DVB Logo
Home
Lead Story
ရေခဲတိမ်တောင်ထုသတင်း ပျံ့နှံ့ပြီး ပြည်သူများ ထိတ်လန့်နေမှု မိုးဇလရှင်းလင်း
DVB
·
April 24, 2016
ရေခဲတိမ်တောင်ထုသတင်း ပျံ့နှံ့ပြီး ပြည်သူများ ထိတ်လန့်နေမှု မိုးဇလရှင်းလင်း
Donate to DVB

အင်တာနက်အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရေခဲတိမ်ထောင်ထုဖြစ်ပေါ်နေတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ အခုရက်ပိုင်းအတွင်း ပြည်နယ်တိုင်း ၅ ခုမှာ မိုးသီးကြွေပြီး လေပြင်းတိုက်မယ့် ဖြစ်စဉ်တွေကို ပိုပြီး သတိထားဖို့လိုတယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

လေပြင်းတိုက်ပြီး မိုးသီးမုန်တိုင်း ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီနေ့ မန္တလေးမြို့မှာ ဈေးသည်တွေနဲ့ မြို့ခံတချို့တို့ စိုးရိမ်စိတ်နဲ့ ထိတ်လန့်တကြား ဖြစ်နေလို့ မိုးလေ၀သဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလို ပြောလိုက်တာပါ။

ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ ချင်း စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ လေပြင်းတိုက်ပြီး မိုးသီးကြွေမယ့် အနေအထားကို ပိုပြီး သတိကြဖို့လည်း သူက ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ တိမ်တိုက်ဟာ နောက် ၂ ရက်၊ ၃ ရက်လောက်ဆို လွင့်ပါးပျောက်ကွယ်သွားနိုင်တယ်လို့လည်း ပြောပါတယ်။ ဦးကျော်မိုးဦးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်မိုးဦးတို့လည်း တွေ့မှာပေါ့။ အွန်လိုင်းမှာလည်း တင်တဲ့သူကတင်တော့ လူတွေက ရုတ်ရုတ်သဲသဲနဲ့ လန့်တဲ့သူတွေကလည်း လန့်နေတယ်။ အဲ့လိုတွေ ဖြစ်နေတော့ ဦးကျော်မိုးဦးတို့ အခြေအနေမှန်လေး နည်းနည်းလောက် ပြောပြပေးပါ။

“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသပေါ့နော်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ အနောက်ဘက်ပိုင်းမှာလည်း လေမုန်တိုင်းတွေနဲ့အတူ မိုးတိမ်တောင် မြန်မာနိုင်ငံကနေ ဖြတ်နေပါတယ်။ ဒီမိုးတိမ်တောင်တွေက မြန်မာနိုင်ငံမှာလည်း ထစ်ချုန်းမိုးရွာနိုင်တဲ့ အနေအထားလေးလည်း ရှိပါတယ်။ ခုပြောနေသလိုပေါ့ မိုင် ၆၀၀ ကျော်လို ရဲရဲတောက် အနေအထားမျိုးတော့ မဟုတ်ပါဘူး။ မိုးတိမ်တောင်ရဲ့ သဘောသဘာဝအလျောက် မိုး တိမ်တောင်ရဲ့ အောက်ခြေပိုင်းတွေကတော့ ရေပြင်မြေပြင်တွေနဲ့ ဖွဲ့စည်းထားပြီးတော့မှ မိုးတိမ်တောင်ဖြစ်ပွားချိန်ကတော့ ရေတွေခဲနေတဲ့ အနေအထားတွေပေါ့။ ရေခဲတာတွေ များလာပြီဆိုရင်တော့ မိုးအဖြစ်ရွာချတဲ့ အနေအထားလေးတွေ ဖြစ်မယ်ပေါ့။ မိုးအဖြစ် ရွာချတဲ့အချိန်မှာ လေထုထဲမှာ ပွတ်တိုက်ပြီးတော့မှ တချို့ကလည်း မိုးအနေနဲ့ ရွာတယ်ပေါ့။ တခါတလေကျရင်လည်း မိုးသီးတွေအနေနဲ့ ကြွေကျနိုင်တဲ့အနေအထား လေးရှိတယ်ပေါ့။ တိမ်တိုက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရယ်၊ ရှမ်းပြည်နယ်ရယ် …..မှာတော့ တိမ်ထူထပ်နေတဲ့ အနေအထားလေးတွေ တွေ့ရတယ်။”

ကျနော်တို့ မနေ့တနေ့ နှစ်ရက်ဆက်တိုက်ပေါ့နော် ဖြစ်သွားတဲ့ လေးပြင်းတိုက် တာ၊ နောက်တခါ မိုးသီးတွေ မုန်တိုင်းလိုရွာချတာ၊ မိုးပြေးရွာတာပေါ့နော်။ မိုးသည်းထန်စွာ ရုတ်တရက်ရွာတာ။ အဲ့တာတွေကအခု ဒီနေ့ဆိုရင် ဒီနေ့ညနေပိုင်းဆိုရင် ဘယ်ဒေသတွေက အဖြစ်နိုင်ဆုံးလဲဗျ။

“မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ဒီဒေသတွေမှာတော့ ဒီလိုမျိုး အစပိုင်းတော့ မိုးသီးကြွေ၊ ပြီးတော့မှ လေးပြင်းတိုက်တယ်။ သစ်ပင်တွေဘက်ကို ပိုပြီးသတိထားရမယ့် အနေအထားရှိပါမယ်။”

ဒီမိုးတိမ်တောင်ကြောင့်ဖြစ်တဲ့ မိုးသီးရွာပြီး ရုတ်ရက်လေပြင်းတိုက်တာ၊ မိုးသီး မုန်တိုင်းကျတာ ဘယ်နေ့လောက်အထိ ဖြစ်နိုင်လဲခင်ဗျ။

“အခုရှိနေတဲ့ တိမ်တိုက်ကတော့ နောက်နှစ်ရက်သုံးရက်လောက်ဆိုရင် ပြီးသွားပြီပေါ့။”

မနေ့ကလည်း မန္တလေးမှာ ၀ုန်းဝုန်းဆိုဖြစ်သွားတော့ လူတွေကလန့်သွားပုံရတယ်။ ဒီနေ့ဆိုရင် မန္တလေးမှာ ၁ နာရီ လောက်ကတည်းက ဈေးသည်တွေသိမ်းပြီး၊ မိုးသီးမုန်တိုင်းကျမယ် ဘာမယ် ပြေးကြ လွှားကြဖြစ်တယ်။ နောက်တခါ အွန်လိုင်းပေါ်မှာလည်း ဆရာတို့သိတဲ့အတိုင်း လန့်နေကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဆရာတို့သတင်းအမှန်လေး တခုခုပေါ့နော်။ ဆရာတို့ ပုံမှန်ထုတ်ပြန်ချက်ကတော့ ပုံမှန်အတိုင်းဖြစ်နေတော့ လူတွေစိတ်ထဲ တမျိုးဖြစ်မယ်။ ဆရာတို့ သီးခြားထပ်ပြီး ထုတ်ဖို့ရှိမလား။

“ဆရာက မိုးလေ၀သမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေ၀သ ဖြစ်စဉ်အကြောင်းကို ပထမတုန်းကတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ဖို့အတွက်ကို ကျနော်တို့ တော်တော်လေးကို စဉ်းစားတယ်ပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက။ ဒါပေမယ့် ပြည်သူတွေ ပိုပြီးတော့ အထိတ်တလန့် ဖြစ်မှာစိုးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ နေ့စဉ်ထုတ်နေတဲ့ သတင်းထဲမှာ၊ ဒီအခြေအနေလေးတွေကို ကျနော်တို့က မိုးရွာနိုင်တဲ့ အနေအထားလေးတွေ ထုတ်ပြန်ပြီးတော့မှ၊ ပြီးတော့မှ ဆရာတို့လို မီဒီယာတွေကနေ တဆင့်၊ နောက် အက်ဖ်အမ်တွေကနေတဆင့်၊ နောက်ရေဒီယိုတွေကနေတဆင့် အသိ ပညာပေးတဲ့ ဥစ္စာလေးတွေ ဆောင်ရွက်ပေးနေပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013