DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခစခန်း မိုးသီးကြွေကျမှုကြောင့် ပျက်စီး
DVB
·
April 25, 2016
ကချင်ဒုက္ခစခန်း မိုးသီးကြွေကျမှုကြောင့် ပျက်စီး
1 / 5
Donate to DVB

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ကချင်ဒုက္ခသည်စခန်း ၂ ခုမှာ ဧပြီ ၂၂ ရက်ညနေ ၆ နာရီကျော်က လေပြင်းတွေတိုက်ခတ် မိုးသီးတွေကြွေကျတဲ့အတွက် နေအိမ်တွေ အဆောက်အဦတွေ ပျက်စီးသွားပြီး ဒုက္ခသည် ကလေးငယ်တွေ နေစရာအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။

မန်စီမြို့နယ်အတွင်းက ဘွမ်စစ်ပါဒုက္ခသည်စခန်းမှာ အလယ်တန်းကျောင်းသူကျောင်းသားတွေ နေထိုင်တဲ့ ဘော်ဒါဆောင်တွေ၊ ကျောင်းဆောင်တွေအပြင် အိမ်ခြေ ၄၀နီးပါးလုံးဝပျက်စီးသွားသလို မီးဖိုဆောင် ၁၅ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Wunpawng Ninghtoi - WPN အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေရီတွမ်က ပြောပါတယ်။

“အထူးသဖြင့် ကလေးတွေနေတဲ့အဆောင်၊ ယောက်ျားလေးဆောင်၊ မိန်းကလေးဆောင်၊ ကလေးတွေ စာကျက်တဲ့ အဆောင်အကုန်လုံး ပျက်သွားတယ်။ မိန်းကလေးအဆောင်ဆိုရင် လုံးဝ ပြားပြားဝပ်ပေါ့။ ဒီမှာသိတဲ့အတိုင်း ၀ါးတွေနဲ့ပဲလုပ်ထားပေးတာဆိုတော့ လေကတော်တော်ပြင်းတဲ့အခါကျတော့ ပျက်ကုန်တယ်။ နောက် အိုင်ဒီပီတွေနေတဲ့ အိမ်ထောင် ၃၈ အိမ်တွေလည်း အမိုးတွေအကုန်လွှင့်ကုန်တယ်။ စခန်းမှာကတော့ မီးဖိုချောင်ကိုအတွဲလိုက် လုပ်ထားပေးတယ်။ ၁၅ အိမ်ထောင်ရဲ့မီးဖိုဆောင်အတွဲလိုက် ပျက်စီးသွားတယ်။ နောက် ဆရာမတွေရဲ့ အိမ်တွေ အမိုးတွေအကုန်လွှင့်ပြီး ပျက်ကုန်တယ်။ ”

ဒါ့အပြင် စခန်းတွင်းမှာရှိတဲ့ အလယ်တန်းကျောင်းလည်း အမိုးအကာတွေလည်းလွှင့်ကုန်တယ်လို့လည်း ပြောပါတယ်။

အဆိုပါ ဒုက္ခသည်စခန်းရှိ အဆောင်တွေမှာ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေး ၁၀၀ ကျော်ခိုလှုံနေ ထိုင်ကြပြီး အဆောင်တွေပျက်စီးတဲ့အတွက် ဘုရားကျောင်းဆောင်တွေမှာ ယာယီနေရာချထား ပေးရတယ်လို့လည်း ဒေါ်မေရီတွမ်က ပြောပါတယ်။

မန်စီမြို့နယ်တွင်းမှာပဲ လနဇွပ်ဂျာဆိုတဲ့ ဒုက္ခသည်စခန်းမှာလည်း အဲဒီနေ့က ဖြစ်တဲ့လေပြင်းကြောင့် ကျောင်းဆောင်တွေနဲ့ နေအိမ်တချို့ အနည်းအကျဉ်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့တုန်းကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ဆဒုံးမြို့နယ်အတွင်းက စစ်ဘေးရှောင် အိုင်ဒီပီဒုက္ခသည်စခန်း ၃ ခုက လူနေအိမ်တဲ ၅၀၀ ထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။
(ဓာတ်ပုံ - Wunpawng Ninghtoi - WPN)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013