DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်၏ ထိုးစစ်ဆင်မှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်၊ အကူအညီများလိုအပ်
DVB
·
April 21, 2016
အစိုးရတပ်၏ ထိုးစစ်ဆင်မှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်၊ အကူအညီများလိုအပ်
1 / 3
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ရသေးတောင်မြို့နယ်ကြားမှာ အစိုးရတပ်တွေရဲ့ ထိုးစစ်ကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးအတွက်အခက်အခဲ ဖြစ်နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က အစိုးရနှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး အနီးနားက ကျေးရွာတွေမှာ ရွာသူရွာသားတွေ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့အတွင်းက ကျေးရွာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အိမ်ထောင်စု ၅၉ စုက လူဦးရေ ၂၅၇ ဦးတို့ ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသို့ စစ်ဘေးရှောင် ထွက်ပြေးရောက်ရှိလာတာဖြစ်ပါတယ်။

အလားတူ ရသေ့တောင်မြို့နယ် ရေဆိုးချောင်းရွာက ကိုထွန်းနိုင်စိုကလည်း ဒီကနေ့ သူ့အဖေနဲ့ ရွာသား ၄ ဦးကို စစ်တပ်က ပေါ်တာအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အဖေနဲ့အမေက တောင်ပေါ်မှာ ယာလုပ်ပြီးနေတာ။ ဒီနေ့နေ့ခင်းက အဖေအပါအ၀င် ၄ ယောက်ကို ပေါ်တာဆွဲသွားတယ်။ ဘယ်တပ်က စွဲလဲမသိဘူး။ အဲဒီဖက်ကိုသွားနေတဲ့ စစ်ကြောင်းတွေက အများကြီးပဲ။  ဘယ်တပ်က စွဲသွားလဲမသိဘူး။ သူတို့က ယာလုပ်တာ။ နွားကျောင်းနေရင်းနဲ့ဖမ်းသွားတာ။ ဘားပူတောင်ကွင်းမှာ။ ”

ရသေ့တောင်မြို့နယ် ရေဆိုးချောင်းရွာနဲ့ ကင်းမွန်းရွာသူရွာသားအများစုက အခုလက်ရှိ စစ်ကြောင်း ထိုးတဲ့နေရာတွေမှာ တောင်ယာလုပ်ကိုင် စိုက်ပျိုးနေကြသလို တချို့ကလည်း သစ်ဝါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးနေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီး အခုလို ဖမ်းဆီးမှုတွေဖြစ်လာတဲ့ပေါ်မှာလည်း ကိုထွန်းနိုင်စိုးက “ အခုဖြစ် နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်ပေးစေချင်ပါတယ်။ အဖေအပါဝင် ကျန်တဲ့သူတွေကို လွတ်ပေး ပါ။ ဒီဖက် တောတွေတောင်တွေမှာအမှီပြုပြီး ယာလုပ်ကိုင်စာသောက်သူတွေအတွက် ဒီလို တိုက်ပွဲဖြစ်နေတဲ့အတွက် အရမ်းကို အခက်အခဲဖြစ်နေရပါတယ်။ စားရေးသောက်ရေး လည်း အရမ်း အခက်အခဲဖြစ်သွားပြီ။ ဒါကြောင့် အခုဖြစ်နေတဲ့စစ်ပွဲကို ရပ်ပေးပါလို့ ” တောင်းဆို သွားပါ တယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအနေနဲ့လည်း စာရေးသောက်ရေး အရေးတကြီး အကူညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

အလားတူ  ရက္ခိုင့်တပ်မတော်နဲ့  အစိုးရတပ်မတော်ကြား ၂၀၁၅ နှစ်ကုန်နဲ့ ၂၀၁၆ နှစ်စပိုင်းတွေ အတွင်းကကျောက်တော်မြို့နယ် ပီးချောင်းဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ လူမှုအဖွဲ့အစည်းများက အကူအညီ ပေးထားမှုတွေ ရပ်ဆိုင်းသွားတဲ့အတွက် စားနဲ့ရိက္ခာများပြတ်တောက်ပြီး အရေးပေါ် အကူအညီများ လိုအပ်နေပါတယ်။

ကျောက်တော်မြို့နယ် ရွာမပြင်ဒုက္ခသည်စခန်းမှ ဒေါ်ယဉ်ဦးရွှေက “အဖွားတို့မှာ အခုအခက်အခဲ တွေအများကြီးဖြစ်နေပါတယ်။ အများပြည်သူတွေဆီက လှူဒါန်းထားတဲ့ စားနဲ့ရိက္ခာတွေ လည်း တစ်ခုမှမရှိတော့ဘူး။ မိသားစုများတဲ့ သူတွေမှာ ဆန်နိုးဆီဗူးတစ်ဗူးစာလောက်တောင် မရှိကြ တော့ဘူး။ ရှိတဲ့လူတွေ ဆီကဝေငှပြီး စားသောက်နေကြရတယ်။ အလုပ်တွေကလည်း ဘာမှမရှိဘူး။ မနေ့က ကိုယ့်ရွာ ဘက်ကိုပြန်ချင်လို့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သွားကြည့်တဲ့ အမျိုးသားနှစ်ယောက်ကို စစ်တပ်ကနေ တားတယ်။ မင်းတို့သွားလို့ မရသေးဘူးလို့ ပြောတယ်။ အဖွားတို့က ကိုယ်နေရာကိုပြန်ချင်တယ်။ အဲ့ဒီနေ ရာမှာပဲ လယ်မြေ တောင်ယာတွေ သီးနှံ့တွေ စိုက်ထားတာရှိတယ်” လို့ ပြောပါတယ်။

ဒီစစ်ဘေးရှောင်တွေ အဆင်ပြေနိုင်ရေးအတွက် ရိက္ခာထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ကြတဲ့ ၀ံလက်ဖောင်ဒေးရှင်း၊ သင်္ဂဟရက္ခိတအဖွဲ့နဲ့ မေတ္တာမျှဝေအဖွဲ့ တို့က လှူဒါန်းနိုင်ခဲ့တဲ့ စားနဲ့ရိက္ခာတွေဟာ လက်ရှိအဖွဲ့ရဲ့ ရံပုံငွေအခက်အခဲကြောင်း ရပ်ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေ ယာယီနေထိုင်ကြတဲ့နေရာတွေတွေကတော့ ကျောက်တော်မြို့ နယ်ရွာမပြင်ကျေးရွာနားမှာ အိမ်ထောင်စု ၃၆စု လူဦးရေ ၁၆၈ဦး၊ မြောက်ဦးမြို့နယ်၊ ကျီဟာပြင်မှာ အိမ်ထောင်စု ၁၇ စု လူဦးရေ ၉၈ ဦး၊ မြောက်ဦးမြို့နယ် စေတီတောင်မှာ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၇၉ ဦးတို့ ခိုလှုံနေကြတာဖြစ်ပြီး လတ်တလော စားနဲ့ရိက္ခာတွေ ပြတ်တောက်နေပါတယ်။

သတင်း - ဇော်ခ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013