တရုတ်ပြည်မကြီးကို ဝင်ရောက်တိုက်ခတ်တဲ့ အားအပြင်းဆုံးမုန်တိုင်း တိုင်ဖွန်းဘာဗီဟာ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇူလိုင် ၁၂ ရက် မနက်မှာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ်နိုင်ငံအရွယ်အစားရှိတဲ့အထိ ကျယ်ပြန့်တဲ့ မုန်တိုင်းစနစ်ကြောင့် လာမဲ့ရက်တွေ အတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းတလျှောက်က ရှည်လျားကျယ်ပြန့်တဲ့ ဧရိယာတဝန်း မိုးရွာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးပါတယ်။
မုန်တိုင်းဘာဗီက ကုန်းတွင်းမဝင်မီ လူပေါင်း ၂ သန်း နီးပါးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပြီး အများစုက တရုတ်ရဲ့ စီးပွားရေးနဲ့ နည်းပညာဗဟိုချက်ပြည်နယ်ဖြစ်တဲ့ ကျဲ့ကျန်းပြည်နယ်ထဲက လူတွေ ဖြစ်ပါတယ်။
ဘာဗီမုန်တိုင်းဟာ ဇူလိုင် ၁၁ ရက် ည ၁၁ နာရီ မိနစ် ၂၀ လောက်မှာ ကျဲ့ကျန်းပြည်နယ်ရဲ့ ကမ်းရိုးတန်းမြို့ ယုဟွမ်ကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် သန်းခေါင်ယံလောက်မှာ ဝမ်ကျိုးမြို့ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ယွဲ့ချင်းမြို့နယ်ကနေ ဒုတိယအကြိမ်မြောက် ကုန်းတွင်း ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ဆီ ဆက်ရွေ့လျားရင်း အားနည်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒေသန္တရအာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကို စုစည်းထားပြီး ရေကြီးရေလျှံမှု၊ မြို့ပြရေကြီးမှု၊ မြေပြိုမှုနဲ့ ကျောက်တုံးတွေပြိုကျမှုလို ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်တွေအတွက် အထူးသတိထားနေပါတယ်။
အယ်လ်နီညိုရာသီဥတုပုံစံ ပေါ်ပေါက်လာနိုင်လို့ အခုနှစ်ထဲမှာ တရုတ်နိုင်ငံမှာ ပိုဆိုးတဲ့ ရာသီဥတုကို ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
Source: Reuters










