DVB Logo
Home
မြန်မာသတင်း
ကိုယ်အားသန်ရာ လုပ်ကြရန် ၈၈ အဖွဲ့က နုတ်ထွက်ကြခြင်းဖြစ်ဟု ဦးမြအေးပြော
DVB
·
April 23, 2016
ကိုယ်အားသန်ရာ လုပ်ကြရန် ၈၈ အဖွဲ့က နုတ်ထွက်ကြခြင်းဖြစ်ဟု ဦးမြအေးပြော
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်အချို့နဲ့ အဖွဲ့ဝင်အချို့ နုတ်ထွက်တာဟာ တခြားအဖွဲ့ ထူထောင်ဖို့မဟုတ်ဘဲ သူတို့အားသန်ရာ အရေးကိစ္စတွေမှာ သွားရောက်လုပ်ကိုင်ကြတာဖြစ်ကြောင်း ၈၈ အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း အလုပ်တာဝန်ကရပ်နားကြောင်း ၈၈ ငြိမ်းပွင့်မှာစာတင်ထားသူ ၈၈ ဦးထွန်းမြင့်အောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့  သူ့အနေနဲ့ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပြီး အလုပ်သမား၊ လယ်သမား အပါအဝင် အခြားမျိုးဆက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ချင်တာကြောင့် တရားဝင် စာတင် ထွက်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့က ဦးထွန်းမြင့်အောင်က တတိယမြောက်နုတ်ထွက်သွားတာဖြစ်ပြီး အရင်က ဦးမင်းဇေယျ၊ ဦးစိုးထွန်းတို့ကလည်း အခြားကဏ္ဍတွေမှာ သွားရောက်လုပ်ကိုင်နေကြပြီး ဖြစ်ပါတယ်။

၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့ထဲကနေ ခေါင်းဆောင်အချို့နဲ့ အဖွဲ့ဝင်အချို့ နုတ်ထွက်တဲ့အပေါ် နိုင်ငံရေးအရ အဖွဲ့ခွဲထွက်တာ မဟုတ်ဘူးလို့ ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ငြင်းဆိုလိုက်ပါတယ်။

“ကျနော်တို့က ၈၈ ဆိုတာ အားလုံးသိထားတဲ့အတိုင်းပဲ။ မတူညီမှုတွေ အကုန်လုံးကို စုထားတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲ့ထဲမှာမှ အနုပညာဝါသနာပါတဲ့ သူတွေကလည်း အနုပညာသွားကြလိမ့်မယ်။ နောင်ကာလမှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ သွားချင်တဲ့သူတွေလည်း သွားကြလိမ့်မယ်။ အဲ့ဒီလိုပဲ အမျိုးမျိုးရှိကြတယ်။ အဲ့တော့ အခုအချိန်မှာ ၈၈ ကနေခွဲထွက်ပြီး တခြားအဖွဲ့တခုကို ထူထောင်မယ်တို့ ဘာတို့ ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ ကျနော်က တိတိလင်းလင်းပဲပြောပါမယ်။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။”

ဒါပေမယ့် ၈၈ မျိုးဆက်အနေနဲ့ စစ်အစိုးရနှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီရဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဝန်းရံခဲ့တာ၊ ၂၀၁၂ ကြားဖြတ်ကနေ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်အထိ အန်အယ်လ်ဒီကို ဝန်းရံခဲ့တာတွေကို ၈၈ မူဘောင်အရ ပြုလုပ်ခဲ့ပြီးတာကြောင့် အခုချိန်မှာ တဦးတယောက်ချင်းရဲ့ ဆုံးဖြတ်ချက်တွေတော့ ရှိလာလိမ့်မယ်လို့တော့ ဆိုပါတယ်။

“ကျနော်တို့ထဲမှာဆိုရင် ဥပမာအားဖြင့် ပြောမယ်ဆိုရင် တောက်လျှောက်လက်တွဲ လာပြီးတော့မှ ကိုစိုးထွန်းဆိုရင် အန်အယ်လ်ဒီမှာ လုပ်ပြီလေ။ ၈၈ နဲ့ဆိုရင် ၈၈ က ထွက်သွားပြီလို့ ပြောလို့ရတယ်ဗျာ။ ဒီလိုပဲ ကိုထွန်းမြင့်အောင်ဆိုရင်လည်း ထွက်သွား ပြီးတော့မှ အခြေခံအလုပ်သမား၊ လယ်သမား လူတန်းစားတွေရဲ့အလုပ်ကို လုပ်မယ်ဆိုပြီးတော့ သိထားတာရှိကြတယ်ဗျ။ ဒါ တယောက်ချင်း တဦးချင်းရဲ့ ရွေးချယ်မှုပဲ။ ဒီလိုပဲ တချိန်မှာ ကျနော်တို့လည်း ဘယ်လို ရွေးချယ်မလဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးခံယူချက်တွေ၊ နိုင်ငံရေးသဘောထားတွေနဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ အဲ့တော့ အခုအန်အယ်လ်ဒီအစိုးရ ဖွဲ့စည်းနိုင်သွားပြီ။ ကျနော်တို့ ၈၈ မစ်ရှင်ရဲ့ ပထမပိုင်းက ပြီးသွားပြီလို့ ပြောလို့ရတယ်။ ဒုတိယပိုင်း ဆက်သွားမယ့်ကာလတွေမှာ တဦးချင်းတယောက်ချင်းရဲ့ ဆုံဖြတ်ချက်နဲ့၊ တဦးချင်း တယောက်ချင်းရဲ့ အားသန်ရာသန်ရာ ရွေးချယ်မှုတွေ ရှိမယ်ဗျာ။”

အဲ့ဒါအပြင် ၈၈ က လက်ရှိအထိတော့ ပါတီထောင်မယ်ဆိုတာလည်း မဟုတ် သေးကြောင်းနဲ့ အန်အယ်လ်ဒီပါတီကိုပဲ ဝန်းရံထောက်ပံ့ပေးမယ့် အခြေခံမူပေါ်မှာပဲ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013