲ့ သစ်ပင်သစ်ကိုင်းတွေ ရှင်းလင်းနေပြီး ကာကွယ်ရေးဦးစီးချုပ်က ကျပ်ငွေ သိန်း ၅၀၀ အလှူငွေ ထည့်ဝင်သွားတယ်လို့ သိရပါတယ်။

၂၂ ရက်နေ့က လေပြင်းတိုက်မှုကြောင့် ကက္ကူဘုရားအနောက်ဘက်ရှိ ကက္ကူကျေးရွာနဲ့ မောက်စံကျေးရွာ ၂ ရွာမှ နေအိမ်အလုံးပေါင်း ၁၀၀ ခန့်၊ ကက္ကူဘုရားသွားလမ်းရှိ ထီရီးရွာမှ အိမ်ခြေ ၃၆ လုံးနဲ့ ဘုန်းကြီးကျောင်း တကျောင်း၊ ဖြူငယ်ကျေးရွာ နေအိမ် ၉ လုံးနဲ့ ဘုန်းကြီးကျောင်းတခြမ်း၊ ဒါ့အပြင် ထီးဖောင်းတောင်ရွာ၊ ဟမ်းဆီးကျေးရွာ နဲ့ ဆီဆိုင်မြို့နယ် အပိုင်းရှိ ထီရီးရွာမှာလည်း အိမ်ခြေ ၂၀ ခန့် ခေါင်းမိုးတွေ လန်ထွက်ကုန်တယ်လို့ ဦးခွန်မောင်ဘော်က ပြောပါတယ်။

ကက္ကူဘုရားနဲ့တကွ ဒေသတွင်းပျက်စီးဆုံးရှုံးမှုတွေ ပြန်လည်ပြင်ဆင်ဖို့အတွက် အလှူငွေတွေကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဒါမှမဟုတ် ဂေါပကဘုရားရုံးမှာ လာရောက်လှူဒါန်းနိုင်တယ်လို့ ဆိုပါ တယ်။

တောင်ကြီးမြို့ အရှေ့တောင်ဘက် ၂၆ မိုင်ခန့်အကွာရှိ ကက္ကူဘုရားမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က တည်ရှိခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်မြေတွင်း ပါဝင်ခဲ့တဲ့အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ စေတီများကို ပြန်လည်ပြုပြင်မွမ်းမံပြီး လက်ရှိ ပြည်တွင်းပြည်ပခရီးသွား လည်ပတ်စရာနေရာ တခုအဖြစ် ထင်ရှားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013