DVB Logo
Home
Lead Story
ကမ္ဘာကျော် ပူလစ်ဇာဆုနှင့် ပထမဆုံး ပူလစ်ဇာဆုရှင် မြန်မာအမျိုးသမီး
DVB
·
April 25, 2016
ကမ္ဘာကျော် ပူလစ်ဇာဆုနှင့် ပထမဆုံး ပူလစ်ဇာဆုရှင် မြန်မာအမျိုးသမီး
Donate to DVB

အမေရိကန်နိုင်ငံ စာပေနဲ့ သတင်းစာလောကမှာ နာမည်ကျော်ဆုကြီးဖြစ်တဲ့ ပူလစ်ဇာဆုကို ၂၀၁၆ ခုနှစ်အတွက် ဆုရရှိသူတွေရဲ့ စာရင်းကို ဧပြီလ ၁၈ ရက် တနင်္လာနေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်က ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ၂၀၁၆ ခုနှစ်ဟာ ဒီကမ္ဘာကျော်ဆုကြီးကို စတင်ပေးအပ်လာခဲ့တာ နှစ် ၁၀၀ ပြည့်မြောက်တဲ့နှစ်လည်း ဖြစ်တဲ့အတွက် ဆုအတွက် ထူးခြားတဲ့နှစ်ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း တကယ့်ထူးခြားတဲ့ နှစ်တနှစ်ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ၂၀၁၆ ဧပြီလဟာ နှစ်ပေါင်း ၅၀ ကျော် လွှမ်းမိုးအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်လူများစု အစိုးရရဲ့ ဖိစီးအုပ်ချုပ်မှု အောက်ကနေ အရပ်သားအများစုပါဝင်တဲ့ အစိုးရတရပ်ကို စပြီး ဖွဲ့စည်းခွင့် ရရှိခဲ့တဲ့နှစ်လည်း ဖြစ်နေလို့ပါပဲ။ ၂၀၀၈ စစ်ဖွဲ့စည်းပုံနဲ့ အရေးပါတဲ့ ၀န်ကြီးနေရာတွေကို စစ်တပ်က ထိန်းချုပ်ထားဆဲပဲလို့ ပြောရမှာဖြစ်ပေမယ့် နိုင်ငံတော်ရဲ့ လွှတ်တော် ၂ ရပ်စလုံးမှာ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေက အများစု လွှမ်းမိုးထားနိုင်သလို နိုင်ငံတော်သမ္မတကိုလည်း အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပထမဆုံး အရပ်သားစစ်စစ် သမ္မတ တယောက်ကို ခန့်အပ်နိုင်ခဲ့တဲ့ လနဲ့နှစ်လည်း ဖြစ်လို့ပါပဲ။

ဒီထူးခြားမှုကို ပိုပြီး ထူးခြားသွားအောင် ဖြစ်စေလိုက်တာကတော့ အေပီ သတင်းဌာနကြီးက သတင်းထောက်တယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူ အက်စ်တာထုဆန်က ပူလစ်ဇာဆုကို ချီးမြှင့်ခံရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သတင်းထောက်တယောက် ဖြစ်လာခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်းလောကအတွက် ဂုဏ်ယူ ၀မ်းမြောက်စရာ တခုလည်း ဖြစ်ခဲ့ရပါတယ်။

အက်စ်တာထုဆန်ဟာ တခြား အေပီ အမျိုးသမီးသမီးသတင်းထောက် ၃ ယောက်နဲ့အတူ အရှေ့တောင်အာရှရဲ့ ငါးဖမ်းလုပ်ငန်းမှာ ဖြစ်ပေါ်နေတဲ့ ငါးဖမ်းလုပ်သားတွေကို ကျေးကျွန်လို စေခိုင်း၊ အနိုင်အထက်ပြု မတော်မတရား စေခိုင်းမှုတွေကို စုံစမ်းစစ်ဆေး သတင်းရယူ ဖော်ထုတ်မှတ်တမ်းတင်ပြီး “ကျေးကျွန်တွေဆီက ပင်လယ်စာ” သတင်းဆောင်းပါးစဉ်တွေ ရေးသား၊ ကမ္ဘာကို တင်ပြခဲ့တဲ့အတွက် ဖမ်းဆီးကျွန်ပြုစေခိုင်းခံနေရသူ ၂၀၀၀ ကျော်ကို လွတ်မြောက်စေနိုင်ခဲ့သလို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံရပ်ခြားတိုင်းပြည် အတော်များများမှာ ကြီးမားကျယ်ပြန့်တဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်လာစေနိုင်ခဲ့ပါတယ်။ သူတို့ ၄ ယောက်ရဲ့ အဲဒီလို စွမ်းစွမ်းတမံ စုံစမ်းစစ်ဆေး သတင်းရယူ ဖော်ထုတ်တင်ပြခဲ့မှုအတွက် ဒီ ၂၀၁၆ ခုနှစ် လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့တွေဟာ နိုင်ငံအတော်များများက ငါးဖမ်းလုပ်ငန်းတွေကို အရောက်သွား သတင်းရယူခဲ့သလို ငါးဈေးကွက်တွေကိုလည်း သွားရောက်လေ့လာ စုံစမ်းခဲ့ကြရာမှာ ဖမ်းဆီးခံထားရတဲ့ တံငါသည်တွေ၊ လှောင်အိမ်တွေထဲမှာ ထည့်သွင်းသော့ပိတ်ခံထားရသူ ငါးဖမ်းလုပ်သားတွေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ အဲဒီငါးဖမ်းလုပ်ငန်းတွေဟာ အမေရိကန် စားသောက်ဆိုင်ကြီးတွေကို ပင်လယ်စာ တင်သွင်းနေကြတာဖြစ်သလို တိရစ္ဆာန်အစာတွေကိုလည်း ဝေါမတ်လို လက်လီဆိုင်တွေအထိ တင်သွင်းပေးနေကြတာ ဖြစ်ပါတယ်။ အေပီသတင်းဌာနရဲ့ အဲဒီ သတင်းဆောင်းပါးတွေကြောင့် ချက်ချင်း ဖမ်းဆီးအရေးယူမှုတွေနဲ့ သင်္ဘောတွေကို ဖမ်းဆီးသိမ်းယူတာမျိုးတွေကို ဖြစ်စေခဲ့ပြီး အမေရိကန် ဖက်ဒရယ်အစိုးရကလည်း အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ရပါတယ်။

သတင်းသမားတွေဟာ သတင်းတွေကို ရယူပြီး ပြည်သူလူထုကို တင်ပြရုံသာမဟုတ်ဘဲ မတရားမှုတွေကို အနံ့ခံမိတဲ့ အခါမှာလည်း စုံစမ်းမေးမြန်း သတင်းရယူမှုတွေ ပြုလုပ်ပြီး တိတိကျကျ

သက်သေအထောက်အထား ရယူနိုင်တဲ့အချိန်မှာ အဲဒီမတရားမှုတွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ ပြည်သူလူထုသိအောင် ဖော်ထုတ်တင်ပြပေးပြီး အမှန်တရားဘက်၊ တရားဥပဒေ စိုးမိုးမှုဘက်က ရပ်တည်ပေးကြရပါတယ်။ အဲဒီလို စုံစမ်းဖော်ထုတ်မှုမျိုးတွေ လုပ်ဆောင်ရတဲ့ အချိန်မှာ သတင်းသမားတွေအဖို့ အသက်အန္တရာယ်အထိ တွေ့ကြုံရနိုင်ပေမယ့် တာဝန်ရှိမှုအရ စွန့်စားလုပ်ဆောင်ရတာတွေလည်း ရှိတတ်တဲ့အတွက် ခုလို သတင်းထောက်တွေရဲ့ သတင်းဆောင်းပါး ရေးသားတင်ပြတာတွေကိုပါ ပူလစ်ဇာဆုမှာ ထည့်သွင်းပေးတဲ့အတွက် တကယ် တာဝန်သိသိနဲ့ အမှန်တရားကို ဖော်ထုတ်ပေးနေကြတဲ့ သတင်းသမားတွေအတွက် ၀မ်းသာဂုဏ်ယူစရာတခုလည်း ဖြစ်တယ်လို့ ဆိုရပါမယ်။ ခု ၂၀၁၆ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကို ရရှိစေခဲ့တဲ့ “ကျေးကျွန်တွေဆီက ပင်လယ်စာ” ဆိုတဲ့ သတင်းဆောင်းပါးစဉ်ကို အေပီ သတင်းထောက်တွေဖြစ်တဲ့ မာဂျီမေဆန်၊ ရော်ဘင်မက်ဒေါဝဲလ်၊ မာသာမင်ဒိုဇာနဲ့ အက်စ်တာထုဆန်တို့ ပူးတွဲရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၅ ခုနှစ် မတ်လကနေ ဒီဇင်ဘာလအထိ ငါးဖမ်းလုပ်ငန်းတွေမှာ ရှိနေတဲ့

ရက်စက်ယုတ်မာမှုတွေကို သတင်းရယူ စုံစမ်းစစ်ဆေးပြီး သတင်းဆောာင်းပါး အပိုင်း ၉ ပိုင်းခွဲပြီး ကမ္ဘာကို တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပူလစ်ဇာဆုဟာ အမေရိကန်ပြည်ထောင်စုက သတင်းစာ၊ အွန်လိုင်းစာနယ်ဇင်း၊ စာပေနဲ့ တေးဂီတရေးဖွဲ့မှုတွေမှာ ထူးချွန်အောင်မြင်တဲ့ စွမ်းဆောင်မှုတွေအတွက် ပေးအပ်တဲ့ ဆုတခုဖြစ်ပြီး သတင်းစာထုတ်ဝေသူတယောက်အဖြစ် ငွေကြေးချမ်းသာခဲ့တဲ့ နော်ဝေးနိုင်ငံဖွား အမေရိကန်နိုင်ငံသား ဂျိုးဇက် ပူလစ်ဇာက ၁၉၁၇ ခုနှစ်မှာ သူ့ရဲ့သေတမ်းစာမှာ သတင်းစာသင်တန်းကျောင်း တကျောင်းနဲ့ ဆုတခုပေးအပ်ဖို့ သူပိုင်ဆိုင်တဲ့ ငွေ အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ ကို အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်ကို စီမံကြီးကြပ်ဖို့ ပေးအပ်ခဲ့ရာက စတင်ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူက သတင်းစာနဲ့ ပတ်သက်တဲ့ ဆု ၄ ဆု၊ စာပေ ယဉ်ကျေးမှုနဲ့ ပြဇာတ်တွေအတွက် ၄ ခု၊ ပညာရေးနဲ့ပတ်သက်တဲ့ ဆုတခုနဲ့ ခရီးသွား ပညာတော်သင်ဆု ၄ ခုရယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့နောက်မှာ ပထမဆုံး ပူလစ်ဇာဆုတွေကို ၁၉၁၇ ခု ဇွန်လ ၄ ရက်နေ့မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီဆုတွေကို ဧပြီလမှာ ကြေညာပေးပါတယ်။ နှစ်စဉ် ပူလစ်ဇာဆု ဘုတ်အဖွဲ့က ဒိုင်လူကြီး ၁၀၂ ယောက်ကို ရွေးချယ်ပြီး ဆုအမျိုးအစား ၂၁ မျိုးအတွက် သီးခြား ဂျူရီအဖွဲ့ပေါင်း ၂၀ မှာ ခွဲပြီး တာဝန်ပေးအပ်တာ ဖြစ်ပါတယ်။ ဂျူရီအဖွဲ့တခုကတော့ ဓာတ်ပုံဆုအတွက် ဖြစ်ပါတယ်။ ဂျူရီအဖွဲ့ အများစုမှာ အဖွဲ့ဝင် ၅ ယောက်စီ ပါဝင်လေ့ရှိပြီး လူထုဝန်ဆောင်မှု၊ စုံစမ်းစစ်ဆေး သတင်းရေးသားမှု၊ အထူးပြု အနုစိတ် သတင်းရေးသားမှု၊ အသားပေး ရေးသားတင်ပြမှုနဲ့ ဝေဖန်ရေးကဏ္ဍတွေအတွက်ကတော့ အဖွဲ့ဝင် ၇ ယောက်စီ ပါဝင်လေ့ရှိပါတယ်။ ဆုအမျိုးအစား တခုစီအတွက် ဂျူရီအဖွဲ့တဖွဲ့က ၃ ယောက် အမည်စာရင်း တင်သွင်းပေးရပါတယ်။ အဲဒီသူတွေကို ဆုရွေးချယ်ရေး ဘုတ်အဖွဲ့က ၇၅ ရာခိုင်နှုန်း လူများစုမဲနဲ့ ဆုရရှိသူကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့က အမည်စာရင်း တင်သွင်းခံရသူတွေကို ဖယ်ပြီး အသစ် စာရင်းတင်သွင်းတာမျိုး လုပ်ခွင့်ရှိသလို ဆုမပေးတာမျိုးကိုလည်း လုပ်ဆောင်ခွင့် ရှိပါတယ်။ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ဟာ သူတို့ရဲ့အလုပ်အတွက် ငွေကြေးတစုံတရာ မရကြပါဘူး။ စာပေ ယဉ်ကျေးမှုနဲ့ ပြဇာတ်၊ တေးဂီတဆုတွေ ရွေးချယ်ပေးတဲ့ ဒိုင်အဖွဲ့ဝင်တွေကို ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် တနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ စီနဲ့ ဥက္ကဋ္ဌတွေကတော့ ဒေါ်လာ ၂၅၀၀ ရရှိကြပါတယ်။

ပူလစ်ဇာဆုရှင်တယောက်ကို အသိအမှတ်ပြုလက်မှတ်တခုနဲ့ အမေရိကန်ဒေါ်လာ ၁၀၀၀၀ စီ ချီးမြှင့်တာဖြစ်ပြီး စာနယ်ဇင်း လူထုဝန်ဆောင်မှု ကဏ္ဍအတွက်ကတော့ ရွှေတံဆိပ်တခုလည်း ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲကတော့ အက်စ်တာထုဆန်ဟာ ပထမဆုံး အမျိုးသမီး ပူလစ်ဇာဆုရှင် ဖြစ်လာခဲ့ပြီဖြစ်သလို သူ့ရဲ့မျိုးနွယ် ကချင်တိုင်းရင်သားတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်စရာ သတင်းထောက်တယောက် ဖြစ်လာခဲ့ပါပြီ။

အက်စ်တာထုဆန်နဲ့ သူ့လုပ်ဖော်ကိုင်ဘက် ၃ ယောက် သတင်းရယူ စုံစမ်းမေးမြန်း ဖော်ထုတ်တင်ပြခဲ့တဲ့ ဖြစ်ရပ်မျိုးတွေလို မတော်မတရားမှုတွေ ကျနော်တို့နိုင်ငံမှာ အများကြီး ရှိနေလိမ့်မယ်ဆိုတာလည်း အသေအချာ ဖြစ်တဲ့အတွက် အဲဒီလို နေရာမျိုးတွေကို တာဝန်သိတဲ့ သတင်းသမားတွေက ၀င်ရောက်သတင်းရယူတာမျိုးတွေ လုပ်ဆောင်ရဲကြဖို့နဲ့ သတင်းရယူ စုံစမ်းမေးမြန်းပြီး တင်ပြနိုင်ဖို့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်တွေကိုလည်း အပြည့်အ၀ ရရှိဖို့ လိုအပ်မှာ ဖြစ်တဲ့အကြောင်း။       ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013