DVB Logo
Home
မြန်မာသတင်း
သမ္မတအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွတ်မြောက်
DVB
·
April 17, 2016
သမ္မတအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွတ်မြောက်
Donate to DVB

သမ္မတဦးထင်ကျော် အမိန့်နဲ့ ဒီနေ့လွှတ်ပေးတဲ့ အကျဉ်းသား ၈၃ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေချည်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၁/၂၀၁၆အတိုင်း လုပ်ဆောင်တာလို့ သမ္မတရုံးက ပြောပါတယ်။

သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက “အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ရှိတယ်၊ ၁/ ၂၀၁၆ ပေါ့။ အဲ့ဒီမှာ ဘာပါလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ဆိုတဲ့ဟာ အဲ့ဒါကို အဓိကထားပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်းပြီး သတင်းမထုတ်တာကတော့ အဲ့ဒီအသုံးအနှုန်းအပေါ် ၀ိဝါဒကွဲပြားနေလို့ ဖြစ်ကြောင်းလည်း  ပြောပါတယ်။

ဒီနေ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ စာရေးဆရာ ဦးထင်လင်းဦး၊ ဒေါက်တာ မြတ်နုခိုင်၊ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ နော်အုန်းလှ၊ ဦးထင်ကျော်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်တို့ ပါဝင်ပါတယ်။

ပခုက္ကူထောင်က ယူနတီဂျာနယ် သတင်းထောက်တွေလည်း ဒီနေ့ ပြန်လည်လွတ်မြောက်လာကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က သူတို့ လက်လှမ်းမီသလောက် စုဆောင်းရရှိတဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၃၆ ယောက်ပဲ လွတ်သေးတယ်လို့ ပြောပါတယ်။

“အင်းစိန်ထောင်က ၁၆ ယောက်၊ ကျား ၁၁၊ မ ၅ ယောက်၊ ပြည်က ၆ ယောက်၊ သာယာဝတီက ၄ ယောက်၊ မန္တလေး၊ အိုးဘိုထောင်က ၄ ယောက်၊ ပခုက္ကူက ၅ ယောက်၊ မုံရွာက ၁ ယောက်၊ အားလုံးပေါင်း ၃၆ယောက်ပဲ ရှိသေးတယ်။ သမ္မတကြီးက ကြေညာလိုက်တဲထဲမှာ ပူးတွဲပါစာရင်းဆိုတဲ့ စကားရပ်ပါတယ်၊ အဲ့ဒီစာရင်းက နိုင်ငံပိုင်မီဒီယာထဲမှာ ပါမလာတော့ ကျနော်တို့မှာ ရှိတဲ့စာရင်းနဲ့လည်း တိုက်စစ်လို့ မရဘူး ဖြစ်နေတယ်။”

ဒီနေ့ နှစ်ဆန်း တရက်နေ့မှာ သမ္မတ အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၈၃ ယောက် လွတ်မြောက်လာမှာဖြစ်လို့ မိသားစုတွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ထောင်အသီးသီးမှာ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာထောင်ကနေ ဒီနေ့ ပြန်လွတ်လာတဲ့ စာရေးဆရာ ထင်လင်းဦးက အစိုးရသစ်ရဲ့ အချိန်တိုတွင်း လုပ်သင့်လုပ်ထိုက်တာလုပ်ဆောင်နိုင်မှုကို ချီးကျုးစကား ပြောပါတယ်။

“အစိုးရသစ်နဲ့ ပတ်သက်တဲ့အမြင်ကို ပြောပါဆိုရင်တော့ အများကြီး စောသေးတယ်၊ ဒါပေမယ့် အစိုးရတခုရဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို  အချိန်တိုအတွင်းမှာ အမြန်ဆုံးလုပ်နိုင်တာကိုတော့ ချီးကျူးတယ်။”

သမ္မတရဲ့ ဒီနေ့ နှစ်သစ် နှုတ်ခွန်းဆက် စကားမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်နေတဲ့အကြောင်း၊ နောင်မှာ ယုံကြည်ချက် အကျဉ်းချခံရသူတွေ မရှိအောင် ဆောင်ရွက်သွားမယ့်အကြောင်း ဖော်ပြပါရှိပါတယ်။

အခု သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဧပြီလ ၉ ရက်နေ့တုန်းက နိုင်ငံရေးအကျဉ်းသား၊ တက်ကြွလှုပ်ရှားသူ ၁၉၉ ဦးကို လွှတ်ပေးပြီးနောက် ဒုတိယအသုတ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013