DVB Logo
Home
Lead Story
ဦးရွှေမန်းအပါဝင် သူနှင့်နီးစပ်သူများ ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံရမှုအပေါ် မေးမြန်းချက်
DVB
·
April 24, 2016
ဦးရွှေမန်းအပါဝင် သူနှင့်နီးစပ်သူများ ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံရမှုအပေါ် မေးမြန်းချက်
Donate to DVB

သူရဦးရွှေမန်းအပါအ၀င် သူနဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအားလုံးကို ပါတီက ထုတ်ပယ်လိုက်တယ်လို့ သိရပေမယ့် ခုချိန်ထိ ပါတီက ထုတ်ပယ်ကြောင်း အကြောင်းကြားစာ ပေးပို့ခြင်း မရှိသေးဘူးလို့ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဦးက ပြောပါတယ်။

ဧပြီ ၂၃ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ သူရဦးရွှေမန်း အပါအ၀င် ပါတီဝင် ၁၇ ဦးကို ပါတီက ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဦးတင်မောင်ဦးက ခုလို ပြောတာပါ။

တခါ အခုလက်ရှိ ဖွဲ့စည်းထားတဲ့ ဦးရွှေမန်းခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအားလုံးကို ထုတ်ပစ်တာလို့လည်း ပြောနိုင်ကြောင်း ဦးတင်မောင်ဦးက သုံးသပ်ပြောပါတယ်။

ဦးတင်မောင်ဦး တို့ကို ပါတီက ထုတ်ပယ်လိုက်တယ် ကြားလို့ပါ။

“ကျနော်ကတော့ တရားဝင် မသိသေးဘူးခင်ဗျ/ ဒါပေမယ့် ကျနော်တို့က မျှော်လင့်ထားပြီးသားပါ၊ ကျနော်တို့က ထွက်လို့ မသင့်ဘူးပေါ။ အဲ့ဒီတော့ သူတို့ ပြောတဲ့အတိုင်း လုပ်ပေးမှာပါ။ သူတို့က ထွက်ဆိုတော့လည်း ထွက်ပေးရမှာပေါ့။ ရိုးရိုးသားသားပြောရင် လူတယောက်က မိမိနိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် တယောက်တည်းလုပ်လို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့က ပါတီတခုမှာဝင်ပြီးတော့ ပါတီနိုင်ငံရေးလုပ်ခြင်း ဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်းနဲ့လုပ်တော့ ပိုပြီးတော့ အောင်မြင်မယ်လို့ ယူဆရတာပေါ့လေ။ ဒါပေမယ့် အမှန်တကယ်လုပ်ချင်တာက အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ ပါတီအနေနဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ မိခင်ပါတီအနေနဲ့ နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို သတင်းကြားတော့ ကျနော်တို့ကတော့ လုပ်ခွင့်ရနေတဲ့ အမျိုးသားနိုင်ငံရေးကိစ္စကို အခု ကော်မရှင်မှာ လုပ်ခွင့်ရနေတော့ ဆက်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ စိတ်ထဲမှာ ဘာမှ ခံစားမှု မရှိပါဘူး။”

ကျနော်တို့ ကြားတာက ဦးရွှေမန်းရဲ့ လေ့လာသုံးသပ်ရေးကော်မရှင်ထဲမှာပါတဲ့ အဖွဲ့ဝင် ပြည်ခိုင်ဖြိုးပါတီဝင်အားလုံးကို ထုတ်ပစ်တာလို့လည်း ကြားတယ်၊ အဲ့ဒါရော ဟုတ်ပါသလား။

“အဲ့ဒီလိုလည်း ကြားတယ်ခင်ဗျ။ နောက် အပြင်ကလူဆိုရင် ဦးခင်ရွှေနဲ့ ဦးအောင်သိန်းလင်းတို့လည်း ပါတယ်လို့ ကြားပါတယ်။ သူတို့ တရားဝင်တော့ မကြေညာဘူး၊ တဦးချင်းစီကို စာပို့မယ်လို့တော့ ကြားပါတယ်။”

ပါတီရဲ့ လုပ်ထုံးလုပ်နည်းစးည်ကမ်းတွေအရဆို ဘယ်လို လုပ်ရမလဲ။

“အမှန်တကယ်ဆိုရင်တော့ ပါတီက အရေးပေါ်ဗဟိုကော်မတီစည်းဝေးခေါ်ပြီးတော့ ဆန္ဒယူပြီးလုပ်ရမယ်လို့ ကျနော်တော့ နားလည်ပါတယ်။”

သမ္မတဟောင်း ဦးသိန်းစိန်ဟာ ပါတီဥက္ကဋ္ဌ တာဝန်တွေ ပြန်လည်ထမ်းဆောင်နေပြီဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် အခုလို ပါတီက ထုတ်ပယ်တယ်ဆိုတဲ့ သတင်းထွက်လာတော့ သူတို့ စည်းဝေးခေါ်ပြီးတော့ လုပ်လိုက်တာရော မဖြစ်နိုင်ဘူးလား။

“ပါတီအစည်းအဝေးခေါ်ရင် ကျနော်တို့လည်း ပါမှာလေ။ ကျနော်တို့ တော်တော်များများက ပါတီဗဟိုကော်မတီဝင်တွေ ဖြစ်ပါတယ်။ ကော်မရှင်ထဲမှာရှိတဲ့ ဗဟိုကော်မတီဝင်က ကျနော်၊ ဦးဝင်းသန်း၊ ဦးစောလှထွန်း၊ ဦးအေးမောက်၊ ဦးကြည်သာ၊ ဦးသိန်းလွင်၊ ဦးစိုးမြင့်၊ ဦးမောင်တိုး အားလုံးနီးပါးက ဗဟိုကော်မတီဝင်တွေဖြစ်တော့ အစည်းအဝေးခေါ်ရင် ကျနော်တို့လည်း သိမှာပါ။ ဒါပေမယ့် ကျနော်တို့ ကြည်ကြည်ဖြူဖြူလက်ခံပါတယ်။ ကြည်ကြည်ဖြူဖြူ လက်ခံရခြင်း အကြောင်းရင်းက ကျနော်တို့ကိုယ်တိုင် လုပ်ချင်တာက နိုင်ငံတော် နိုင်ငံသား တိုးတက်ရေးအတွက် လုပ်ဖို့ စိတ်ဆန္ဒရှိတဲ့အခါကျတော့ ကျနော်တို့က ဘယ်နေရာက လုပ်ရလုပ်ရပါ။”

ဦးတင်မောင်ဦးတို့ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမတိုင်ခင်က ပါတီခေါင်းဆောင် အပြောင်းအလဲနဲ့ကွဲပြီး ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် ရှုံးခဲ့တယ်၊ အခုတခါ ပါတီက ဗဟိုကော်မတီဝင်တွေ ထုပ်ထုတ်တယ်ဆိုတော့ ပါတီအင်အား လျော့နည်း မသွားနိုင်ဘူးလား၊ ဘယ်လိုမြင်လဲ။

“ဒါကတော့ နှစ်ဘက်အမြင်ပေါ့နော်၊ ဟိုဘက်ကတော့ သူတို့ကောင်းမယ်ထင်လို့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် သူတို့ မှန်မယ်လို့ ထင်ပါတယ်။ ကျနော့်ဘက်ကအမြင်ကတော့ ပါတီတခု တကယ်အောင်မြင်ဖို့ဆိုရင်တော့ သွားနေတာက ဒီမိုကရေစီလေ၊ ဒီမိုကရေစီပုံစံချပြီးလို့ရှိရင် ဖက်ဒရယ်လစ်ဇင် သွားမှာကိုး၊ ကျနော်တို့က ဒီလမ်းကြောင်းပေးလိုက်ပြီး ကူညီတာ ဖြစ်ပါတယ်။ ၁၇ ယောက်ကို လေ့လာကြည့်ရင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ကို အပြုသဘောနဲ့ ထောက်ပြဝေဖန်ခဲ့တဲ့ သူတွေများတာကို ကျနော် သွားတွေ့ပါတယ်။”

တပိုင်းက ဦးရွှေမန်းနဲ့ နီးစပ်တဲ့သူတွေအားလုံးကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ ပြောရင် ပြောလို့ရမလား။

“ရပါတယ်၊ အဲ့ဒီ နီးစပ်တယ်ဆိုတဲ့သူ အားလုံးကလည်း ခုနင်က ကျနော်ပြောသလို အမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ် ရောက်နေတဲ့သူတွေ များပါတယ်။ ဒါကြောင့် ဘယ်အစိုးရ ဘယ်ပါတီတက်တက် နိုင်ငံတော်အတွက် ၀ိုင်းဝန်းကူညီမယ်ဆိုတဲ့ စိတ်ဆန္ဒ ရှိတဲ့သူတွေ များပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013