DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် အမှိုက်ကောက်လှုပ်ရှားမှု တပတ်လုပ်မည်
DVB
·
April 19, 2016
မုံရွာတွင် အမှိုက်ကောက်လှုပ်ရှားမှု တပတ်လုပ်မည်
1 / 5
Donate to DVB

မုံရွာမြို့မှာ အမှိုက်ကောက် ကမ်ပိန်းကို စိတ်ပါဝင်စားသူတွေ ပူးပေါင်းကာ  မြန်မာနှစ်ဆန်း ၂ ရက်နေ့က စပြီး တပတ်တိတိ လုပ်ဆောင်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မြို့တော်ဝန်ဦးဆောင်တဲ့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နဲ့ ဘုန်းစိုးသန့်ရှင်းရေးလူငယ်အဖွဲ့၊ ဥပုသ်နေ့တိုင်း ဆန်ပြုတ်ကုသိုလ်အဖွဲ့၊ We are citizen နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တချို့ စုပေါင်းပြီး အမှိုက်ကောက်နေကြတာပါ။

ဦးဆောင်သူ ကိုအောင်နေမျိုးက “စည်ပင်မှာ သူတို့လုပ်တော့ လုပ်တယ်။ ဒါပေမယ့် ခု လက်ရှိအင်အားနဲ့လည်း သူတို့ မနိုင်ဖြစ်နေတာပေါ့နော်။ အဲဒါနဲ့ ကျနော်တို့လည်း ဝိုင်းကူမယ် ပေါ့။ ဒါနိုင်ငံပြုပြင်ပြောင်းလဲ တည်ဆောက်နေတဲ့အချိန်မှာ ဒါသူတို့နဲ့ လက်တွဲပြီး အကုန်လုံး  ၀ိုင်းဝန်းရှင်းမယ်ဆိုပြီး အဲ့ရည်ရွယ်ချက်နဲ့ပေါ့။”

မုံရွာမြို့တွင်းမှာ တရက်ကို အမှိုက် တန်ချိန် ၁၀၀ လောက်ထွက်ပြီး တကယ်တမ်း လိုက်သိမ်းနိုင်တာကတော့ တန် ၆၀ လောက်သာ ရှိတာကြောင့် အမှိုက်သိမ်းစနစ်အတွက် လိုအပ်တာတွေ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ မုံရွာမြို့ မြို့တော်ဝန် ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“လက်ရှိကားအနေအထားက ၁၂ စီးရှိတယ်။ ဒါပေမယ့် တကယ်တမ်း run နိုင်တာက ၈ စီး ၉ စီးပဲ ဖြစ်တယ်။ တကယ်တမ်း ၃ စီး ၄ စီးက နေ့စဉ်ပျက်နေတော့ အမှိုက်က တရက်ကို တန် ၁၀၀ ကျော် ထွက်တာပေါ့။ တကယ်သိမ်းနိုင်တာ တန် ၆၀  ၇၀ ဆိုတော့ အမှိုက်လက်ကျန်တွေ မနိုင်ဘူး။ အဲ့တွက် ဒီနှစ်ဘတ်ဂျက်မှာ ကား ၁၂ စီးလောက်တိုးပြီး ဝယ်ဖို့ တိုင်းဒေသကြီး အစိုးရကို တင်ပြပြီး ဆောင်ရွက်မှာ။ အဲကျ ကားအင်အားတိုးသလို လုပ်သား အင်အားလည်း ၆၀ ၇၀ လောက်တိုးမယ်၊ ကားအင်အား လူအင်အား တိုးမယ်ဆိုတော့ တို့မြို့မှာ တော်တော်လေးကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်ပေါ့နော်။”

အမှိုက်ပစ်တာနဲ့ပတ်သက်ပြီး စနစ်တကျပစ်တတ်အောင် ပြည်သူတွေပူးပေါင်းပါဝင်ဖို့ အများကြီး လိုသေးတယ်လို့လည်း ပြောပါတယ်။ အမှိုက်ကောက်ကမ်ပိန်းမှာ ပါဝင်သူတွေကို မြို့တော်ဝန်က အချိုရည်၊ ရေသန့်၊ လက်ဖက်ထုပ်တွေ ဝေငှခဲ့ပါတယ်။

We are citizen အဖွဲ့က ကိုကျော်ဝေဖြိုးက “မြို့နယ်စည်ပင်သာယာရေးအတွက်ပေါ့ ကျနော်တို့ အဖွဲ့အနေနဲ့ အဲလို အမှိုက်ကောက်တာတွေ ဘာတွေ တာဝန်ရှိသူတွေနဲ့ အမြဲတမ်း တွဲလုပ်လေ့ ရှိပါတယ်။ မနှစ်ကလည်း နှစ်ဆန်း တရက်နေ့နဲ့ နှစ်ဆန်း ၂ ရက်နေ့မှာ ကျနော်တို့ မြစ်ကမ်းတလျှောက် အမှိုက်တွေ ကောက်တာတွေ ရှိပါတယ်။ ဒီနှစ်လည်း အဲလိုမျိုးပေါ့။ လူမှုအဖွဲ့တွေ ပူးပေါင်းပြီးတော့ အစိုးရသစ်အပြောင်းအလဲမှာ အစိုးရရဲ့ မြို့တော်စည်ပင်ကလည်း တတပ်တအားပူးပေါင်း ပါဝင်လာတော့ ကျနော်တို့ပိုပြီး ပူးပေါင်းဆောင်ရွက်ရတာ ပိုပြီး အဆင်ပြေလာပါတယ်။ ပိုပြီး ဒီလို မြို့တလျှောက်မှာရှိတဲ့ လမ်းမကြီးတလျှောက်မှာ ရှိတဲ့ အမှိုက်တွေကို လိုက်ကောက်တဲ့ အစီအစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းပါဝင်လာရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလို အမှိုက်ကောက်တဲ့အထဲမှာ လူငယ်တွေအများကြီး ပါဝင်လာတာကိုတွေ့ရပါတယ်။

မြန်မာနှစ်ဆန်း ၂ ရက်နေ့ ဖြစ်တဲ့ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီက စတင်ပြီး မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်ကြေးရုပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း တမာတန်းလမ်းဆုံထိ အသွားအပြန်တွေ့သမျှ အမှိုက်ကောက်ခဲ့ကြသလို တပတ်တိတိ ဆက်လက်ပူးပေါင်း အမှိုက်ကောက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013