DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ငါးပိ ၈၀ ရာခိုင်နှုန်း ဆိုးဆေးတွေ့၊ စားသုံးရန်မသင့်ဟုဆို
DVB
·
April 24, 2016
ဧရာဝတီတိုင်းက ငါးပိ ၈၀ ရာခိုင်နှုန်း ဆိုးဆေးတွေ့၊ စားသုံးရန်မသင့်ဟုဆို
Donate to DVB

ဧရာဝတီတိုင်းက ငါးပိတွေမှာ ပန်းရောင်ဆိုးဆေးတွေ ၈၀ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ စားသုံးရန်မသင့်ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

ဆိုးဆေးတွေအပြင် ယင်မနားဆေးတွေ ပါဝင်တာကို မြန်မာ့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ) က စစ်ဆေးတွေ့ ရှိထားတာကြောင့် စားသုံးရန် မသင့်ဘူးလို့ ဆိုပါတယ်

“အက်ဖ်ဒီအေ ကနေတွေ့ထားတာ။ တွေ့ထားတယ်ဆိုတော့ ပြောမယ်ဆိုရင် ဓာတ်ခွဲခန်း စစ်စရာတောင်မလိုတော့ဘူး။ ဆင်ကောင်ကြီးတွေ့သွားပြီဆိုတော့ ဆင်ခြေရာရှာဖို့ မလိုတော့ဘူး။ ဧရာဝတီတိုင်းကထွက်တဲ့ ငါးပိတွေ ၈၀ ရာခိုင်နှုန်းလောက်က ဆိုးဆေး တွေပါတယ်။ ပန်းရောင်ဆိုးဆေးတွေ သုံးတယ်။ နောက်တခုက အဲ့ဒီငါးပိကိုစပြီးတော့ နေလှန်းကတည်းကိုက ယင်မနား အောင်၊ လောက်မတက်အောင်ပေါ့။ ဒီယင်သတ်ဆေးပေါ့။ သူတို့အခေါ်တော့ ယင်မနားဆေးလို့လည်းခေါ်တယ်။ ၉၀ ရာခိုင်နှုန်း အဲ့ဒါတွေသုံးတာ။ အဲ့တော့ ဒါတွေက တော်တော်အန္တရာယ်များတယ်။ ဘယ်လိုမှ စားသုံးလို့မသင့်ဘူး။ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေတယ်။”

အက်ဖ်ဒီအေကတော့ ဧပြီ ၁ ရက်နေ့ကနေ စတင်အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဦးဗအုပ်ခိုင်က ပြောပါတယ်။

“လူတယောက်တယောက်မှာ ပိဿာချိန်ငါးသိန်းလောက်ကို မိနေတာ၊ ဒီငါးပိ လုပ်တဲ့သူတွေ ဧရာဝတီတိုင်းမှာ။ ပြောမယ်ဆိုရင်တော့ ဧရာဝတီတိုင်းကလာတဲ့ ငါးပိတွေကို ဘာမှမစားတာ ကောင်းတယ်။ သူတို့က သိသိကြီးနဲ့လုပ်နေတာ။ ပြောမယ်ဆိုရင် ပညာပေးစရာကို မလိုဘူး။ ဒါတွေက အရေးယူ၊ အပြစ်ပေး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေပေါ့နော်။ ဥပမာ ထောင်ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ချရမယ့် သဘောမှာတောင်ရှိတယ်။ အဲ့လိုလုပ်သင့်တာ အမှန်ကတော့။ အခုကတော့ ဧပြီလ ၁ ရက်နေ့ကစပြီး အက်ဖ်ဒီအေက အရေးယူမယ်လို့တော့ ပြောတယ်။ အရေးယူမယ်ဆိုတာ သူတို့ သိမ်းဆည်းမယ်ပေါ့။ ဖျက်ဆီးမယ်ပေါ့။ ဒါပေမယ့် ဆရာတို့က လူကိုတရားစွဲ၊ ထောင်ချဖို့ လိုအပ်တယ်။ သူတို့က စားသုံးသူကို ထိခိုက်မယ်ဆိုတာ သိသိကြီးနဲ့ ရောင်းပန်းလှဖို့အတွက်၊ ၀ယ်ယူသူစားသုံးသူကို ဆွဲဆောင်ဖို့အတွက် ဒီပန်းရောင်ငါးပိတွေကို သုံးတာ။ ဒါခွင့်လွှတ်နိုင်စရာတော့ လုံးဝအကြောင်းမရှိဘူးပေါ့။”

ဥပဒေအရ အရေးယူအပြစ်ပေးတာတွေကို ထိရောက်အောင်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။ စားသုံးဖို့မသင့်တဲ့ အစားအစာတွေကို အက်ဖ်ဒီအေ အနေနဲ့ ပစ္စည်းသိမ်းယူတာတွေ သတင်းစာတွေမှာ စားသုံးဖို့မသင့်တာတွေကို ဖော်ပြထားတာတွေရှိပေမယ့် တစ်ချို့စားသောက်ကုန်တွေက ဈေးကွက်အတွင်း ပြန်လည်ရောင်းချတာတွေရှိနေပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

သတင်း - သူသူအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013