
တရုတ်၊ အမေရိကန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲတပ်ဖွဲ့တို့ဟာ ဒူဘိုင်းမြို့မှာ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းတဲ့ ပထမဆုံး ပူးတွဲ ဥပဒေစိုးမိုးရေးဆိုင်ရာ စစ်ဆင်ရေးကို လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေ ၁၇ ရက်မှာ ပြောပါတယ်။
ပူးတွဲရဲတပ်ဖွဲ့ စစ်ဆင်ရေးက လိမ်လည်မှုကောင်တာ ၉ ခုကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ၂၇၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ လိမ်လည်မှုကွင်းဆက်တွေက လူမှုမီဒီယာပလက်ဖောင်းတွေကို သုံးပြီး သားကောင်တွေဆီ ချဉ်းကပ်ရင်း အတုအယောင် အချစ်ဇာတ်လမ်းတွေကို တည်ဆောက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
သားကောင်တွေရဲ့ ယုံကြည်မှုကို ရပြီးတဲ့နောက် သံသယရှိသူတွေက သားကောင်တွေကို အကျိုးအမြတ်များတဲ့ cryptocurrency ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ခဲ့ပြီး ငွေကြေးဆုံးရှုံးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ပူးတွဲစစ်ဆင်ရေးဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ နိုင်ငံတကာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတခုကို ကိုယ်စားပြုတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ရဲတပ်ဖွဲ့ဟာ နိုင်ငံတွေ အမြောက်အမြားနဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်လုပ်မှာဖြစ်ပြီး ပူးတွဲစစ်ဆင်ရေးတွေ ဆင်နွှဲရင်း ဆက်သွယ်ရေးအခြေပြု လိမ်လည်မှုတွေကို ပြတ်ပြတ်သားသား ဖြိုခွင်းမှာဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ သံသယရှိသူတွေကို ဖမ်းဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်၊ နိုင်ငံအားလုံးက လူတွေရဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ထိထိရောက်ရောက် ကာကွယ်ပေးမယ်လို့လည်း ဝန်ကြီးဌာနက ထပ်ပြောခဲ့ပါတယ်။
Source: Reuters











