DVB Logo
Home
Lead Story
ဒီရက်ပိုင်းအတွင်း ကြက်ဥကြက်သားစားတာ ခဏရှောင်စေချင်တယ် - စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်
DVB
·
April 18, 2016
ဒီရက်ပိုင်းအတွင်း ကြက်ဥကြက်သားစားတာ ခဏရှောင်စေချင်တယ် - စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်
Donate to DVB

ဥစားကြက် ၁ သိန်းကျော် မွေးမြူလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံတချို့မှာ ခုရက်ပိုင်းအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ မျိုးသစ်တွေ့ရှိဖြစ်ပွားနေလို့ ကြက်အကောင်ရေ သောင်းနဲ့ချီပြီး အာဏာပိုင်တွေက သုတ်သင်ရှင်းလင်းနေပါတယ်။
လတ်လော ရောဂါပျံ့နှံ့မှု မဖြစ်ပွားအောင် ထိန်းချုပ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ မုံရွာမှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ နောက်ဆုံးအခြေအနေနဲ့ အစိုးရက ရောဂါပျံ့နှံ့ မဖြစ်ပွားအောင် ဘယ်လို ထိန်းချုပ်ဆောင်ရွက်နေသလဲဆိုတာ ပြောပြပေးပါလား။
“မနေ့က ထပ်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ ထိန်းချုပ်နေတယ်။ အကုန်လုံးနဲ့လည်း ဆွေးနွေးတယ်။ ကျန်းမာရေးကော၊ တိမွေးကုရော အကုန်ပါတယ်။ ပြောရရင်တော့ နှစ်ဆန်း ၁ ရက်နေ့ မနက်ခင်းငါးလွှတ်ပြီး ညနေခင်း ကြက်သတ်ခိုင်းရတာ။ ကြက်ခြံက အေဘီစီဒီ ရှိတာ အတန်းလိုက်အတန်းလိုက် စီတန်းမှာ အဖြစ်များတော့ စီတန်းက ခြံတွေ အကုန်စစ်လိုက်တယ်။ မနေ့က ထပ်စစ်တာ စစ်တော့ ၆ ခြံမှာ ၄ ခြံလောက်က ရောဂါ Positive တွေ့ရတယ်။ Positive တွေ့တဲ့ ခြံတွေအားလုံးကို သုတ်သင်ခိုင်းလိုက်ရတယ်၊ မတွေ့တဲ့ခြံတွေကိုတော့ သေချာစောင့်ကြည့်ခိုင်းထားတယ်။”

အခုတွေ့တဲ့ ရောဂါက အရင်တုန်းကလို H5N1 မဟုတ်ဘဲ ရောဂါပိုးသစ် H9N2 လို့ သိရတယ်။ ဒီရောဂါသစ်က အရင်တွေ့တဲ့ရောဂါနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုကွာခြားမှုရှိလဲ၊ ကူးစက်မှု အန္တရာယ် အတိုင်းအတာ ဘယ်လောက်ရှိပါသလဲ။
“ကျတော်တို့သိထားတာက H5N1 တို့၊ H5N2 တို့က ပြင်းထန်တယ်၊ H9N2 က ဒီလောက်မပြင်းထန်ဘူးလို့ ဆိုတာ။ ကြက်ကိုလည်း အရင်လို အများကြီးမကူးဘူး။ လူကိုလည်း ကူးတော့ကူးတယ်၊ ဒါပေမယ့် H5N1 လောက် မပြင်းထန်ဘူးလို့ ဆိုတယ်။”

ရောဂါဖြစ်ပွားပြီး ကြက်တွေသေဆုံးမှုနဲ့ သုတ်သင်ရှင်းလင်းနေမှု အခြေအနေကိုလည်း ပြောပြပေးပါလား။
“ရောဂါဖြစ်တဲ့ ကြက်က မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၁၄ ရက်အထိ အကောင်ရေ ၄၂၀ သေတာ။ မနေ့က ထပ်သွားစစ်တာ အကောင် နှစ်ဆယ် အစိတ်လောက်သေတာ တွေ့ရတော့ ၄၅၀ လောက်ပဲ သေတာ။ အဲဒီအကောင်သေတွေကို သေချာမြှုပ်ခိုင်းတယ်။ ကြက်ဥလည်း မထွက်ရတော့ဘူး။ ဘေးပတ်ခြာလည်ကိုလည်း အကုန်စောင့်ကြပ်ခိုင်းတယ်။ ကြက်တွေကို သုတ်သင်နေတယ်ဆိုတော့ အပြင်ထုတ်မှာ ဆိုးလို့လေ။ ကြက်သေတွေကို အပြင်ထုတ်ရောင်းမှာစိုးလို့။ မနေ့ကလည်း ထပ်ရှင်းတယ်ဆိုတော့ အားလုံး ၁ သောင်းခွဲကျော်သွားပြီ ကျန်တဲ့ဟာတွေလည်း ထပ်ပြီးတော့ရှင်းနေတယ်။
“မနေ့က ကြက်ခြံတွေကို ကတိခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ကြက်သေရင် အကြောင်းကြားရမယ်။ ဒီနေ့ မနက်လည်း ထပ်သွားစစ်နေပါတယ်။ ခြံတွေအကုန်လုံးစစ် စစ်ပြီးတော့ ပေါ့စတစ်ဖြစ်တဲ့ခြံတွေ အကုန်မြေမြှုပ်ခိုင်းထားပါတယ်။ မြေမြှုပ်တဲ့အခါမှာ လွတ်လပ်တဲ့နေရာမှာ နက်နက်မြှုပ်ဖို့ ဆေးတွေဖြန်းခိုင်းထားပါတယ်။ ကိုယ်တိုင်လည်း ဇုန်ထဲဝင်ပြီးတော့ အကုန် လှည့်ပတ်ကြည့်ခဲ့ပြီးပါပြီ။”

မုံရွာကြက်မွေးမြူရေးဇုန်မှာ ဘယ်လောက်အတိုင်းအတာထိ ကြက်တွေကို ရှင်းလင်းသုတ်သင်ပစ်မှာပါလဲ။
“အဲဒါတော့ မပြောနိုင်သေးဘူး။ တကယ်ရောဂါပိုးဝင်တဲ့ ခြံကတော့ မတတ်နိုင်ဘူး။ ကျနော်သူတို့ကို ပြောထားပြီးသား၊ တချို့ခြံတွေက ကြက်က ၁၁ လ၊ ၁၂ လသားရှိပြီ၊ ကြက်ဥက ၇ လလောက်ရပြီ၊ အဲတော့ ကျနော်တို့ သေချာရှင်းပြပါတယ် ဒီရောဂါပိုးဝင်မှတော့ မရှင်းလည်း အကုန် ဒီကြက်တွေ သေမှာလို့ ကာကွယ်ဆေးမရှိဘူးလို့၊ အဲတော့ ကျန်တဲ့ခြံတွေ မကူးအောင်လို့ မြှုပ်ကြရမယ်လို့။ ဥပမာ မီးလောင်တယ်ပေါ့၊ အိမ်တအိမ်ရဲ့ ပေါ့ဆမှုကြောင့် တမြို့လုံး ကျွမ်းသွားတယ်လို့။ ဒီမှာလည်း မထိမ်မချန်ပဲ အကုန်ပြောပေးကြပါလို့။ ရောဂါဖြစ်တဲ့ တခြံကြောင့် ကျန်တဲ့ ခြံတွေအားလုံး ကြက်ငှက်တွေ သုတ်သင်ပစ်လိုက်ရတယ်ဆိုရင် မကောင်းဘူးလို့ ကြက်သေရင် အကြောင်းကြားပါ လာစစ်ပါမယ်၊ စစ်တာကိုလည်း ခံယူကြပါလို့။ တချို့ခြံတွေက စစ်တာ မကြိုက်ဘူးဆိုလို့ ကျနော်ကတော့ ပြောခဲ့တယ်။ ဒီဟာ အရေးကြီးတဲ့အတွက် ၀င်စစ်ပါလို့၊ တောင်းပန်ပြီးတော့ တခါနှစ်ခါတောင်းပန်လို့ မရရင် ဥပဒေအရ လုပ်ရလိမ့်မယ်လို့၊ ဘာလို့လဲဆိုတော့ အရမ်းပျံ့နှံ့ဖြစ်ပွားရင် လူတွေကူးသွားရင် ထိန်းရခက်မှာစိုးလို့ပါ။ အကုန်လုံး သေချာကြပ်ကြပ်မတ်မတ်တော့လုပ်နေပါတယ်။”

ကြက်တွေ သုတ်သင်ပစ်ရတယ်ဆိုတော့ ဆုံးရှုံးနစ်နာသွားတဲ့ မွေးမြူရေးသမားတွေအတွက်ရော အစိုးရက ဘာတွေကူညီ ဆောင်ရွက်ပေးဖို့ရှိပါသလဲ။
“အဲဒါကို ကျနော်တို့ အကုန်လုံးစာရင်းပြုစုပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပေးမှာပါ။ အတတ်နိုင်ဆုံး ပြန်လည်လုပ်ကိုင်နိုင်ဖို့ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးပါ့မယ်လို့ ကျနော်ပြောထားခဲ့ပါတယ်။ ကြက်မွေးတဲ့သူတွေအားလုံးက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါ။ အခုက ကြက်ခြံပေါင်း ၂၅၀ ရှိတယ်၊ ကြက်မွေးတဲ့သူ ၁၃၃ ယောက်ရှိတယ်။ ကြက်က ၁ သိန်း ၂ သောင်းကျော်ရှိတာ၊ အခု ၁၆၀၀၀ -၁၇၀၀၀ ဆိုတော့ ၂ သောင်းနီးနီးလောက် သုတ်သင်ပြီးပြီ ဒီနေ့နဲ့ဆို ၂ သောင်းကျော် ၃ သောင်းလောက်ဖြစ်ရင်ဖြစ်သွားမှာ ဘယ်လောက်ထိဖြစ်သွားမယ်ဆိုတာတော့ မသိဘူး။ ဒီနေ့ မနက်ဆို ၄ ခြံထပ်ရှင်းမယ်။ နောက်ထပ်လည်း ထပ်ပြီးစစ်ဆေးမယ်။”

သုတ်သင်လိုက်တဲ့ ကြက်တွေကို အများပြည်သူတွေ အပြင်မှာဖြစ်ဖြစ်၊ ဈေးတွေမှာဖြစ်ဖြစ် ၀ယ်ယူ မစားသုံးနိုင်အောင် အစိုးရက ဘာတွေဆောင်ရွက်နေပါသလဲ။
“ဒီရက်အတွင်းမှာ မည်သည့် ကြက်ငှက် မည်သည့်ကြက်ဥမှ မစားစေချင်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း ခက်တာက တဖက်ကနေ ၀င်နေသေးတာ။ ဒီနေ့ ကြက်သားမရောင်းရဘူးဆိုပြီးတော့ ပိတ်လိုက်တယ်၊ ပိတ်လိုက်တော့ ကြက်က ဒိပြင်တခြားက ၀င်နေတယ်လို့ ကြားရတယ်။ အဲဒါနဲ့ ရောယောင်ပြီးတော့ ပါလာမှာ စိုးလို့ ဘာလုပ်ရမလဲဆိုတာ ပြန်စဉ်းစားနေတယ်။ ဒီကောင်က လူကိုလည်း နည်းနည်းအထိအခိုက်နည်းတော့ ဒီနေ့တော့ ဈေးတွေမှာတော့ ကြက်ဥကြက်သား မရောင်းကြဖို့ ထုတ်လိုက်ပါပြီ။”

အနီးနားက တခြားမြို့တွေနယ်တွေမှာရော ရောဂါဖြစ်ပွားမှု ရှိပါသလား။ တခြားတိုင်းဒေသကြီးတွေဘက်ကို ရောဂါကူးစက်မှုမရှိရလေအောင် ဘာတွေ လုပ်ဆောင်နေပါသလဲ။
“တခြားနေရာတွေမှာတော့ မကြားသေးဘူး။ ကျနော်တို့ မုံရွာအတွင်းမှာတော့ ကျနော်မှာထားတာက ကြက်သေတွေ၊ ငှက်သေတွေ တွေ့ရင် ပြောကြပါလို့မှာထားတယ်။ ကျန်းမာရေးဌာနကလည်း ဆေးခန်းဖွင့်ပြီးတော့ လူတွေဘယ်လိုဖြစ်လဲ၊ ကူးစက်လား မကူးစက်လား စောင့်ကြည့်နေတယ်။ လူတွေကို ကူးစက်တာ တယောက်မှ မတွေ့ရသေးပါဘူး။”

ဒီရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုရော ၀န်ကြီးချုပ်အနေနဲ့ ဘာတွေ တိုက်တွန်းချင်ပါသလဲ။
“ဒီဗိုင်းရပ်စ်ပိုးဟာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းသွားနိုင်တဲ့အတွက် ဒီပြင်တမျိုးများ ပြောင်းသွားရင် ကြောက်စရာမျိုးဖြစ်သွားမှာလေ။ ဒါကြောင့်မလို့ အမြန်ဆုံးရှင်းနိုင်အောင် အမြန်ဆုံး သုတ်သင်နေပါတယ်။ ဒီရက်အတွင်းမှာတော့ ခဏလေး ကြက်သားကြက်ဥ စားတာ ခဏရှောင်စေချင်တာပေါ့။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013