အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ၁၅ ချက်ပါ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို ပယ်ချလိုက်ပြီး ဟားမတ်စ်အဖွဲ့ အမှန်တကယ် လက်နက်မဖြုတ်သရွေ့ အစ္စရေးတပ်တွေ ဆုတ်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဟားမတ်စ်နဲ့ ဂါဇာက တခြားလက်နက်ကိုင်အဖွဲ့တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းရေး သဘောတူထားတယ်လို့ ထရမ့်ပ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဟားမတ်စ်ဘက်ကတော့ အစ္စရေးက တိုက်ခိုက်မှုအားလုံး ရပ်ပြီး ဂါဇာကနေ တပ်တွေ ဆုတ်ပေးမှ လက်နက်ကြီးတွေ လွှဲပြောင်းမယ်လို့ ဆိုထားပါတယ်။
ဩဂုတ် ၉ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ နေတန်ယာဟုက “အစ္စရေးဟာ ၁၅ ချက်ပါ စာတမ်းကို လက်မခံဘူး” လို့ အတိအလင်း ပြောပါတယ်။
ဟားမတ်စ် အမှန်တကယ် လက်နက်မဖြုတ်သရွေ့ အစ္စရေးတပ်တွေ ဆုတ်မှာမဟုတ်သလို အစ္စရေးတပ်ဖွဲ့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေကိုလည်း ဆက်တားဆီးမယ်လို့ သူက ပြောပါတယ်။
ဟားမတ်စ် တာဝန်ရှိသူတယောက်ကတော့ ငြိမ်းချမ်းရေးလမ်းပြမြေပုံအပေါ် ကတိကဝတ် ရှိနေဆဲဖြစ်ပြီး သဘောတူထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
၁၅ ချက်ပါ အစီအစဉ်မှာ ဟားမတ်စ် လက်နက်ဖြုတ်သိမ်းရေး၊ အစ္စရေးတပ်တွေ ဂါဇာကနေ ဆုတ်ခွာရေးနဲ့ ဂါဇာပြန်လည်တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။
အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ အကြီးတန်း သံတမန် နီကိုလိုင် မလာဒီနော့ဗ် ကတော့ ဒီအစီအစဉ်ဟာ ရှေ့ဆက်သွားဖို့ တခုတည်းသော နည်းလမ်းဖြစ်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာက အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမဲ့ ဂါဇာကို ဆက်တိုက်ခိုက် နေပါတယ်။
ကုလသမဂ္ဂ အဆိုအရ စစ်ပွဲစတင်ကတည်းက ဂါဇာမှာ လူ ၁ ဒသမ ၉ သန်းလောက် နေရပ်စွန့်ခွာခဲ့ရပြီး ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ လူ ၇၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source: Reuters










