DVB Logo
Home
Lead Story
ပြည်သူ့အစိုးရဖြစ်လို့ ဆန္ဒပြစရာ မလိုတော့ဘူးထင်တယ် - ဦးနေမျိုးဇင်
DVB
·
April 17, 2016
ပြည်သူ့အစိုးရဖြစ်လို့ ဆန္ဒပြစရာ မလိုတော့ဘူးထင်တယ် - ဦးနေမျိုးဇင်
Donate to DVB

ရန်ကုန် အင်းစိန်ထောင်တွင်း ၁ နှစ်နဲ့ ၄ လကြာ အကျဉ်းကျခဲ့ပြီး နှစ်ဆန်းတရက်မှာ သမ္မတ ဦးထင်ကျော်ရဲ့အမိန့်နဲ့ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က အစိုးရသစ်လက်ထက်မှာ ဆန္ဒပြစရာ မလိုဘူးလို့ ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ဦးနေမျိုးဇင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အစိုးရသစ်ကို ပထမဆုံး ဘာပြောချင်လဲဗျ။

“ပြည်သူ့အစိုးရစစ်စစ်ဖြစ်အောင် အပြောနဲ့အလုပ်ညီကြောင်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဖြင့် ပထမဆုံး သက်သေပြလိုက်တယ်၊ နှစ်ကူးနှုတ်ဆက် အစိုးရတရပ်ရဲ့ အလုပ်ကို လုပ်ပြလိုက်တဲ့အတွက် ဂုဏ်ယူတယ်၊ ဂုဏ်ပြုပါတယ်ဆိုတာ ပထမဆုံး ပြောချင်ပါတယ်။”

ဦးနေမျိုးဇင်တို့က အစိုးရဟောင်းလက်ထက်မှာ ထောင်ထဲရောက်သွားတယ်၊ အစိုးရသစ်လက်ထက်မှာ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ အခု အစိုးရသစ်တက်လာတော့ ထူးထူးခြားခြား ပြောင်းလဲတာ တွေ့ရလား၊

“ထောင်က စစ်အစိုးရလက်ထက်လောက် မဆိုးတော့ဘူးလို့ ဆိုရပေမယ့် ပြုပြင်ပြောင်းလဲပြင်ဆင်ပေးတဲ့ ဌာနကြီးမျိုးဖြစ်အောင်တော့ အများကြီး လုပ်ရဦးမယ်၊ အခုကတော့ အရင်ခေတ်ဟောင်းက ပုံစံအတိုင်း ဖမ်းဆီးချုပ်နှောင်ထားတာအင်အားက တအားများတယ်၊ ၈၀၀၀၊ ကျော် ၉၀၀၀ နီးပါးရှိနေတယ်။ ၆၀၀၀ ပဲဆန့်တဲ့ ထောင်မှာ ၃၀၀၀ လောက် ပိုနေတယ်၊ အချုပ်သားတွေက အများကြီးဖြစ်နေတယ်။ ထောင်ဝန်ထမ်းက အားနည်းပြီးတော့ အကျဉ်းထောင်ဥပဒေလည်း စနစ်တကျရေးဆွဲပြီးပြဋ္ဌာန်းထားတာ မရှိသေးတော့ အလျဉ်းသင့်သလို အုပ်ချုပ်နေရတယ်။ သိပ်ဆိုးဝါးတဲ့ လူတွေအတွက်ကို လူ့အခွင့်အရေး ဘေးချိတ်ပြီးတော့ အကျဉ်းသားအချင်းချင်း ဖိနှိပ်ခြင်း၊ စောင့်ကြည့်ထိန်းချုပ် အနိုင်ကျင့်ခြင်း ပုံစံတွေ ကျင့်သုံးနေရဆဲဖြစ်သလို တချို့သော ထောင်ဝန်ထမ်းငယ် အရာရှိငယ်တွေကတော့ လာဘ်ပေးလာဘ်ယူမှုတွေ အခုအချိန်ထိ ရှိနေသေးတယ်။ ပြီးတော့ ပြင်ပမှာ တိကျတဲ့ တရားဥပေဒစိုးမိုးရေးနဲ့ တိကျတဲ့ ရာဇ၀တ်မှု ထိန်းသိမ်းရေးတွေ မလုပ်နိုင်သေးတဲ့အခါကျတော့ သာမန် ခိုးမှုလောက်နဲ့ ထောင်ထဲ ရောက်လာတဲ့ အကျဉ်းသားတယောက်က ထောင်က ပြန်ထွက်တာနဲ့ လူသတ်တယ်၊ ဓားပြတိုက်ရယ်နဲ့ အကုန်လုံး လုပ်ရဲသွားတဲ့ သူတယောက် ဖြစ်သွားတယ်။ ဆရာကြီးလုပ်တဲ့ လူမိုက်ကြီးတွေရဲ့ သွန်သင်မှုကို လာရောက်သင်ယူကြတဲ့ ဘ၀တက္ကသိုလ်လို ဖြစ်နေတယ်။ ထင်သလိုဖမ်း ထင်သလို ထောင်ချချင်သလို လာဘ်ပေးလာဘ်ယူလုပ်နေတဲ့ ကိစ္စတွေနဲ့ ဆက်လည်နေဦးမယ်ဆိုရင်တော့ အကျဉ်းထောင်စနစ်က အလကား ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။”

ဦးနေမျိုးဇင်တို့က ထောင်ကထွက်ပြီး အမှုရင်ဆိုင်နေရတာ ခဏခဏ၊ ရဲတွေနဲ့ ပတ်သက်နေခဲ့ရတာလေ၊ အခု ရဲတွေနဲ့ ပတ်သက်လို့ ဘယ်လို မြင်လဲဗျ။

“ပြည်သူ့ရဲ ပီပီသသနေချင်တဲ့ အရာရှိအရာခံ ရဲတပ်သားရဲတပ်ဖွဲ့ဝင်တွေ အမြောက်အမြား ရှိနေတာတော့ သေချာတယ်ဗျ၊ ဒါပေမယ့် သူတို့ကို နှစ်ပေါင်းများစွာ စစ်အာဏာာရှင်တွေရဲ့ လက်ကတုံး အထူးသဖြင့် တပ်မတော်ရဲ့ လက်ကတုံးတောင်ဝှေးအဖြစ် မြို့ပြအုပ်ချုပ်ရေးမှာ ကြားခံအဖြစ် လူမိုက်တပ်ဖွဲ့အဖြစ် သူတို့ အသုံးချခံခဲ့ရတာ နှစ်ကြာလာတယ်။ နောက်တခါ မိုးကျရွှေကိုယ်ဆိုပြီး စစ်တပ်က အသွင်ပြောင်းရောက်လာတဲ့ အားလုံးတော့ မဆိုလိုပါဘူး။ တချို့လည်း စိတ်ကောင်းစေတနာကောင်း ရှိကြပါတယ်။ အဲ့ဒီ မိုးကျရွှေကိုယ်တွေက စစ်ပုံစံအတိုင်း ရေဘူးပေါက်တာ မလိုချင်ဘူးဆိုပြီး ခိုင်းစေတာတွေ ရှိသလို အထက်အောက် ဆင့်ကဲဆင့်ကဲ ပြန်လှန်ကြည့်ရှုရတဲ့ ငွေရှာပေးရတာပေါ့နော်၊ ဥပမာအားဖြင့် နယ်ထိန်းက စခန်းမှူးကို ဘယ်လောက်၊ စခန်းမှူးကတခါ မြို့နယ်မှူးကို ဘယ်လောက်၊ မြို့နယ်မှူးက ခရိုင်မှူးကို ဘယ်လောက် ခရိုင်မှူးက တိုင်းမှူးကို ဘယ်လောက်၊ ဆင့်ကဲဆင့်ကဲ အဲ့ဒီလို တရားမ၀င် ရှာဖွေပေးနေရတဲ့ အလုပ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်လာတော့ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ချင်သော်လည်းပဲ ဆောင်ရွက်ခွင့် မရလို့ ၀မ်းနည်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အမြောက်အမြား ရှိပါတယ်။ အခု ပြည်ထဲရေးဝန်ကြီး အသစ်လဲ ပြောင်းသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ၀န်ကြီးကောင်းရင် နောက်လိုက်ကောင်းမယ်ဆိုတဲ့အတိုင်း ခု ပြည်ထဲရေးဝန်ကြီးအသစ်က သင်္ကြန်ကာလမှာကိုပဲ ပဏမအစပြုပြီးတော့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ စတင်လိုက်တယ်လို့ ကျနော် ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း တိကျတဲ့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတကာက သင်ပြပေးထားတဲ့ အရည်အချင်းမြှင့် စွမ်းရည်တွေအတိုင်း တိကျစေ့စပ်သေချာ လုပ်ပိုင်ခွင့်ပြည့်ဝစွာနဲ့ ရဲအလုပ်ခေါ်တဲ့ မြို့ပြကာကွယ်ရေးကို ပီပီပြင်ပြင်ဆောင်ရွက်ခွင့် အစိုးရသစ်က ဖန်တီးပေးမယ်ဆိုရင် ရဲတပ်ဖွဲ့ အများကြီး ကောင်းလာမှာပါ။”

ဦးနေမျိုးဇင်တို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အခု အစိုးရသစ်လက်ထက်မှာ ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။

“အခုတော့ တာဝန်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပါဦးမယ်၊ သူတို့ ဟောပြောတဲ့မိန့်ခွန်းတွေကို လက်လှမ်းမီသလောက် နားထောင်ပါဦးမယ်၊ အခုကတော့ ကျနော့်အနေနဲ့ စူးစမ်းလေ့လာဆဲဖြစ်တဲ့အတွက်ကြောင့် တိတိကျကျ ဘယ်လမ်းကြောင်းအတိုင်းသွားမယ်ဆိုတာ မပြောနိုင်သေးပါဘူး။”

ဆန္ဒပြဦးမှာလား။

“ဆန္ဒပြစရာ မလိုဘူးလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့အစိုးရဖြစ်တယ်၊ ပြည်သူ့အစိုးရကို တန်ပြန်စောင့်ကြည့်နေမယ့် စနစ်ဟောင်းက လူဟောင်းတချို့ ကန့်လန့်တိုက်လိုက်မယ့် ဂဏန်းတချို့  ရှိပါလိမ့်မယ်။ ကျနော့်အနေနဲ့ ဆန္ဒပြစရာ မရှိတဲ့အပြင် ဆန္ဒပြဖို့လည်း မလိုဘူး၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြုပြည်ပြု တည်ဆောက်ရေးအလုပ်တွေ စဉ်ဆက်မပြတ် လူထုအကြားမှာ ဟောပြောမယ်၊ စည်းရုံးမယ်၊ အပြန်အလှန်ထိန်းကျောင်းပြီး သွားရမယ့် လုပ်ငန်းစဉ်တွေ အမြောက်အမြား ရှိနေတယ်ဆိုတာ သိတဲ့အတွက်ကြောင့် တာဝန်တွေယူရင်းနဲ့ပဲ အချိန်တွေကို တိတိကျကျ တန်ဖိုးရှိအောင် သုံးရမှာမို့လို့ ကျနော့်အနေနဲ့ ဆန္ဒပြစရာ မရှိဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013