DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲမည်ဟု ယူအန်အက်ဖ်စီ ပြော
DVB
·
April 21, 2016
အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲမည်ဟု ယူအန်အက်ဖ်စီ ပြော
Donate to DVB

အစိုးရသစ် လက်ထက်မှာလည်း အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပနေတဲ့ ယူအန်အက်ဖ်စီ အစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပြီး ဒီအစည်းအဝေးဟာ အစိုးရသစ်က နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်တဲ့အခါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်တဲ့သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူအန်အက်ဖ်စီက ကိုင်ဆွဲထားတဲ့ အားလုံးပါဝင်ရေးမူဟာ အရင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့အတွက် အဟန့်အတားတခု ဖြစ်ခဲ့တယ်၊ အခု အစိုးရသစ် ပြောင်းလဲသွားပေမယ့် ယူအန်အက်ဖ်စီ အနေနဲ့ မူဝါဒပြောင်းလဲဖို့ မရှိဘူး၊ ဒါပေမယ့် ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ တချို့အဖွဲ့တွေ ပါဝင်မလာမှာကို စိုးရိမ်တယ်လို့ ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ အဖွဲ့အားလုံးနဲ့ အပစ်ရပ်ဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးတဲ့အခါကျရင် အားလုံးပါဝင်ဖို့တော့လိုတယ်။ တဖွဲ့ဖွဲ့ကို ချန်ထားမယ်ဆိုရင် အဲဒီအဖွဲ့တွေက ဘယ်လိုမှ ကျေနပ်မှာ မဟုတ်ဘူးလေ။ အဲတော့ လက်နက်ကိုင် ပဋိပက္ခကတော့ ဘယ်လိုမှ ရပ်စဲသွားမှာ မဟုတ်ဘူး။ အဲတော့ အကျိုးထိရောက်မှု နည်းသွားတာပေါ့။ ကျနော်တို့ကတော့ အဲလိုမဖြစ်စေချင်ဘူး။ ကျနော်တို့ တနိုင်ငံလုံးမှာ သေနတ်သံတွေ လုံးဝ တိတ်ဆိတ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးတဲ့အခါ အားလုံးပါဝင် ဆွေးနွေးသွားတဲ့ပုံစံမျိုး ဖြစ်စေချင်တယ်။”

မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အရင်အစိုးရရဲ့ လုပ်ရပ်တွေကို အားလုံး ပစ်ပယ်မှာ မဟုတ်ဘဲ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်အောင် ဆက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးညီလာခံတွေကို ကျင်းပပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ ဆောင်ရွက်သွားမယ့်မူဝါဒကို ယူအန်အက်ဖ်စီက ကြိုဆိုတယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတွေမှာမှ ဖွဲ့စည်းပုံကို တစုံလုံး ပြန်လည်သုံးသပ်ပြီးတော့မှ လိုအပ်တဲ့အပိုင်းတွေ ပြင်ဆင်သွားရမှာကိုး။ အဲဒီလို အနေအထားမျိုးတွေ ရှိတယ်ဗျ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဖို့တော့ လိုတယ်။”

တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့တိုးဖို့ ခက်လိမ့်မယ်လို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

ယူအန်အက်ဖ်စီအနေနဲ့ Delegation of Political Negotiation ဆိုတဲ့ နိုင်ငံရေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အသင့်ပြင်ထားပြီး နိုင်ငံရေးမူဘောင်တွေကိုလည်း အချောသပ်နေပါတယ်။

အစိုးရသစ်အနေနဲ့ကတော့ အခုအချိန်အထိ အဆက်အသွယ် ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒါပေမယ့် မကြာခင်မှာ အစိုးရသစ်က နိုင်ငံရေးဆွေးနွေးပွဲတွေကိုတက်ဖို့ ဖိတ်ခေါ်လာမှာကို မျှော်လင့်နေတယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013