DVB Logo
Home
မြန်မာသတင်း
ဂျပန်ရောက် မြန်မာပညာတော်သင်တချို့ နေရပ်မပြန်နိုင်သေးဘဲ ငလျင်ဘေးခိုလှုံနေရ
DVB
·
April 21, 2016
ဂျပန်ရောက် မြန်မာပညာတော်သင်တချို့ နေရပ်မပြန်နိုင်သေးဘဲ ငလျင်ဘေးခိုလှုံနေရ
Donate to DVB

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြေငလျင်တွေ ကြောင့် ကူမာမိုတို တက္ကသိုလ်မှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားတွေနဲ့ မိသားစုဝင်တွေ နေရပ်မပြန်နိုင်သေးဘဲ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ငလျင်ဘေးကြောင့် မြန်မာကျောင်းသား၂၀ကျော်နဲ့ မိသားစုဝင်တွေအပါအ၀င် ၃၀ ၀န်းကျင် လောက်ဟာ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က စီစဉ်ပေးထားတဲ့ ခိတကျူရှူးမြို့ရှိ JICA Cente စောင့်ရှောက်ရေးစင်တာမှာ ဧပြီ ၁၆ ရက်ကတည်းက ခိုလှုံနေကြရတာပါ။

ကူမာမိုတိုတက္ကသိုလ်မှာ ဇီဝအင်ဂျင်နီယာပညာရပ်သင်ယူနေတဲ့ ပါရဂူဘွဲ့ ဒုတိယနှစ် ကျောင်းသား ကိုအောင်သူဟိန်းက “မပြန်သေးဘူးခင်ဗျ၊ ကျနော်တို့ JICA Center မှာပဲ။ နောက်လ ၈ ရက်နေ့ကျမှ ကျနော်တို့ ပြန်မှာ၊ အိမ်တွေပျက်စီးတာတွေကလည်း ပြန်ပြင်ရဦးမှာ၊ နောက် ကျောင်းတွေကလည်း မြို့ပြအင်ဂျင်နီယာဌာနဆိုရင် အလုံးလိုက်ပြန်ပြင်ရမှာတွေရှိတယ်၊ နောက်လ ၉ ရက်နေ့လောက်မှ ကျောင်းတွေပြန်ဖွင့်မယ်လို့ပြောထားတယ်။ အဲဒါကြောင့်မို့ပါ။ အခုဟာက ငလျင်အသေးတွေ ပဲကျန်တော့တယ်၊ ပျက်စီးသွားတာ တော်တော်များတယ်။ အိမ်တွေလည်းတံခါးတွေ ပြိုကျပျက်စီးသွားတဲ့ ဟာတွေကို ပြန်ပြင်ရဖို့ရှိတဲ့အတွက် ကျနော်တို့ကို ပြန်မလာနဲ့ဦး၊ သူတို့ အကုန်ပြန်ပြင်ဆင်မယ်၊ ပြင်ဆင်ပြီးမှ ကျနော်တို့ ကပြန်သွားရမယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဂျပန်နိုင်ငံ ကျူရှူးကျွန်းရှိ ခုမာမိုတိုခရိုင်မှာ ဧပြီ ၁၄ ရက်က ပြင်းအား ၆.၅ ရှိငလျင်နဲ့ ဧပြီ ၁၆ ရက်က ပြင်းအား ပမာဏ ၇.၃ ရှိ ငလျင်ကြီးတွေအပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာပါ။

ငလျင်လှုပ်ခတ်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုတွေရှိတဲ့ကြားက ခိတကျူးရှူးမြို့ကို ခက်ခက်ခဲခဲ လာရောက်ခိုလှုံနေကြရတာဖြစ်တယ်လို့လည်း အမည်မဖော်လိုသူ မြန်မာ ကျောင်းသူတဦး ကပြောပါတယ်။

ငလျင်လှုပ်ချိန် အတွေ့အကြုံနဲ့ ပတ်သက်ပြီးလည်း မြန်မာကျောင်းသားကိုအောင်သူဟိန်းက “ငလျင်လှုပ်တဲ့အချိန်က ည ၉ နာရီလောက်ရှိမယ်၊ အဲဒီအချိန်ကျနော်က လက်တွေ့ခန်းထဲမှာ လက်တွေ့ စမ်းသပ်မှုတွေလုပ်နေတာ၊ အဲဒါမျိုး တခါမှ မကြုံဖူးဘူးဗျ၊ လှုပ်လည်းလှုပ်ရော ကျနော်တို့က ထိုင်ခုံတွေအောက်ကို ပြေးဝင်တာပေါ့၊ တောင်မြောက်လုပ်တဲ့ပုံစံမျိုး၊ ကျနော်တို့ ထိုင်ခုံခြေထောက်ကို ကိုင်ထားတော့ ဒရွတ်တိုက်ကြီးပါသွားတာပေါ့၊ အပေါ်က လက်ပ်တော့ ကွန်ပျူတာတွေ၊ ကော်ဖီခွက်တွေလည်းကျကွဲပေါ့၊ ငြိမ်လည်းငြိမ်သွားရော ကျနော်တို့ ၈ ထပ်ကနေ အောက်ကို ဆင်းပြေးတာပေါ့”လို့ပြောပါတယ်။

ငလျင်ဘေးခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက် တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ သံရုံး တာဝန်ရှိသူတွေ ဒီကနေ့ ခိတကျူရှူးကိုရောက်လာပြီး မြန်မာအစားအစာနဲ့ ငွေကြေး အကူအညီတွေ သွားပေးခဲ့ပါတယ်။

သံရုံးဒုအတွင်းဝန် ဒေါ်ခိုင်မာဝင့်ဇင်သန့်က“ဒီကနေ့ မနက်သွားကြည့်တာတော့ ကျောင်းသားတွေ အကုန်လုံးကျန်းမာရေးလည်း ကောင်းပါတယ်။ နေရထိုင်ရတဲ့ အခြေအနေကလည်း အဆင်ပြေပါ တယ်။ သံရုံးက သံအမတ်ကြီးအနေနဲ့ အားပေးစကားလည်းပြောခဲ့ပါတယ်။ အခက်အခဲမရှိပါဘူး၊ သံရုံးအနေနဲ့လည်း အတတ်နိုင်ဆုံး အကူအညီပေးနေပါတယ်။ လောလောဆယ် ထူးထူးခြားခြား အခက်အခဲတော့ မရှိပါဘူး။ လိုအပ်တာရှိရင်သံရုံးကို အချိန်မရွေးဆက်သွယ်ဖို့ ပြောထားပါတယ်။ သဘာဝဘေးဖြစ်ပြီးတဲ့အခါကျတော့ စိတ်ချရအောင် ကျောင်းမှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့ အချိန်အထိအောင် စောင့်နေတဲ့ သဘောပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဂျပန်နိုင်ငံကျူရှူးကျွန်းမြေငလျင်ဘေးကြောင့် လူပါင်း ၅၀ နီးပါးသေဆုံး၊ ထောင်နဲ့ချီ ဒဏ်ရာရကာ လူပေါင်း သိန်းနဲ့ချီ နေအိမ်စွန့်ခွာဘေးလွတ်ရာမှာ တိမ်းရှောင်နေခဲ့ကြရပြီး လူနေအိမ်၊ အဆောက်အဦတွေနဲ့ လမ်းတံတားတွေ အများအပြား ပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013