DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၂ နှစ်ပြည့်
DVB
·
April 20, 2016
ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၂ နှစ်ပြည့်
Donate to DVB

သတင်းစာဆရာကြီး၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် (အသက် ၈၅) နှစ်ဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ မနက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ မနက်ဖြန် ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မနက် ၁၀ နာရီမှာ စတင်ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဦးဝင်းတင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲရမယ်လို့ အခိုင်အမာ ရပ်တည်သူဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ရာမှာပါဝင်ခဲ့သူဖြစ်ပြီး စစ်အစိုးရခေတ်မှာ ဖမ်းဆီးခံရစဉ် စစ်ကြောရေးကာလနဲ့ ထောင်တွင်းနှိပ်စက်မှု ဒဏ်ရာဒဏ်ချက်တွေကို အပြင်းအထန်ခံစားခဲ့ရတဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ “ကျားရဲ” ကဗျာကို ဖော်ပြပါတယ်။

ကျားရဲ

နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။

မနေ့ ကလည်း .. တနေကုန်
ဒီနေ့ လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန် မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။

တိရစ္ဆာန်ရုံက ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင်စရာ။

မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသ၍
အထင်းသားစွဲသ၍
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။

ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013