DVB Logo
Home
Lead Story
စစ်တပ်ကိုထိရင် လုံးဝ စကားလုံးတလုံးတောင် မခံဘူး - ဦးတင့်ဆန်း ယူနတီဂျာနယ်
DVB
·
April 17, 2016
စစ်တပ်ကိုထိရင် လုံးဝ စကားလုံးတလုံးတောင် မခံဘူး - ဦးတင့်ဆန်း ယူနတီဂျာနယ်
Donate to DVB

အစိုးရသစ်လက်ထက်မှာလည်း သတင်းသမားတွေ သတိထားလုပ်မှရမယ်၊ စစ်တပ်ကိုထိရင် စကားလုံးတလုံးတောင် မခံဘူးဆိုတာ လေးလေးနက်နက် သိထားတယ်လို့ ဒီနေ့ပဲ ပခုက္ကူထောင်က ပြန်လွတ်လာတဲ့ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။

သူကတော့ အစိုးရသစ်လက်ထက်မှာ သတင်းသမားတယောက်အနေနဲ့ပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အစိုးရကို စောင့်ကြည့်ထောက်ပြသွားမယ်လို့လည်း ပြောပါတယ်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်း စက်ရုံကို လျှိ့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦးနဲ့ ဦးအောင်သူရ တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှာတော့ ပခုက္ကူခရိုင် တရားရုံးမှာ သူတို့ ၅ ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပြီး အခု သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ဦးတင့်ဆန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးတင့်ဆန်းတို့ကို အစိုးရသစ်က လွှတ်ပေးလိုက်တယ်၊ အခု ထောင်က ထွက်လာလာချင်း အစိုးရသစ်ကို ဘာပြောချင်လဲ။

“ပထမဆုံး ပြောချင်တာက ကြိုဆိုပါတယ်၊ ဒါပေမယ့် တချို့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့အတွက် အဲ့ဒါတွေ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ အစိုးရသစ်မှာ သတိထားရမယ့်အချက်တွေက အရင် အစိုးရဟောင်းရဲ့ ပြဿ နာတွေက အများကြီး ရှိနေသေးတယ်၊ အဲ့ဒီ ပြဿ  နာတွေကို သေသေချာချာနဲ့ ကိုင်တွယ်နိုင်မှ ကျနော်တို့ ရည်မှန်းထားတဲ့ဆီ ရောက်လိမ့်မယ်လို့ ထင်ပါတယ်။”

ဦးတင့်ဆန်းတို့ သတင်းသမားတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ထောင်ချခံခဲ့ရတာ တရားသဖြင့်လား မတရားဘူးလား၊ ဘယ်လိုမြင်လဲ။

“အမှန်ကတော့ သတင်းသမားက ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပါပဲ၊ ဒါပေမယ့် အစိုးရရဲ့ ရုပ်ပြက ဒီမိုကရေစီကူးပြောင်းရေး လုပ်နေတယ်ဆိုပြီး သူတို့က သွားပေမယ့် ငါတို့ကို ထိလို့ရှိရင် မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ကို နှစ်ရှည်ထောင်ချတယ်လို့ မြင်တယ်၊ ဒုတိယတချက်ကတော့ အရင် အစိုးရဟာ အလုပ်တွေ အားလုံးကို ဟန်ပြပဲ လုပ်ခဲ့တယ်၊ လက်တွေ့ကျကျ ဘာမှ မလုပ်ခဲ့ဘူး။ ခပ်ရှင်းရှင်းစကားနဲ့ ပြောရရင်တော့ သူတို့က ပေါ့ပျက်ပျက်အလုပ်တွေကိုပဲ လုပ်တာများခဲ့ပြီးတော့ တကယ်ကို ရင်ထဲက ရှိတဲ့အလုပ် မလုပ်ဘူး။ နောက်တခုက သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးသယောင်ယောင်နဲ့ မပေးခဲ့တဲ့အတွက် ဒီလို ပြဿ နာတွေရှိခဲ့တယ်လို့ မြင်ပါတယ်။”

ဦးတင့်ဆန်း နိုင်ငံရေးလုပ်တုန်းကလည်း ထောင်ကျဖူးတယ်၊ အခု သတင်းသမား ဘ၀နဲ့လည်း ထောင်ကျတယ်၊ ထောင်မှာ ဘာတွေ ကွာနေပြီလဲ။

“အချုပ်က ၃ ကြိမ်၊ ထောင်က ၃ ကြိမ်၊ ၆ ကြိမ်လောက် ကျခဲ့ဖူးတယ်။ ဒါပေမယ့် ထောင် ခုချိန်ထိ မပြောင်းလဲဘူး၊ ဘာကြောင့် မပြောင်းလဲလဲ ဆိုတော့ ထောင်မှာ ရှိနေတဲ့ ပြဿ   နာတွေ အတော်များများကို အရင်အတိုင်းပဲရှိတယ်။ နည်းနည်းလေး သတင်းဖတ်ခွင့်ရယ်၊ သတင်းနားထောင်ခွင့်ရယ် ရလာတာက လွဲလို့ ကျန်တာတွေက ရှိနေဆဲပဲ။ နောက်တခုက ထောင်ထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ကျနေတဲ့လူငယ်တွေ တော်တော်များများက ကျွန်စနစ်လို ဖြတ်သန်းနေရတုန်းပဲ ရှိသေးတယ်။လုံးဝ မပြောင်းလဲသေးဘူးခင်ဗျ။”

နောက်တခုက ယူနတီသတင်းသမားတွေကို ထောင်ချတော့ ပြည်တွင်းပြည်ပ မီဒီယာသမားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်၊ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်၊ အဲ့ဒီအပေါ်ရော။

“ကြိုဆိုပါတယ်။ ကျနော်တို့ရဲ့ မီဒီယာသမားတွေက ကျနော်တို့အပေါ် စာနာပြီးတော့ ကူညီကြတဲ့အတွက် ပြည်တွင်းပြည်ပ မီဒီယာသမား လုပ်ဖော်ကိုင်ဘက်အားလုံးကို ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။အဲ့လိုပဲ ဖြစ်နေရမှာပါ။”

ဦးတင့်ဆန်းက နိုင်ငံရေးလည်း လုပ်ခဲ့ဖူးတယ်၊ သတင်းသမားလည်း လုပ်ခဲ့ဖူးတယ်။ အခု အစိုးရသစ်လက်ထက်မှာ ဘာဆက်လုပ်မယ် စိတ်ကူးလဲ။

“ကျနော် သတင်းမီဒီယာသမားတယောက်အနေနဲ့ပဲ ဆက်ပြီး ရှိနေမှာပါ။ သတင်းသမားတယောက်အနေနဲ့ လက်ရှိ အစိုးရသစ်ကိုတော့ ကျနော်တို့ လိုလားတဲ့ အစိုးရ ဖြစ်ပေမယ့် သူတို့ကို စောင့်ကြည့်ပြီးတော့ မှားတာတွေကို ဝေဖန်မယ်၊ မှန်တာကိုလည်း အပြုသဘောနဲ့ အကြံပြုဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။”

အခု အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေ ပိုပြီးတော့ လုပ်သာကိုင်သာ ရှိလာမယ်လို့ မြင်လား၊ ဒါမှ မဟုတ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလို ထောင်ကျနိုင်သေးလား။

“အရင် အစိုးရထက်စာရင် အခု အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာ ရှိလိမ့်မယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ပြန်ကြားရေးဝန်ကြီးကလည်း ကျနော်တို့နဲ့ မစိမ်းတဲ့ သတင်းလောကက ဆရာ ဖြစ်နေတော့လေ၊ အစိုးရသစ်ဟာ ပြည်သူက ရွေးချယ်တဲ့ အစိုးရဖြစ်ပေမယ့် သတင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တတွေ သတိထားပြီး ဆောင်ရွက်မှ ရပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော စစ်တပ်က ထိုင်နေတဲ့အတွက် စစ်တပ်ကိုထိလို့ရှိရင် လုံးဝ စကားလုံးတလုံးတောင် မခံဘူး ဆိုတာ ကျနော်တို့ လေးလေးနက်နက် သိထားတဲ့အချက်တွေ ရှိနေတဲ့အတွက် သတင်းရေးတဲ့အခါမှာ သတိထားပြီး ရေးစေချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013