DVB Logo
Home
Lead Story
ဦးဦးရဲသားကြီးတွေ၊ ပြည်သူချစ်တဲ့ စစ်သားကြီးတွေဖြစ်ဖို့ နီးပြီလား...
DVB
·
April 18, 2016
ဦးဦးရဲသားကြီးတွေ၊ ပြည်သူချစ်တဲ့ စစ်သားကြီးတွေဖြစ်ဖို့ နီးပြီလား...
Donate to DVB

ကောဇာသက္ကရာဇ် ၁၃၇၇ ပြည့်နှစ်ကနေ ၁၃၇၈ ခုနှစ်ဆီကိုကူးပြောင်းတဲ့ ပါဠိဘာသာနဲ့ “သင်္ကန္တ” “ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့ခြင်း”အတွက် အထိမ်းအမှတ်ပြုကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော်ကြီးဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ ခဲ့တာ တနင်္ဂနွေဆိုရင် တန်ခူးလဆန်း (၁) ရက်ရောက်ရှိလို့ နှစ်သစ်ကူးပါတော့မယ်။

ရှေးရှေးက ပဌာန်းဆက်နည်းခဲ့လို့ မဟာသင်္ကြန်ပွဲတော်ကို နွှဲပျော်ခွင့်မကြုံခဲ့ရတာ အနှစ် ၂၀ ကျော်ခဲ့ပေမယ့် တန်ခူးလရောက်တိုင်း သင်္ကြန်သီချင်းတွေ ကြားတိုင်းတော့ဖြင့် သွေးထဲသားထဲမှာ ပျော်ဝင်လို့လည်ပတ်နေဆဲ သင်္ကြန်ပိုးကတော့ ဟိုနားကတိုး ဒီနားကိုထိုးနဲ့ မရိုးမရွဖြစ်မြဲပါပဲ။

ဒီနှစ်မှာလည်း အရင်နှစ်တွေလို ထုံးစံအတိုင်း အင်တာနက်သတင်း၊ တီဗွီရုပ်မြင်သံကြား သတင်းတွေ ယူကျု့ဗွီဒီယိုလေးတွေကြည့်ရင်း အလွမ်းဖြေခဲ့ရတာပါဘဲ။ အယ်နီညို နှိပ်စက်ထားလို့ အပူလွန်ခြောက်သယောင်းနေဆဲ မြန်မာနိုင်ငံတွင်းမှာကျင်းပခဲ့တဲ့ ဒီနှစ်မဟာသင်္ကြန်ပွဲတော်ရဲ့ ပုံရိပ်တွေထဲမှာ ထူးထူးခြားခြားသတိပြုမိတာကတော့ ရဲဝန်ထမ်းတွေရဲ့ အရင်တုန်းကနဲ့ မတူကွဲပြားတဲ့ အပြုအမူတွေကြောင့် ပြည်သူ့မေတ္တာကို စတင် သိမ်းပိုက်နေတဲ့ ပုံရိပ်များစွာပါဘဲ။

စနစ်မမှန်၊ အုပ်ချုပ်သူမမှန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်မှာ အကျင့်ပျက်ခြစားမှု၊ အခွင့်အာဏာ အလွဲသုံးစား ပြုလို့ပြည်သူလူထုကို အနိုင်ကျင့်စော်ကားမှုစတဲ့ နာမည်ဆိုးအမျိုးမျိုးနဲ့ ပြည်သူ့ ချည်ဖတ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင်ဝန်ထမ်းတွေထဲမှာ ပြည်သူတွေနဲ့အနီးကပ်ဆုံး ထိတွေ့ရတဲ့ တပ်ဖွဲ့ကတော့ ရဲဝန်ထမ်းတွေဘဲ မဟုတ်လား။

အထူးသဖြင့် အရင်အစိုးရဟောင်း ဦးသိန်းစိန်တို့လက်ထက်မှာ တရုတ်ပြည်အကျိုးစီးပွားအတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်သိမ်းခံတောင်သူတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ သံဃာတော်တွေကို မီးသင်္ကန်းကပ်ခဲ့တာ၊ မလောက်ငှလို့ လုပ်ခတိုးတောင်းရှာတဲ့ အလုပ်သမားတွေကို တရားနည်းလမ်းမကျဘဲနှိမ်နှင်းခဲ့တာ၊ စစ်တပ်နဲ့ခရီုနီတွေ မတန်မရာလုယူ သိမ်းပိုက်ထားတဲ့ အများပြည်သူပိုင်မြေတွေပေါ်မှာ နေစရာမြေမရှိလို့ ၀င်ရောက်နေထိုင်ကြတဲ့ ဆင်းရဲသားပြည်သူတွေရဲ့ တဲကုပ်လေးတွေကို ကျူးကျော်လို့သမုဒ်ပြီး ဘူဒိုဇာတွေနဲ့ ထိုးကော် ဖျက်ဆီးခဲ့တာ၊ ဒီမိုကရေစီပညာရေး အတွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားနဲ့ ၀ိုင်းရံပြည်သူများကို လက်ပံတန်းမြို့မှာ ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်၊ ခုန်ပေါက်ဖျက်ဆီး မတရားသဖြင့်ဖမ်းဆီးခဲ့တဲ့ သမိုင်းဆိုးများစွာ ကမ္ဗည်းထိုးခဲ့ကြတာ လတ်လတ်ဆတ်ဆတ်ပဲ ရှိပါသေးတယ်။

မိဘပြည်သူတွေနဲ့ သူတို့သားသမီးတွေဟာ နှစ်ရှည်လများ အနိုင်ထက်ကျင့်မှုကို မချိမဆန့် ခံစားလာခဲ့ရပေမယ်ြ ပြီးခဲ့တဲ့သင်္ကြန်ရက်တွေအတွင်း ရဲဝန်ထမ်းတွေရဲ့ ပြည်သူ့ရဲပီသစွာ အမှုထမ်းယုံနဲ့တင် အယင်အပြစ်တွေ မေ့ဖျောက်လို့ “ဦးဦးရဲသားကြီး” “ရဲကိုကိုကြီးတဲ့” ခေါ်နေကြ ပါပြီ။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် အတိတ်မှာ ဘယ်လောက်ဘဲ မှားခဲ့မှားခဲ့ လမ်းမှန်ပေါ် လျှောက်လှမ်းလာတဲ့ ဘယ်သူ့ကိုမဆို ပြည်သူလူထုဟာ ခွင့်လွတ်တတ်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသနေတာပါဘဲ။ ဒါဟာ မြန်မာနိုင်ငံအတွက် အလွန်ကောင်းတဲ့ လက္ခဏာတရပ် ပါဘဲ။

လူမသိ သူမသိအောင်အရက်မူးနေတဲ့ ပြည်သူ့သားသမီးတွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်တာ၊ အရက်ပုလင်းကအစ အမှိုက်ကောက်တာ၊ ပျက်နေတဲ့ စက်နိုးမရတဲ့ကားကို ကူညီတွန်းပေးကြတာ၊ ရိုင်းပြတဲ့သူတွေ၊ အန္တရာယ်မလွတ်ကင်းအောင် ၀တ်စားသူတွေ၊ စည်းကမ်း ဖောက်ဖျက်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ အရေးယူပြတာတွေဟာ ပြည်သူ့ရဲဝန်ထမ်း တွေရဲ့ လက္ခဏာတွေကိုပြသတာပဲ မဟုတ်လား။

တကယ်တော့ ရဲဝန်ထမ်းတွေဖြစ်ဖြစ်၊ တပ်မတော်သားတွေဘဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်းဘဲဖြစ်ဖြစ် ပြည်သူတွေကိုယ်တိုင်ဘဲဖြစ်ဖြစ် စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ အကျင့်သီလပျက်ကြတယ်၊ လာဘ်စားကြတယ်၊ ခိုးကြ၀ှက်ကြတယ်၊ စည်းကမ်းဖောက်ဖျက်ကြတယ်၊ အခွင့်ထူးခံကြတယ်၊ ဥပဒေအထက်နေကြတယ်ဆိုတာ အဲ့ဒီခေတ်ဆိုးခေတ်ပျက်တွေက ခွင့်ပြုထားလို့ ကျူးလွန်နိုင် ကြတာပါ။

အုပ်ချုပ်သူတွေကိုယ်တိုင်က အကျင့်သီလမကောင်း၊ တိုင်းပြည်အပေါ်စေတနာမကောင်းခဲ့ကြတော့ ညံဖျင်းတဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ခေါင်မလုံတော့ ကြမ်းခင်တွေမိုးစိုခဲ့သလို သူတို့ဟာ အဲ့ဒီခေတ်ပျက်တွေက ပြဌာန်းလိုက်တဲ့အတိုင်း ပြုမူကျူးလွန်ခဲ့ကြတာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားနဲ့ အရပ်သားအစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်အမြင်ကြီးမားစွာ ဦးဆောင်မှု အောက်မှာ အာဏာလွှဲပြောင်းမယူခင်ကတည်းက ဥပဒေပြုရမယ့် လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးအာဏာယူရမယ့် အစိုးရအဖွဲ့ဝင်ဖြစ်မယ့် ၀န်ကြီးလောင်းတွေကို ဥပဒေအထက်၊ ပြည်သူ့အထက်မှာ မနေရဲအောင်၊ အမှိုက်ကောက်ရတာတို့၊ ပိုင်ဆိုင်မှုကြေညာရတာတို့၊ ခံစားခွင့် တွေ လျှော့ယူရတာတို့လုပ်ပြီး ပေါက်ပြဲနေတဲ့ ခေါင်မိုးအစုတ်ကြီးကို ပြင်ဆင်ပြခဲ့တယ်လေ။

ဒီတော့ မှန်ကန်တဲ့အစိုးရတရပ်၊ တော်တည့်ဖြောင့်မတ်တဲ့ အုပ်ချုပ်သူအစိုးရတရပ်အောက်မှာ သူတို့အောက်က ၀န်ထမ်းတွေ ဘယ်လိုလုပ်ပြီး အယင်ခေတ်တုန်းကလို အကျင့်ပျက်၊ တာဝန်မဲ့ နေရဲပါတော့မလဲ။ ဒီလို ပြောင်းလဲလာတဲ့ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေးရာသီဥတု အပြောင်းအလဲကိုမှ မလိုက်ပါနိုင်တဲ့သူတွေ အကျင်းဟောင်းမဖျောက်နိုင်တဲ့ သူတွေကတော့ အရိပ်သုံးပါးမသိတဲ့ ဂျီသငယ် ကျားစာဖြစ်ဆိုသလို သိပ်မကြာခင် တရားရုံးတွေမှာ သူတို့ကို မြင်ကြရတော့မှာ မဟုတ်လား။

အမှန်တရားကတော့ ရဲတပ်ဖွဲ့ဖြစ်ဖြစ်၊ စစ်တပ်ဘဲဖြစ်ဖြစ် ဘယ်လူ့အဖွဲ့အစည်းမှာမဆို သူခိုးဂျပိုးစိတ် ရှိတဲ့ လူဆိုးလူယုတ်မာတွေရှိသလို၊ လူကောင်းသူကောင်းတွေလည်း အမြောက်အများရှိတယ် ဆိုတာပါဘဲ။ ဘာပဲပြောပြော ဒီနှစ်သင်္ကြန်မှာ ပြည်သူတွေ ကြည်ကြည်ဖြူဖြူပေးတဲ့ အကယ်ဒမီကို ရသွားတာကတော့ ရဲတပ်ဖွဲ့ပဲလို့ လူသူအများကပြောဆိုနေကြပါပြီ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားနဲ့အညီ ဝန်ထမ်းလောကမှာ ပြည်သူလူထုနဲ့ အနီးကပ် အထိတွေ့ရဆုံးရဲတပ်ဖွဲ့က ဦးစွာပြောင်းလဲခဲ့တာမို့ ကြိုဆိုကြရမှာဖြစ်ပါတယ်။ တပ်မတော်သားတွေ ကလည်း အခုဆို မီးဘေးကယ်ဆယ်ရေး၊ ရေဘေးကယ်ဆယ်ရေး၊ အပူလွန်ကဲမှုတွေကြောင့် ရေရှားပါးပြတ်လပ်နေတဲ့အရပ်တွေကို စစ်တပ်ရေကားကြီးတွေနဲ့ ရေအခက်အခဲကို ကူညီဖြေရှင်း ပေးနေကြပါပြီ။ အရေးကြီးတာက ဘာပဲလုပ်လုပ် ရိုးရိုးသားသား၊ စေတနာပါပါ လုပ်ကိုင်ကြဖို့ လိုပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့အများပြည်သူတွေ သိရှိသတိပြုမိစေဖို့ ပြည်သူ့ရဲကျင့်ဝတ်ပေါင်း ၇၀ ကျော်ရှိတဲ့ အနက်က ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါးကို ဖော်ပြပေး လိုက်ပါတယ်။

(၁) ဥပဒေဘောင်အတွင်းနေထိုင်ကြသော ပြည်သူလူထုကို လေးစားချစ်ခင်ပါ။
(၂) ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။
(၃) ပြည်သူလူထုကအပ်နှင်းထားသော လက်နက်နှင့်လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ပြည်သူလူထုကို ကာကွယ်ပါ။
(၄) ပြည်သူလူထု၏ဆန္ဒကို တရားဥပဒေနဲ့အညီဖြည့်ဆီးပါ။
(၅) ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ရိုင်းပြစွာပြောဆို ဆက်ဆံပြောဆိုမှုကို ရှောင်ကြဉ်ပါ။
(၆) ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုရယူပါ။
(၇) ပြည်သူလူထု၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို လေးစားပါ။
(၈) ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါ။
(၉) လုပ်ကိုင်ခွင့်အာဏာကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိရန်သတိပြုပါ။
(၁၀) ပြည်သူလူထု၏ သားပျို၊ သမီးပျိုနှင့် သားမယားတို့ကို စည်းစောင့်ပါ။

ပြည်သူ့ရဲတပ်ဖွဲ့လိုပါဘဲ တပ်မတော်သားတွေမှာလည်း လိုက်နာရမယ့် ကျင့်ဝတ် ၆၀ နဲ့ သစ္စာ ၄ ချက်ဆိုတာ ရှိပါတယ်။ ၁၉၅၃ ခုနှစ်လောက်က စတင်ပေါ်ထွက်လာခဲ့တဲ့ စစ်သည်တော် ကျင့်ဝတ်ဆိုတာ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုသလို နမူနာဆိုးကိုပြသသွားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ ပြဋ္ဌာန်းခဲ့တာပါ။ ဒါကြောင့် လည်း ဦးဆောင်နွားလား ဖြောင့်ဖြောင့်မသွားတော့ နောက်နွားတသိုက်လည်း ဖြောင့်ဖြောင့်မလိုက် ခဲ့ကြတာ မဆန်းပါဘူး။

စာရှည်မှာစိုးလို့ ဒီဆောင်းပါးမှာတော့ သစ္စာ ၄ ချက်ကိုပဲ ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေပါမည်။
(၂) ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်။
(၃) ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။
(၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် ပြည်သူ့အစေခံ ၀န်ထမ်းအဖွဲ့စည်းတွေထဲမှာပါတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တချို့နဲ့ တပ်မတော်သားတချို့ရဲ့ပြောင်းလဲလာမှုကို လှိုက်လှဲစွာကြိုဆိုပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျင့်ဝတ်တွေဆိုတာ အထက်အရာရှိကို နှုတ်တက်ရွရွရွတ်ပြနိုင်ယုံ၊ ရေးဖြေပြိုင်ပွဲတွေမှာချရေးနိုင်ယုံ ကျက်မှတ်အာဂုံဆောင်ထားရမယ့် ကျင့်ဝတ်တွေ မဟုတ်ပါဘူး။ နှလုံးသားအသိနဲ့ လက်တွေ့ ကျင့်ကြံလိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ ပြည်သူတွေအပေါ်မှာ ရေလိုလလိုကျင့်မယ် “ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ”ဆိုတဲ့ ခံယူချက်ရှိမယ်၊ နိုင်ငံတော်နှင့်နိုင်ငံသားတွေရဲ့ သစ္စာကို တကယ်ပဲ ရိုးသားစွာ စောင့်သိရိုသေကြမယ်ဆိုရင် မကြာတော့တဲ့အချိန်မှာ ပြည်သူတွေ အားကိုးအားထားတဲ့ ဦးဦးရဲသားကြီးတွေ ပြည်သူကပန်းကုံးစွပ်ချင်တဲ့ ပြည်သူချစ်တဲ့ စစ်သားကြီးတွေဖြစ်လာမှာ မုချဧကန် အမှန်ဖြစ်ပါကြောင်း။

မင်းကောင်းချစ်
နှစ်ဆန်း (၁) ရက် မြန်မာနှစ်သစ်ကူးနေ့ 
တန်ခူးလဆန်း (၁၀) ရက် ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ်
ဧပြီလ ၁၇ ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013