DVB Logo
Home
မြန်မာသတင်း
အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိကို ငွေပေးသည့် မီဒီယာကြီး သတိပေးခံရ
DVB
·
April 20, 2016
အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိကို ငွေပေးသည့် မီဒီယာကြီး သတိပေးခံရ
1 / 2
Donate to DVB

အစိုးရအဖွဲ့ဝင် အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို ငွေသိန်းငါးဆယ် လက်ဆောင်ပေး တဲ့ မီဒီယာကြီးတခုကို ပြည်ထောင်စုအစိုးရအဖွဲ့က သတိပေးအကြောင်းကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက မီဒီယာကုမ္ပဏီကြီးကို ပညာပေး အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

သင်္ကြန်တွင်းက နေပြည်တော်မှာ မီဒီယာကုမ္ပဏီကြီးရဲ့ မဏ္ဍပ်က နှစ်သစ်ကူးလက်ဆောင်ပေးခဲ့ကြောင်းနဲ့ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိ လက်ခံရရှိခဲ့တဲ့ စာအိတ်ထဲမှာ ငွေကျပ် သိန်းငါးဆယ်ပါလာခဲ့ကြောင်း၊ ဒါကို အဆိုပါအရာရှိက အထက်အကြီးအကဲထံ တင်ပြခဲ့ကြောင်း၊ ဒီလက်ဆောင်ပစ္စည်းဟာ သတ်မှတ်ဘောင်ထက် များစွာကျောင်လွန်နေတာကြောင့် သတိပေးခြင်းဖြစ်ကြောင်း အကြောင်းကြားစာမှာ ပါရှိပါတယ်။

ဒီဆောင်ရွက်ချက်ဟာ အစိုးရအဖွဲ့အတွင်း အဂတိတရားကင်းစင်ရေးအတွက် ကြိုးပမ်း မယ်လို့ ကတိပြုချက်အပေါ် ပထမဆုံး အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စဟာ အခုအစိုးရလက်ထက်မှာ ပထမအကြိမ်ပေါ်ပေါက်တဲ့ကိစ္စဖြစ်တဲ့အတွက် ပညာပေးကာလဟု သတ်မှတ်ပြီး အခုကိစ္စကို ဆက်အရေးယူမှာမဟုတ်ကြောင်းနဲ့ နောက်နောင် လက်ဆောင်ပစ္စည်းပေးမှုကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်ပြီး မဆောင်ရွက်ဖို့ လေးနက်စွာ အကြောင်းကြားတယ်လို့ စာမှာပါရှိပါတယ်။

အစိုးရသစ်လက်ထက် သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ပတ်သက်လို့ လမ်းညွန်ချက်ထုတ်ပြန်ခဲ့ပြီး တပတ်အကြာမှာ ဒီလို ငွေကြေးအလုံးအရင်းနဲ့ လက်ဆောင်ပေး တဲ့ကိစ္စ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ စာမှာတော့ အရေးကြီးပုဂ္ဂိုလ်ရဲ့ အမည်နာမနဲ့ပတ်သက်လို့ ဖော်ပြခြင်းမရှိပါဘူး။

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပညာပေးကာလအနေနဲ့ အသိပေးအကြောင်းကြားခဲ့တာလို့ ပြောပါတယ်။

“ကိုယ်ရေးအရာရှိကို နှစ်ကူးလက်ဆောင်ဆိုပြီး ပေးတယ်၊ အထုတ်တထုတ်ပေးတယ်၊ အထုတ်ကို ကိုယ်ရေးအရာရှိက ဖွင့်ကြည့်တဲ့အခါမှာ သိန်း ၅၀ ဖြစ်နေတယ်၊ ဖြစ်နေတော့ ရုံးတွင်းမှာလည်း လမ်းညွှန်ချက်တွေ ထုတ်ထားတယ်၊ ဌာနဆိုင်ရာတွေလည်း လမ်းညွှန်ချက်တွေ ထုတ်ထားတယ်၊ လက်ဆောင်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ၊ အဲ့ဒါကို လိုက်နာဖို့ဆိုပြီးတော့။ အဲ့ဒါနဲ့ ကိုယ်ရေးအရာရှိက သတင်းပို့တယ်၊ သတင်းပို့တော့ ကာယကံရှင်ကိုလည်း အခု ပညာပေးကာလ ဖြစ်တဲ့အတွက်ကြောင့် စာပါအကြောင်းအရာအတိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။”

ဦးဇော်ဌေးက အဆိုပါ အရေးကြီးပုဂ္ဂိုလ်ရဲ့ အမည်ကိုရော၊  မီဒီယာကုမ္ပဏီအမည်ကိုပါ ဖြေကြားခြင်းမပြုဘဲ  စာကိုဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ဒီနှစ် မီဒီယာမဏ္ဍပ်ကြီး အကြီးအကျယ်ထိုးပြီး ဖျော်ဖြေခဲ့တာ ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက်မဏ္ဍပ်တခုပဲ ရှိပါတယ်။

အဲ့ဒီမီဒီယာကုမ္ပဏီရဲ့ မဏ္ဍပ်ဖွင့်ပွဲကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာဖေမြင့်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြ ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့အတူ မဏ္ဍပ်ကို လိုက်ပါသွားသူက အဲ့ဒီနေ့က သူ့ကိုလည်း မဏ္ဍပ်က အထုတ်တထုတ်ပေးခဲ့ပေမယ့် သူက မယူခဲ့ဘူးလို့ ပြောပါတယ်။

အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေဖို့အတွက်  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်/တိုင်း အစိုးရတွေထံကို ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲနဲ့ ပေးပို့ ဖြန့်ဝေခဲ့တဲ့ “လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” မှာ ““ကျပ်ငွေနှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ်တစ်သိန်း တန်ဖိုးထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အကျုံးမဝင်သူများ)ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ (တသိန်း) ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။” လို့ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာ ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေ တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

13048219_1004109746303428_5919967208381107420_o13001329_1004109789636757_4093062822071365644_n

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013