DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အယူခံဝင်ရက် ထပ်မံရွှေ့ဆိုင်း
DVB
·
April 19, 2016
လိပ်ကျွန်းလူသတ်မှု အယူခံဝင်ရက် ထပ်မံရွှေ့ဆိုင်း
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့နှစ်ဦး အတွက် အယူခံဝင်ဖို့ ရက်ကို တလထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

မူလက ဧပြီ ၂၂ ရက်နေ့မှာ အယူခံတင်ဖို့ ရှိပေမယ့်လည်း အဆင်မသင့်သေးတဲ့အတွက်  ဒီကနေ့မနက်မှာ လူငယ်နှစ်ဦးအတွက် အမှုလိုက်တဲ့ ထိုင်းရှေ့နေများကောင်စီက ကော်စမွီခရိုင်တရားရုံးမှာ ရွှေ့ဆိုင်းခွင့်တောင်းတဲ့အပေါ် ရုံးက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

လူငယ် ၂ ဦး လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောလ်က “အယူခံဝင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ရတာတွေက အများကြီးခင်ဗျ။ စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ အမှုတွဲကို ကျေလည်အောင်ဖတ်ရှုသုံးသပ်ရတယ်။ စွဲဆိုချက်တွေ၊ ထွက်ဆိုချက်တွေ၊ အထူးသဖြင့် မှုခင်းသိပ္ပံဆိုင်ရာ ကိစ္စတွေဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ရတယ်။  နိုင်ငံခြား ကျွမ်းကျင်သူပညာရှင်တွေအတွက် ထိုင်းဘာသာနဲ့ရေးထားတဲ့ အမှုတွဲကို အင်္ဂလိပ်လို ဘာသာပြန် ပို့ပေးရတယ်။ ကျနော်တို့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ ကောင်စီဘက်ကလည်း ပြင်ရ ဆင်ရတာတွေ အများကြီးပါပဲ၊ အဲဒါ အဆင်မသင့်သေးလို့  ဒီကနေ့ပဲ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်တဦးက ကော်စမွီတရားရုံးမှာ ရက်ရွှေ့ဆိုင်းခွင့် သွားတင်တယ်။ တရားရုံးကလည်း ခွင့်ပြုလိုက်ပါတယ်။ လာမယ့် မေလ ၂၃ ရက်နေ့မှ အယူခံဝင်ဖို့ပေါ့”  လို့ ပြောပါတယ်။

သူတို့အဖွဲ့ကိုယ်စားလှယ်တွေဟာ နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ရှိနေတဲ့ ၀င်းနဲ့ ဇော်ကို ၂ ပတ်တစ်ကြိမ် ပုံမှန်သွားရောက် တွေ့ဆုံအားပေးနေရာမှာ ဧပြီလ ၁၈ ရက် နေ့ ကလည်း တခေါက်ရောက်ခဲ့ပြီး သူတို့ ၂ ဦးလုံး ကျန်းမာစွာ ရှိနေကြောင်း၊  ထောင်ထဲမှာ တရားလည်း ထိုင်ရတဲ့အတွက် စိတ်ဓာတ်အင်အားပိုကောင်းမွန်နေတယ်လို့  ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း  ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းပေါ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာလူငယ် ၂ ဦးကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သေဒဏ်အပြစ်ပေးခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က ဒီလူငယ်နှစ်ဦးအမှုကို ယခင်ကာလတွေနဲ့မတူဘဲ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးအကြံပေးအဖွဲ့ဖွဲ့စည်းပြီး လိုက်ပါဆောင်ရွက်ပေးနေသလို ထိုင်းရှေ့နေများကောင်စီက လိုက်ပါဆောင်ရွက်ပါတယ်။ သေဒဏ်ပြစ်ဒဏ်ချမှတ်အပြီး မြန်မာအစိုးရဘက်က အဖွဲ့ဝင် ၃ ဦးပါအဖွဲ့တဖွဲ့ကို ထပ်ဖွဲ့ခဲ့ပါတယ်။

အသစ်တက်လာတဲ့  အန်အယ်လ်ဒီအစိုးရအနေနဲ့တော့   ဒီကိစ္စနဲ့ ပတ်သက်ပြီး  ဘာမှဆက်သွယ်ပြောဆိုလာတာမရှိသေးကြောင်း လိပ်ကျွန်းအမှု ကူညီဆောင်ရွက်ရေး ထိုင်းမြန်မာသံရုံး အထူးအဖွဲ့ဝင်   ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အထူးအဖွဲ့ကတော့ ထိုင်း-မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အသစ်တက်လာတဲ့ အစိုးရဆီကနေ ဘာမှ ပြောဆိုလာတာ မရှိသေးပါဘူး၊ အရင်အစိုးရလက်ထက်က စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူ ပညာရှင် ၃ ဦးကလည်း သုံးသပ်ချက်၊ အကြံပြုချက် ပေးထားပြီးပါပြီ၊ အခု အယူခံဝင်ဖို့ကိုပဲ စောင့်နေပါတယ်။”

အယူခံမအောင်ဘူးဆိုရင်တော့ လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အန်အယ်လ်ဒီ အစိုးရအနေနဲ့ ပါဝင်ကူညီပေးဖို့ ဆက်သွယ်တောင်းဆိုသွားမယ်လို့ ဦးကျော်သောင်းက ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013