DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း အင်အားပြင်း ငလျင်လှုပ်ခတ်၊ စေတီဘုရားများပျက်စီး
DVB
·
April 14, 2016
စစ်ကိုင်းတိုင်းအတွင်း အင်အားပြင်း ငလျင်လှုပ်ခတ်၊ စေတီဘုရားများပျက်စီး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ရေဦးနဲ့ ကန့်ဘလူမြို့တို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၇၀ အကွာ၊ ချင်းတွင်းမြစ်ကမ်း အနီးတဝိုက်ကို ဗဟိုပြုပြီး ဧပြီ ၁၃ ရက်  ည ၈ နာရီ ၂၅ မိနစ်မှာ   ရစ်ခ်ျတာစကေး ၆.၉ ရှိတဲ့ အင်အား ပြင်းငလျင် လှုပ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သတင်းထုတ်ပါတယ်။

အနက် ၁၂၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်ပေမယ့် ငလျင်အရှိန်ကို တနိုင်ငံလုံး ခံစားခဲ့ရတယ်လို့ သတင်းမှာဖော်ပြထားပြီး  ငလျင်ဗဟိုချက်နဲ့ အနီးဆုံးက ပြင်ကိုင်း၊ သက်ကယ်ကျင်း၊ ဘုံမဇင်း စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ဆိုပါတယ်။

မိုးလေ၀သဌာနကတော့ မြန်မာနိုင်ငံပြည်တွင်း၊ ကလေးမြို့ရဲ့  အရှေ့တောင်ဘက်(၄၂) မိုင်ခန့်အကွာကို ဗဟိုပြုပြီး  အင်အား ရစ်ခ်ျတာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထနှ်သော မြေငလျင် တစ်ခုလှုပ်ရှားသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်ကို စစ်ကိုင်းတိုင်းအတွင်းက မော်လိုက်၊ ကလေး၊ ကလေးဝ၊ တမူးစတဲ့ မြို့တွေက ဒေသခံတွေ သိသိသာသာသိရှိခံစားခဲ့ရပြီး ငလျင်ဒဏ် အဖျားခတ်မှုကိုတော့ စစ်ကိုင်းတိုင်းအပြင် ရန်ကုန်၊ ပဲခူး၊  မန္တလေး၊ ရခိုင်ပြည်နယ်တွေက လည်းသိရှိခံစားခဲ့ရပါတယ်။ ဒါမေ့ယ့် ငလျင်ဒဏ်ကြောင့် လူတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။

မော်လိုက်မြို့ခံ တဦးဖြစ်သူ ကိုမျိုးမြင့်က  “နည်းနည်းတော့ လှုပ်ရမ်းသွားတာပေါ့နော် အပျက်အစီးတော့ ဘာမှမရှိပါဘူး။ ၁ မိနစ်ကျော်ကျော်လောက်ကြာတာပေါ့။ ကျနော်တို့က နေအိမ်ထဲမှာ ထိုင်နေတာ ဘုရားစင်ပေါ်က သောက်တော်ရေခွက်တွေထဲက ရေတွေဖိတ်စင်တဲ့အထိ အဲလောက်အထိတော့လှုပ်တယ်။ အကွဲအရှတွေ အထိတော့မရှိဘူးဗျ။ ကျနော်တို့တော့ အိမ်ထဲကနေ ထွက်ပြေးရတာပေါ့။. နည်းနည်းထိတ်လန့်ပြီး အပြင်ထွက်တာပေါ့ တအားကြီးတော့မဟုတ်ဘူး”လို့ ပြောပါတယ်။

ကလေးမြိုက ကြက်ခြေနီ ဒေါ်အေးနန္ဒာစိုးက “မနေ့ကတော့ တော်တော်လေးတော့လှုပ်တယ်။ နည်းနည်းတော့ပြင်းတယ် အိမ်တွေတော့ ခါသွားပေါ့။ ပစ္စည်းတွေတော့ အပေါ်ကနေ ပြုတ်ကျတာပဲရှိတယ်။ တော်တော်လေးတော့ကြောက်တယ်။ ကလေးတွေတော့ အိမ်လှုပ်တယ်ဆိုတော့ အပြင်ထွက်ပြေးတာပေါ့။ မြို့ပေါ်မှာတော့ ပြည်ခိုင်ဖြိုး ဧည့်ရိပ်သာတော့ နည်းနည်းအက်သွားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ၀ါးတန်းကျေးရွာ သတ္တမဗောဓိ ဆုတောင်းပြည့် စေတီတော် စိန်ဖူးတော် မြေခသွားပြီး  မုံရွာခရိုင် ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ အရန်စေတီ ၃ ဆူအနက် ဉာဏ်တော်အမြင့် ၄၂ တောင်ရှိ အရှေ့စေတီ စိန်ဖူးတော် မြေခခဲ့ကြောင်း အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် ရေစကြိုမြို့ ရွှေတန် ဆာဘုရား ကွဲအက်ခဲ့ပြီး ယင်းမာပင်မြို့ မြရိပ် တောင်ပေါ်ကျောင်းတိုက်အတွင်း နှစ် ၁၅ဝ သက်တမ်းရှိစေတီရှေးဟောင်း ကျောက်ထီးတော် မြေခခဲ့တယ်လို့လည်း ဆိုပါတယ်။

ငလျင်လှုပ်ရတဲ့ အကြောင်းရင်းတခုဟာ အနောက်ဘက် အိန္ဒိယမြေထုချပ်နဲ့ အရှေ့ဘက်ရှိ ဘားမား မြေထုချပ်တို့ ရင်ဆိုင် ငုတ်လျိုး တွန်းတိုက်မှုကြောင့်ဖြစ်တယ်လို့  ငလျင်ကော်မတီက ဆိုပါတယ်။ ငလျင်ကြီးလှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလှုပ်လေ့ရှိပြီး ဒီထဲ အင်အား အတော်အသင့်ပြင်းတဲ့ ငလျင်တွေပါလာလေ့ရှိတယ်လို့လဲ ငလျင်ကော်မတီသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - ကျော်နန္ဒကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013