DVB Logo
Home
Lead Story
အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်ထွန်းစေဖို့ ဟံသာဝတီဦးဝင်းတင်ရဲ့အမြင်သဘောထား
DVB
·
April 22, 2016
အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်ထွန်းစေဖို့ ဟံသာဝတီဦးဝင်းတင်ရဲ့အမြင်သဘောထား
Donate to DVB

(မှတ်ချက်။ ။ သတင်းစာဆရာကြီး၊ စာရေးဆရာကြီး ဦးဝင်းတင်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မနက်မှာ ကွယ်လွန်ခဲ့တာကြောင့် ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့်မြောက်ပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ညက ဦးဝင်းတင်ကို ဒီဗွီဘီသတင်းထောက် အေးနိုင်က ဆက်သွယ်မေးမြန်းချက်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။)

ရှစ်လေးလုံးလူထုအရေးတော်ပုံ ၂၅ နှစ်ပြည့်တဲ့ အခါသမယမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတဦးရဲ့ ပထမဆုံး အသိအမှတ်ပြုမှုအဖြစ် သမ္မတ ဦသိန်းစိန်က ၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ရေဒီယိုကနေ ပြောဆိုတဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် အခမ်းအနားဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သင်ခန်းစာတွေ ရယူနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပြောဆိုချက်ဟာ စစ်ကောင်စီလက်ထက်တလျှောက်လုံး သမိုင်းဝင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဆူပူအကြမ်းဖက်မှုအဖြစ် သုံးစွဲရာကနေ လူထုလှုပ်ရှားမှုအဖြစ် စကားလုံး ပြောင်းလဲ သုံးစွဲလိုက်တာပါ။
“လူ့အဖွဲ့အစည်းတရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ အေတွ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေးဖြစ်စဉ်သစ်တရပ် အစပျိုးခြင်းဆိုတဲ့ မျှော်လင့်ချက်ကို ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်တယ်” လို့ သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုကို ရန်ကုန်မှာ ကျင်းပတုန်းက အစိုးရက ၀န်ကြီးအချို့ကို တက်ရောက်စေသလို လွှတ်တော်နှစ်ရပ်ကလည်း သ၀ဏ်လွှာပို့ခဲ့ပါတယ်။
သမ္မတဦးရဲ့ ပြောကြားချက် မိန့်ခွန်းနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်ထက်က နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းထား တာကို ပြန်လည်မျှဝေပါတယ်။

သမ္မတဦးသိန်းစိန်က နိုင်ငံအကြီးအကဲတယောက်အနေနဲ့ ၂၅ နှစ်တာကာလမှာ ၈၈ အရေးတော်ပုံကို အသိအမှတ်ပြုတဲ့အပေါ်မှာ အဘ ဘယ်လိုမျိုးပြောချင်လဲ။

“အမှန်အတိုင်းပြောရရင် ကျနော်က ဒီလိုမျိုး ပုဂ္ဂိုလ်တွေပေါ့။ ဘာပဲပြောပြော ဒီလူတွေဆိုတာက သမ္မတဆိုတဲ့ ပုဂ္ဂိုလ်က ရိုးရိုးတန်းတန်းလူတွေကြားထဲက နိုင်ငံရေးလုပ်ရင်းပြုရင်းကနေပြီးတော့ ပေါ်ထွက်လာတဲ့ အရပ်သားသမ္မတ မဟုတ်ဘူးဗျနော်။ စစ်အာဏာရှင်တွေအသိုင်းအ၀ိုင်းက ထွက်လာတာ။ စစ်အာဏာရှင်အသိုင်းအ၀ိုင်းမှာလည်း ဒီလို ပုဂ္ဂိုလ်တွေဟာ ဟိုးထိပ်ဆုံးကနေပါတဲ့လူတွေနော်၊ ဥပမာဆိုပါစို့ ဦးသန်းရွှေပြီးရင် ဦးမောင်အေးရှိမယ်ပေါ့ဗျာ၊ ဦးမောင်အေးပြီးရင် စစ်ကောင်စီရဲ့ ဥက္ကဌတွေ၊ ဒုဥက္ကဌတွေ ဘာတွေ အတွင်းရေးမှူးတွေဘာတွေ လုပ်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေဗျနော်။ ဦးသိန်းစိန်ဆိုရင် စစ်ကောင်စီရဲ့ ထိပ်သီးထဲမှာ၊ ဒိတ်ဒိတ်ကြဲထဲမှာပါတဲ့လူ၊ စစ်ကောင်စီရဲ့ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ စစ်အစိုးရ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်။ အဲဒီ ပုဂ္ဂိုလ်တွေဆီက ကျနော်တို့အမြဲတမ်းတောင်းဆိုနေတာက ဘာလဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ အမျိုးသားသင့်မြတ်ရေးလုပ်ဖို့ကို ကျနော်တို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေက အလွန်သဘောထားကြီးကြီး၊ အမြော်အမြင်ကြီးကြီးနဲ့နော် ဒီ တပ်မတော်ကိုပါ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ကျနော်တို့ထည့်စဉ်းစားရမယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ရမယ်၊ တိုင်းရင်းသားတွေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရမယ်။ အလားတူပဲ တပ်မတော်တို့ဘာတို့ဆိုတဲ့အဖွဲ့အစည်းတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ရမယ်ဆိုတာ။ အဲဒီတော့ ကျနော်တို့က ကောင်းပြီ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တဲ့အခါမှာ နှစ်ဖက်ရှိပါတယ်။ ကျနော်တို့ဖက်ကလည်း ဗမာစကားရှိတယ်လေ သင်ပုန်းချေနဲ့ လက်စားချေဆိုတာ။ လက်စားချေတဲ့လုပ်ငန်းတွေကို စွန့်ပယ်တာ ခုမှမဟုတ်ပါဘူး အစောကြီးကတည်းက စွန့်ပယ်ပြီးသားပါ။ ကျနော်တို့ဟာ သင်ပုန်းချေချင်တဲ့ဆန္ဒရှိပါတယ်။ သို့သော် သင်ပုန်းချေတယ်ဆိုတာ တဖက်တည်း ချေလို့မရဘူး။ နော် နှစ်ဘက် အင်အားစုတွေအကုန်လုံးက၊ သက်ဆိုင်ရာအင်အားစုတွေက ကိုယ့်အမှားတွေကို မြင်ရမယ်၊ အမှားတွေ ၀န်ချတောင်းပန်မယ်၊ အမှားတွေကို ပြင်သင့် ပြင်ရမယ်၊ အမှားတွေကို ပြန်လည်ပြီးတော့ အပြောင်းအလဲတွေ လုပ်ပေးရမယ်ပေါ့ဗျာ။ နောက်တခါ တဖက်နစ်နာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကူညီစောင့်ရှောက်တာတို့၊ ပံ့ပိုးတာတို့၊ ပြန်လည်ထူထောင်တာတို့ လုပ်ရမယ်။ ဒါ ကျနော်တို့ရဲ့ သဘောထားတွေပဲဗျ။ နှစ်ဖက်ပေါ့ဗျာ။ ဥပမာဆိုပါစို့ တောင်အာဖရိကတို့ဘာတို့မှာလုပ်သလို ဘာခေါ်မလဲ အမှန်တရားရှာဖွေရေးအဖွဲ့ဆိုတာမျိုး ထူထောင်ပြီး Truth Commission တို့ဘာတို့လုပ်သလို နှစ်ဖက်စလုံးကနေ စုံစမ်းမယ်၊ မေးမြန်းမယ်၊ အဲဒီကော်မရှင်တွေမှာလာပြီးတော့ အစစ်ခံမယ်၊ တွေ့ဆုံမယ်၊ အဲဒီကော်မရှင်နဲ့ ဆွေးနွေးမယ်၊ ပြီးတဲ့အခါကျတော့ မှားတာလည်းပြင်ကြမယ်၊ ပိုကောင်းအောင်လုပ်ကြမယ် စသည်ဖြင့် ဒီလိုလုပ်ရတာကိုးဗျ။ အဲဒီတော့ ကျနော်တို့က အမြဲတမ်းဒီပုဂ္ဂိုလ်များကို ကျနော်တို့ရဲ့ တောင်းဆိုချက်ဟာ ဆိုလို့ရှိရင်တော့ မှားတာတွေကို ၀န်ချပါ၊ တောင်းပန်ပါ။ ၀မ်းနည်းစကားကိုပြောပါ။ ပြင်စရာရှိတာတွေ ပြင်ပါလို့ အမြဲတမ်းပြောတယ်။ သမ္မတရဲ့ပါးစပ်က ဟုတ်လား ၈၈ လူထုလှုပ်ရှားမှု။ ၈၈ ကို ဘာပဲပြောပြော တရားဝင်ပေါ့ဗျာ သမ္မတလိုပုဂ္ဂိုလ် မျိုးက ပြောဆိုတာ ကျနော်တို့ ကြိုဆိုတယ်။ ကောင်းတယ်။ ဒါပေမယ့် ကျနော့်သဘောအရ၊ ကျနော် တယောက်တည်းရဲ့ အယူအဆအရ ဆိုရင်တော့ ဒါ မပြည့်စုံသေးပါဘူး၊ နော်၊ အဲဒီ ၈ လေးလုံးကြီးကို၊ လူထုအရေးတော်ပုံကြီးကို အရေးတော်ပုံအနေနဲ့ကို အသိအမှတ်ပြုရမယ်၊ နောက်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဲဒီတုန်းက လွန်ကျူးခဲ့တဲ့ ကိစ္စတွေ၊ အမှားအယွင်းတွေ၊ အချွတ်အချော်တွေပေါ့ဗျာ လူတွေသေကြတယ်၊ လူပေါင်းများစွာ ထောင်သွင်း အကျဉ်းကျခဲ့တယ်။ လူပေါင်းများစွာ တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ လူပေါင်းများစွာ တောထဲကို ရောက်ခဲ့တယ်။ လူပေါင်းများစွာ နိုင်ငံရေးကိုစွန့်ခွာပြီးတော့ ရတယ်။ လူပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံရတယ်။ ဆိုတော့ အဲဒီအမှားတွေအတွက်လည်း ကျနော်တို့က ၀မ်းနည်းကြောင်းတွေ ပြောဖို့လိုလိမ့်မယ်၊ နော် ဒါတွေဟာ ကမ္ဘာမှာလည်း အစဉ်အလာ ရှိပါတယ်။ အကုန်လုံးမှားတာယွင်းတာတွေလည်း ပြင်ကြရမယ် ၀ိုင်းပြီးတော့။ အဲလိုလုပ်ခြင်း အားဖြင့် ကျနော်တို့ ရှေ့ဆက်ပြီးတော့ တက်လှမ်းနိုင်ဖို့ လမ်းပွင့်လာနိုင်ပါတယ်။ အဲဒီအထိလည်း ရောက်အောင်လုပ်ပါလို့ သမ္မတကို တိုက်တွန်းချင်ပါတယ်လို့ အဲလိုပဲ ပြောချင်တယ်။”

သမ္မတက နှုတ်စကားအပြင် ဒီထက်ပိုပြီး ဘာလုပ်ဖို့လိုသလဲခင်ဗျ။
“ကျနော် ခုနပြောတဲ့ဟာပါပဲ။ ဒီဟာကို အလုပ်အနေနဲ့ဖြစ်အောင် စကားအဖြစ်နဲ့သာမကဘဲနဲ့။ အခုလိုဟာမျိုးလုပ်တာကို ကျနော်တို့ကြိုဆိုတယ်။ လမ်းသစ်ပေါ်လာတယ်ဆိုတာလည်း ကျနော်တို့ ကြိုဆိုပါတယ်။ သဘောထားကို ကြိုက်ပါတယ်၊လက်ခံပါတယ်။ အဲဒါတွေအတွက် ဆိုရင် လက်တွေ့ကျအောင်ဆိုရင် အလုပ်တွေလုပ်ရလိမ့်မယ်။ အလုပ်တွေဆိုတာက ခုနပြော သလို ပထမဦးဆုံး ကာယကံရှင်တွေက စစ်အာဏာရှင်ခေတ်တွေတုန်းက သူတို့လုပ်ခဲ့တဲ့အမှားတွေကို သူတို့မှားတယ်ဆိုတာ၊ ၀မ်းနည်းတယ်ဆိုတာ ပြောရလိမ့်မယ်။ ၀မ်းနည်းတယ်၊ စွန့်လွှတ်တယ်ဆိုတာမျိုး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစကားကို ကျနော်ပြောနေတဲ့အကြောင်းက အခု ဗိုလ်ခင်ညွန့်တို့ ဘာတို့ရှိရင် အခုထိပြောတုန်း၊ သူတို့က တာဝန်အရလုပ်တာပဲ၊ သူတို့မှာ ဘာမှ တာဝန်မရှိဘူး။ တာဝန်ဆိုတာလည်း ဘာလဲဆိုရင် အမိန့်ကို လက်ခံပြီး လုပ်တာ။ အမိန့်ဆိုတာ ဘာလဲဆိုရင် တည်ဆဲဥပဒေအရ အမိန့်ပဲ၊ အဲလိုဟာမျိုးတွေ တခါတည်း အခိုင်အမာကို အသေဆုပ်ကိုင် ပြောနေတယ်။ နောက်တခါ ဦးသိန်းစိန်တို့ ကိုယ်တိုင်သည်ပင်လျှင် ဟိုတုန်းကပြောတာ ဒီလို ၈ လေးလုံးဖြစ်ခဲ့တာတွေဟာ သူတို့တွေအကုန်လုံး စီမံပြီးတော့ တိုင်းပြည်ကို ဘယ်လိုလုပ်ပြီးတော့ ပြုပြင်ပြောင်းလဲရမလဲ၊ ဆိုတဲ့ဟာအတွက် သူတို့လုပ်ခဲ့တာလို့ သူတို့က အခိုင်အမာပြောခဲ့တယ်။ ဥပမာဆိုပါတော့ နိုင်ငံရေးအကျဉ်းသားဆိုရင် ဦးသိန်းစိန်ဆိုရင် ဘာလီကျွန်းမှာကျင်းပတဲ့ အစည်းအဝေး၊ အင်ဒိုနီးရှားမှာလုပ်တဲ့ အစည်းအဝေးဆိုရင် ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသား တကောင်တမြီးမှ မရှိဘူးဆိုတာတောင်မှ ထုတ်ဖော်ပြီး အင်တာနေရှင်နယ် လူပုံအလယ်မှာ ပြောခဲ့တာရှိတယ်။ အဲဒါကို ကျနော်တို့က ဒီဟာတွေကို ပြင်ပါ။ ပြင်ဖို့ဆိုရင် တစ်က ပထမဆုံး သူတို့က ဒီအမှားတွေကို၊ မှားယွင်းနေတယ်ဆိုတဲ့ဟာကို စွန့်လွှတ်တယ်ဆိုတာကို သူတို့ ပြောရလိမ့်မယ်။ တနည်းတဖုံပေါ့။ ကျနော်တို့က အကြပ်မကိုင်ချင်ပါဘူး၊ ဘယ်စကားလုံးသုံးရမယ်ဆိုပြီးတော့ ကျနော်တို့ မပြောချင်ဘူး။ သင့်တင့်လျောက်ပတ်တဲ့ ပုံစံနဲ့ ဒီဟာတွေ မှားယွင်းတယ်ဆိုတဲ့ ဟာတွေကို အသိအမှတ်ပြန်ပြုရမယ်။ ကျနော်တို့ဘက်ကလုပ်တဲ့ဟာတွေရဲ့ အမှန်တရားတွေကို အသိအမှတ်ပြုသလိုပဲ သူတို့ဘက်ကလုပ်တဲ့အမှားတွေကိုလည်း သူတို့ အသိအမှတ်ပြုရလိမ့်မယ်။ အဲဒီစကားတွေကို ကျနော်တို့ ပြောရလိမ့်မယ်။ အဲဒီကတဆင့်ဆို လို့ရှိရင် သူတို့ဟာ တောင်းပန်သင့်တဲ့သူတွေကို တောင်းပန်ရမယ် ဟုတ်လား။ ၀န်ချသင့်တဲ့လူကို ၀န်ချရမယ်။ ကူညီသင့်တဲ့လူကို ကူညီရမယ်။ ပြန်လည်ထူထောင်သင့်တဲ့လူကို ပြန်လည်ထူထောင်ရလိမ့်မယ်လို့ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်ခင်ဗျ။”

ပါကစ္စတန်မှာ ပါပက်မူရှာရက်ဖ်လို ပုဂ္ဂိုလ်မျိုးတွေ တရားစွဲဆိုခံနေရတယ်ဆိုတော့ သူတို့ အနေနဲ့ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ နောက်ကြောင်းလုံပါ့မလား။ သူတို့ကို ဘယ်လောက် အာမခံချက် ပေးနိုင်သလဲ။
“ဒါကတော့ တခုရှိတယ်ပေါ့ဗျာ၊ ကျနော်တို့က အမှန်အတိုင်းပြောရရင်တော့ အာမခံချက်ပေးခြင်း မပေးခြင်းက ကျနော်တို့ မကြည့်ဘူး။ သူတို့ ပြင်ခြင်း၊ မပြင်ခြင်းပေါ်ကြည့်တယ်။ တခုတော့ ရှိတယ် သူတို့မပြင်ဘူးဆိုရင်တော့ ဘာနဲ့တူလည်းဆိုရင်တော့ ဂရိဒဏ္ဍာရီ၊ ခေါမဒဏ္ဍာရီတွေမှာ ဇာတ်ကောင်တကောင်ရှိတယ် အဲဒီလူရဲ့ဂုတ်ပေါ်မှာ ၀ဲနေသလိုပဲ သမိုင်းရဲ့ အပြစ်ကြီးဟာ၊ သမိုင်းပြစ်ဒဏ်ကြီးဟာ သူတို့ခေါင်းပေါ်မှာ ကြိုးလေးသေးသေးလေးနဲ့ ဆွဲထားတဲ့ ဓားလိုပဲ ဓားဂုတ်ပေါ်မှာ ၀ဲနေမှာပဲ။ ဒါက သူတို့ရဲ့ကိစ္စ၊ ကျနော်တို့ရဲ့ကိစ္စမဟုတ်ဘူး။ ကျနော်တို့ဘက်က တော့ ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်စေချင်တယ်။ သူတို့လည်းအကုန်လုံးကို သဘောပေါက် စေချင်တယ်။ အမှန်တရားတွေ မြင်စေချင်တယ်။ အမှားတရားတွေ ပြင်စေချင်တယ်။ အမှန်တရား ကို မြင်ပြီးတော့ အမှားတရားကို ပြင်ရင်ကို ကျနော်ထင်တယ် ကျနော်တို့ လုံလောက်ပါတယ်။ ဗမာလူမျိုးမှာလည်း သင်ပုန်းချေရေးဆိုတဲ့စကားတွေ ရှိပါတယ်။ ဗမာလူမျိုးဟာ။ မေ့ပျောက်ခြင်း ဆိုတာကတော့ ခင်ဗျား ဒါတကိစ္စ ဒါ လူတွေက မေ့ခြင်း မမေ့ခြင်း။ ဆိုတော့ ခွင့်လွှတ်နိုင်အောင် ကို၊ သင်ပုန်းချေနိုင်အောင်ကိုက ကျနော်တို့က အလုပ်လုပ်ရလိမ့်မယ်။ မေ့ပျောက်တာကတော့ ပုဂ္ဂလိက အနေနဲ့ ဆိုင်မယ်ဗျာ။ ဥပမာ-သားသတ်ခံရတဲ့အမေက ခင်ဗျား ဟုတ်လား တသက်လုံး သူသေတဲ့အထိတောင်မှ မေ့ကောင်းမှ မေ့လိမ့်မယ်။ အဲဒီတော့ မေ့ခြင်းပျောက်ခြင်းဆိုတာကို ကျနော်က ဟိုဒင်းသိပ်ပြီးတော့ မဖြစ်ဘူးဗျ။ မေ့တာပျောက်တာက ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ဆိုင်တယ်၊ သို့သော် သင်ပုန်းချေဖို့တို့၊ ခွင့်လွှတ်ဖို့တို့ ဘာတို့ဆိုတာတွေကတော့ ကျနော်တို့ လုပ်လို့ရတယ်။ ခွင့်လွှတ်နိုင်တဲ့အခြေအနေဖန်တီးမယ်၊ ခွင့်လွှတ်နိုင်တဲ့အခြေအနေ ဖော်ထုတ်မယ် ဆိုရင် ခွင့်လွှတ်လို့ရတယ်။ အဲလိုပဲ ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013