DVB Logo
Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် အိမ်ရာချီပြိုကျ၊ ထောင်ချီ ပျက်စီးခဲ့ဟု ကယ်ဆယ်ရေးဌာနပြော
DVB
·
April 23, 2016
မိုးသက်လေပြင်းကြောင့်  အိမ်ရာချီပြိုကျ၊ ထောင်ချီ ပျက်စီးခဲ့ဟု ကယ်ဆယ်ရေးဌာနပြော
1 / 7
Donate to DVB

ဧပြီ ၂၂ ရက်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းဒဏ်ကြောင့် ပြည်နယ်တိုင်း ၄ ခုမှာ အိမ်ခြေ ရာနဲ့ချီပြိုကျခဲ့ပြီး ထောင်နဲ့ချီပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက  ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းနဲ့ ချင်း ပြည်နယ်တို့မှာ မနေ့ညနေပိုင်းက တိုက်ခတ်ခဲတဲ့ လေပြင်းနဲ့ မိုးရွာသွန်းတာ မိုးသီးကြွေတာတွေကြောင့် အကြမ်းဖျင်း သိရသလောက် လူသေဆုံးမှုသတင်း မရသေးဘဲ ထိခိုက်ဒဏ်ရာရသူနဲ့ အိမ်ပြိုကျပျက်စီးတဲ့သတင်းတွေပဲ ရသေးတာလို့ သူက  ပြောပါတယ်။

“ရှမ်းပြည်နယ်မှာဆို မိုးမိတ်မှာ အိမ်ခြေ ၂၀၀ လောက်ပြိုသွားတယ်၊ ၂၀၀၀ လောက်က အမိုးအကာပျက်စီး၊ မဘိမ်းမှာဆို အိမ်ခြေ ၁၀၀ လောက်က လုံးဝပြိုသွားတယ်၊ ၁၀၀၀ လောက်က ပျက်စီးတယ်။ ထိခိုက်ဒဏ်ရာရသူ မစိုးရိမ်ရ ၁၄ ဦး ရှိပါတယ်၊ အတွင်းလူနာက ၃ ဦး၊ အနည်းငယ် စိုးရိမ်ရပေါ့။ နမ့်ခမ်းမှာက အိမ် ၄ လုံး အမိုးအကာလန်တာ၊ ဆီဆိုင်မှာက မြေစိုက်အိမ် ၆ လုံး ပြိုကျတယ်။”

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့မှာ အိမ်ခြေ ၁၄၄ လုံး ပြိုကျတယ်၊ ၃၅၁ လုံးက အမိုး အကာပျက်စီးတယ်။ ရေစကြိုမြို့မှာ အိမ်ခြေ ၂၀ ပြိုကျပြီး ၃၀၀ ကျော် ပျက်စီး၊ ရေဦးမြို့မှာ အိမ်ခြေ ၁၁၀၀ ကျော် ပျက်စီး၊ မြင်းမူမှာ အိမ်ခြေ ၂၀၀ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။

မကွေးနဲ့ ချင်းပြည်နယ်တို့က စာရင်းဇယားတွေ မရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီဗွီဘီက သီးခြားစုံစမ်းချက်အရ စစ်ကိုင်းမြို့မှာ လူ ၁ ဦး အိမ်နံရံပြိုကျတာ ပိမိပြီး သေဆုံးခဲ့ပါတယ်။ ကျောက်ဆည်မြို့နယ်မှာက လေပြင်းတိုက်ခိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေသရောက်ကျေးရွာမှ နွားသွင်းပြန်လာသူ ၆ ဦးနဲ့ နွားတွေ တောင်ကျချောင်းရေမှာ မျှောပါသွားခဲ့လို့ သေဆုံးသူ လူ ၄ ဦးနဲ့ နွားသေအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဧပြီ ၂၁ရက်ကနေ ၂၄ရက်အတွင်း ပြည်နယ်တိုင်းအားလုံးလောက်နီးနီးမှာ မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်မှာတော့ နောက် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ  နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တံတားဦးမြို့နယ် အပျက်အစီး မြင်ကွင်းများ (ဓာတ်ပုံ - မျိုးနိုင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013