DVB Logo
Home
Lead Story
ပါရီစာချုပ်တွင် မြန်မာလက်မှတ်ရေးထိုးမည့်ကိစ္စ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်နှင့် မေးမြန်းချက်
DVB
·
April 22, 2016
ပါရီစာချုပ်တွင် မြန်မာလက်မှတ်ရေးထိုးမည့်ကိစ္စ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး  ဦးကျော်ဆန်းနိုင်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

ဧပြီ ၂၂ ရက် ကမ္ဘာမြေနေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေးဆိုင်ရာ သမိုင်းဝင် ပါရီသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင် လက်မှတ်ရေးထိုးကြဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ထားပါတယ်။

ဒီစာချုပ်ကိုပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ရာသီဥတု ထိပ်သီး ညီလာခံမှာ အတည်ပြုချက်ရခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၂၀ က ပါဝင်လက်မှတ်ရေး ထိုးကြဖို့ရှိနေပါတယ်။

စာချုပ်မှာ မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်ပါ သလဲ။ လက်ရှိ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေမှုတွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး  ဦးကျော်ဆန်းနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ် ပါရီ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ သိရပါတယ်။ ခု ပြည်ထောင်စု ၀န်ကြီးဦးအုန်းဝင်းနဲ့ ဌာနတာဝန်ရှိသူတွေလည်း အမေရိကန်မှာ ရောက်နေတယ်ဆိုတော့ လက်မှတ်ထိုးတဲ့ အခြေအနေ သိချင်ပါတယ်။

“ကျနော်သိသလောက်ကတော့ ကျနော်တို့ဆီက ၀န်ကြီး ဦးအုန်းဝင်း သွားတက်နေပါတယ်။ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့အတွက်တော့ လူကြီးတွေက လမ်းညွှန်လိုက်တယ်လို့ ကျနော်ကြားပါတယ်။”

ဒီစာချုပ်မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူ တွေအတွက် အနည်းဆုံးဘာတွေ အကျိုးကျေးဇူးရှိနိုင်မှာပါလဲ။

“အကျိုးကျေးဇူးတွေကတော့ အများကြီးပေါ့။ အဓိကကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ဟာက ကျနော်တို့ တနိုင်ငံထဲအနေနဲ့ လုပ်လို့ ရတာမဟုတ်ဘူးလေ။ နိုင်ငံတကာက ယခင်ယခင်ဆောင်ရွက်ချက် တွေကြောင့် တကမ္ဘာလုံးအနေအထားနဲ့ ဖြစ်လာတာဆိုတော့ နိုင်ငံတာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ ဖြေရှင်းရမယ့် အနေအထားဆိုတော့ အဲဒါကို အလေးအနက် ထားပြီးတော့ ကျနော်တို့ကလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကို အထူးအလေးထား ဆောင်ရွက်တယ်ဆိုတာပေါ်လွင်တာပေါ့။ လောလောဆယ် ချက်ခြင်းလက်ငင်းကြီးတော့ မြင်သာတဲ့ အကျိုးကျေးဇူးဖြစ်မယ်လို့တော့ မယူဆပါဘူး။ ရေရှည်မှာတော့ ကမ္ဘာ့နိုင်ငံတွေ အားလုံးနဲ့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် သိသာတဲ့ အကျိုးရလဒ်လေး တွေတော့ ခံစားလာရမယ်လို့ မျှော်လင့်ပါတယ်။ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ချက်ခြင်းကြီး လက်ငင်းကြီး မြင်ရတဲ့အကျိုးအမြတ်တော့ ရှိကောင်းရှိချင်မှရှိမယ်၊ ရေရှည်မှာတော့ ဒါ ကျနော်တို့ နိုင်ငံအတွက် အများကြီးအကျိုးရှိနိုင်မယ်လို့ ယူဆပါတယ်။”

စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမယ်ဆိုရင် စက်မှုအင်အားကြီးနိုင်ငံတွေကတော့ ကာဗွန်ဓာတ်ငွေ့ လျော့ထုတ် တာတို့ဘာတို့ တာဝန်ယူကြရတာဆိုတော့ ကျနော်တို့ နိုင်ငံအနေနဲ့ ဘာတွေ တာဝန်ယူလုပ်ဆောင်ဖို့ လိုမလဲ။

“ဆောင်ရွက်ရမယ့်ဟာကတော့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျော့ချဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ညှိနှိုင်းပြီးတော့ ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်အောင် ဆက်ပြီး လုပ်သွားရမှာပါ။ ခုလောလောဆယ်က INDCs (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံအလိုက် ဆုံးဖြတ်ထည့်ဝင်လုပ်ဆောင်မှု) ဆိုပြီးတော့ ကျနော်တို့ တင်လိုက် တယ်။  ပါရီသဘောတူညီချက် မတိုင်ခင်ကပေါ့၊ ဒီသဘောတူညီချက် အတည်ပြုပြီးတဲ့ အခါကျတော့  မဖြစ်မနေလုပ်ရမယ့် အနေအထားလေးဖြစ်သွားတယ်။ အဲဒီအတွက်ကို ဘယ်လို ဆောင်ရွက်မယ်ဆိုပြီး လုပ်ငန်းလမ်းညွန်တွေ ကျတော်တို့ ဆောင်ရွက်နေတာပါ။ ဒါပေမယ့် အဓိက လိုအပ်တဲ့ဟာတော့ လိုအပ်သလောက်သုံးရမှာပေါ့။ သစ်ပင်ကို ခုတ်တယ်ဆိုရင် ပြန်စိုက်တဲ့အပိုင်းကလည်း ပြန်စိုက်ပေါ့။ ရေရှည်စဉ်ဆက်မပြတ်သုံးနိုင်အောင်ပေါ့၊ ကျနော်တို့က သဘာဝပတ်ဝန်းကျင်ဆိုပြီးတော့ မတို့မထိပဲလည်းထားလို့ ကိုယ့်အတွက် အကျိုးမရှိဘူးလေ။ အကျိုးရှိအောင်လည်းသုံးမယ် အကျိုးရှိအောင်လည်း ထိန်းမယ်ဆိုတဲ့ဟာမျိုးဖြစ်အောင် ကျနော်တို့က ဆောင်ရွက်သွားရမှာပါ။”

ကာဗွန်ကုန်သွယ်မှုကနေရော သစ်ပင်သစ်တောတွေ စိုက်ပျိုးပြီး တိုင်းပြည်အတွက် ၀င်ငွေရအောင် ဆောင်ရွက်ဖို့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

“အရင်ကလည်း အဲဒါလေးတွေ ဆက်သွယ်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ သို့သော်လည်း  ဒီအပိုင်းကျတော့ အရင်က လုပ်ရကိုင်ရတာ အခက်အခဲလေးတွေရှိခဲ့တယ်။ ကျနော်တို့ သစ်တော ပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစားလျော့ကျခြင်းတွေကနေ ကာဗွန်ထုတ်လုပ်မှု လျော့နည်းအောင် ဆောင်ရွက်တဲ့ကိစ္စပေါ့။ ကျနော်တို့က သစ်တောတွေကောင်းရင် ကာဗွန်လျော့ ကျတယ်ဆိုတော့ ပြသနာမရှိဘူးပေါ့။ ဒါပေမယ့် သစ်တောတွေ တဖြည်းဖြည်းလျော့နည်းလာတဲ့ အနေအထားမှာ ကာဗွန်လျော့ကျသွားအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းစဉ်ကို သစ်တောဦးစီးဌာနက ဆောင်ရွက်နေပါတယ်။

နောက် ပါရီစာချုပ်ကြောင့်ရော နိုင်ငံတကာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆီကနေ  မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် အခြေအနေတိုးတက်လာအောင် ဘာတွေအကူအညီ ရနိုင်မလဲ။

“ကျနော်တို့နိုင်ငံရဲ့ အတိုင်းအတာလေးနဲ့ ကျနော်တို့ တတ်နိုင်သမျှဆောင်ရွက်သွားဖို့ပေါ့၊ လုပ်ငန်းလမ်းညွန် လေးတွေဆွဲမယ်၊ ဆွဲတဲ့အပေါ်မှာမှ လိုအပ်တဲ့နည်းပညာနဲ့ ငွေကြေး အကူအညီတွေရဖို့အတွက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရန်ပုံငွေကိုလည်း လုပ်မယ့် လုပ်ငန်းတွေ အပေါ် မူတည်ပြီးတော့ ငွေကြေးလျှောက်ထားသွားဖို့ ဆက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်။”

အခု အစိုးရသစ်အပြောင်းအလဲမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ မူဝါဒအပြောင်းအလဲ ဘယ်လိုရှိပါသလဲ။ ဌာနတာဝန်ရှိသူတွေအနေနဲ့ လုပ်ရကိုင်ရတာတွေ အရင်ထက်ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မယ်ထင်ပါသလား။

”အရင်ထက်စာရင်တော့ ပိုပြီးတော့  လုပ်ငန်းစဉ်လေးတွေက အထက်ကို တင်ပြပြီး အတည်ပြုချက်ရယူရတဲ့ လုပ်ငန်းစဉ်လေးက နည်းနည်းလေးလျော့နည်းသွားတာကတကြောင်း၊ လက်ရှိ အစိုးရသစ်ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရင်ကတည်းက တော်တော်လေး ဦးစားပေးပြီး အာရုံစိုက်ပြီးတော့ လုပ်မယ်ဆိုအနေအထား ပြောခဲ့တာတွေရှိတယ်။ သီးခြားညွန်ကြားချက်အနေနဲ့ မလာသေးပေမယ့် လက်ရှိလုပ်နေတဲ့ဟာတွေ အပေါ်မှာ လိုအပ်ရင်လိုအပ်သလို ဆောင်ရွက်ဖို့ ဖွဲ့စည်းပုံတွေဘာတွေ တိုးချဲ့ဆောင်ရွက်ဖို့တွေ ပြောထားတာတွေ ရှိပါတယ်။”

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာမြေနေ့မှာရော ၀န်ကြီးဌာန အနေနဲ့ ထူးထူးခြားခြား ဘာတွေ ဆောင်ရွက် ပါသလဲ။

“ဒီနေ့ ကမ္ဘာမြေနေ့ကို ကျနော်တို့က သိပ်အဓိက မထားဘဲနဲ့ ဇွန်လ ၅ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုပဲ အဓိက နိုင်ငံတော်အဆင့် အခမ်းအနားတရပ် ကျင်းပဖို့ ရှိပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့ရေရှားပါးမှုတွေနဲ့ နိုင်ငံတ၀န်းကြုံနေရပြီ၊  ရာသီဥတု ပြောင်းလဲမှုဒဏ်ကို သိသိသာခံစားနေရချိန်ဆိုတော့ ပြည်သူလူထုတွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘယ်လောက်အလေးထားဆောင်ရွက်သင့်ပြီလို့ ဒီနေ့မှာ တိုက်တွန်း ပြောချင်ပါသလဲ။

“ကျနော်တို့ အစဉ်အဆက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးအပြစ်လေးတွေကို ပြည်သူတွေ သိအောင် လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ဆိုးဆိုးရွားရွားခံစားရတယ်၊ ဒါတွေ ဘာကြောင့်ဖြစ်တယ်၊ ဒါတွေဘယ်လို တွန်းလှန်ကာကွယ်ရမယ်၊ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ဟာတွေကို ပိုပြီးတော့ အထူးပြုပြီး ပညာပေးလုပ်ငန်းတွေ လုပ်နေ ပါတယ်။ ပြည်သူတွေအပိုင်းက သူတို့ရဲ့ နေ့စဉ် ဆောင်ရွက်နေတဲ့ အမှုအကျင့်လေးတွေကို တတ်နိုင်သမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနေအထားထိ ရောက်အောင် ဖြေးဖြေးချင်းပြောင်းလဲသွားခြင်းအားဖြင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးက  ပြည်သူကော အစိုးရကော သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ရင် ပိုပြီးတော့ ထိရောက် အောင်မြင်သွားမယ်လို့ မြင်ပါတယ်။ ဥပမာ မီးထွန်းရင် လိုအပ်သလောက်ပဲထွန်းမယ်၊ လျှပ်စစ်မီးကို ချွေတာမယ်၊ ရေကိုလည်းချွေတာမယ်၊ ရေရှည်စဉ်ဆက်မပြတ်သုံးနိုင်အောင် လိုအပ်သလောက်သုံးမယ်၊ ချွေတာသင့်တာကို ချွေတာမယ်ဆိုတဲ့ အလေ့အထ စိတ်ဓာတ်လေးတွေ တိုးမြှင့်လာတာနဲ့အမျှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတိုင်းအတာတခုအထိ အောင်မြင်မယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013