DVB Logo
Home
Lead Story
ဒီနှစ်သင်္ကြန်မှာ သိကြားမင်းကြီး ပင်နီတိုက်ပုံဝတ် ဒီမိုကရေစီမြင်းစီးပြီး ဆင်းလာနိုင်စေဖို့
DVB
·
April 12, 2016
ဒီနှစ်သင်္ကြန်မှာ သိကြားမင်းကြီး ပင်နီတိုက်ပုံဝတ် ဒီမိုကရေစီမြင်းစီးပြီး ဆင်းလာနိုင်စေဖို့
Donate to DVB

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ၅၀ ကျော်ကနေစလို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နိုင်ငံရေးအကြွေးတွေ တင်ရှိနေဆဲမှာ ဒုလ္လဘရဟန်းခံသွားခဲ့တဲ့ ဦးဇင်းကြီး ဦးသိန်းစိန်တို့ စစ်ဘောင်းဘီချွတ်အစိုးရ လက်ထက်တိုင်အောင် တိုင်းရင်းသား ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ မတရား အနိုင်ကျင့်ခံရရုံသာမက အနိုင်ကျင့်သူတွေက လက်နက်နဲ့ အာဏာကို အလွဲသုံးစားပြုလို့ ဖမ်းဆီးထောင်ချမှုကို ထပ်ဖန်တလဲလဲ ခံခဲ့ကြရတာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးလို့ အစိုးရဖွဲ့ခဲ့တာ ရက်ပိုင်းလေးသာ ရှိသေးပေမယ့် ဦးဇင်းကြီး ဦးသိန်းစိန် ထားရစ်ခဲ့တဲ့ လတ်တလော အရေးတကြီး ဖြေရှင်းရမယ့် မတရား အဖမ်းဆီးခံ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေ အပါအ၀င် ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ ပူလောင်ပြင်းပြစွာ လောင်ကျွမ်းနေဆဲပါ။

တချိန်တည်းမှာပဲ နှစ်ရှည်လများ အနိုင်ကျင့်ခံ မိဘပြည်သူတွေကလည်း သူတို့ချစ်တဲ့ ခေါင်းဆောင်အပေါ် ယုံကြည်ချက်တွေနဲ့အတူ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထွေးပိုက်ရင်း လေးလံတဲ့ နှလုံးသားဆန္ဒတွေကို မြိုသိပ်အောင့်အီး စောင့်ဆိုင်းလို့နေပါပြီ။

လူငယ်လူရွယ်၊ ကျောင်းသူကျောင်းသားဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်တာမို့ အဖိုးတန်ရတနာတွေလို့ တင်စားခိုင်းနှိုင်းရမှာပါ။ ရတနာဆိုတာ ရတနာနဲ့ ထိုက်တန်တဲ့နေရာ မြင့်မြတ်စွာထားအပ်၊ ထိန်းသိမ်းစောင့်ရှောက်အပ်ပေမယ့် စစ်အာဏာရှင် အဆက်ဆက်ကတော့ ကျောက်မျက်ရတနာနဲ့တူတဲ့ ကျောင်းသားလူငယ်တွေကို သူခိုးဂျပိုးလက်အပ် ရိုက်နှက်ဖမ်းဆီးလို့ အမှိုက်ပုံး၊ မစင်ပုံးနဲ့တူတဲ့ ထောင်ဆိုတဲ့အရပ်မှာ ထည့်သွင်းချုပ်နှောင်ပြီး ရက်ရက်စက်စက် ဖိနှိပ် အနိုင်ကျင့်ခဲ့ကြတာ မဟုတ်လား။

တကယ်တော့ ပညာရေးဥပဒေအတွက် ဆန္ဒပြခဲ့လို့ သားရေကွင်းလို ပုဒ်မအမျိုးမျိုးနဲ့ စွဲချက်တင်ပြီး ထိန်းသိမ်းချုပ်နှောင်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေပဲဖြစ်ဖြစ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဟာ ထောင်ဆိုတဲ့အရပ်မှာ တနေ့တရက် မပြောနဲ့ တမိနစ်၊ တစက္ကန့်တောင် မထားသင့်၊ မထားအပ်ပါဘူး။ ဘာကြောင့်လို့လဲဆိုတော့ သူတို့အားလုံးဟာ ရာဇ၀တ်မှုတခုမှ မကျူးလွန်ခဲ့တဲ့အပြင် တိုင်းပြည်ကို လမ်းမှန်ပေါ်ရောက်ရှိအောင် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေတဲ့ လူ့အဖိုးတန် ရတနာတွေ ဖြစ်လို့ပါပဲ။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာတော့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့အတူ ပြည်သူအများကို အန္တရာယ်မပြု၊ မထိခိုက်စေဘဲ မိမိယုံကြည်ရာဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်တယ်ဆိုတာ နိုင်ငံသားတိုင်းအတွက် မွေးရာပါ အခြေခံရပိုင်ခွင့်တရပ်ဖြစ်လို့ တန်ဖိုးထား စောင့်ရှောက်အပ်သလို တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ သတိချပ်ရမယ့် အချက်တချက်ကတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့ခွင့်ရခဲ့တဲ့ အစိုးရဟာ ၁၀၀ ရာနှုန်းပြည့် ဒီမိုကရေစီအစိုးရတရပ် မဟုတ်သေးဘူးဆိုတာပါပဲ။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဘာကိုပဲကြည့်ကြည့် အာဏာသုံးရပ်လုံးကို ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေ ၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူ့အစိုးရ ၇၅ ရာခိုင်နှုန်း ပေါင်းထားတဲ့ သုံးမတ်သား ဒီမိုကရေစီအစိုးရလို့ပဲ ပြောရမှာပါ။

အရင်အခြေအနေထက်စာရင် တိုးတက်လာပြီ ပြောရမှာဖြစ်ပေမယ့် သုံးမတ်သား ဒီမိုကရေစီအစိုးရ အနေနဲ့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ပြည်သူတွေစိတ်တိုင်းကျ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ဖို့ဆိုတာ အထူးဂရုတစိုက် နိုင်ငံရေးပရိယာယ်ကြွယ်ကြွယ်နဲ့ အပေးအယူလုပ် ညှိနှိုင်းအဖြေရှာရမှာပါ။

ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စအကြောင်း ပြောလာရင် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးဆိုသူဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို နာခံနေတဲ့ စစ်ဗိုလ်ချုပ်တဦးဆိုတာ မေ့ထားလို့မရသလို တမတ်သား စစ်ဗိုလ်တွေဘက်ကလည်း ဒီကိစ္စဟာ မိဘပြည်သူ အများစုရဲ့ ပြင်းပြတဲ့ဆန္ဒ ဆိုတာသာမက တိုင်းပြည်အနာဂတ်အရေးဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ကြဖို့ လိုပါတယ်။

နောက်အရေးကြီးတဲ့အချက်က လက်ရှိကာချုပ် အပါအ၀င် ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ၊ မျိုးဆက်သစ် စစ်ဗိုလ်စစ်သားတွေဟာ အရင်စစ်အာဏာရှင်ဟောင်းတွေလို ကြီးမားတဲ့အပြစ် ကျူးလွန်မထားခဲ့သေးဘူးဆိုတာရယ် အခုချိန်ဟာ အမျိုးသားဒီမိုကရေစီ အစိုးရနဲ့ ပူးပေါင်းလက်တွဲလို့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ အပြောင်းအလဲကို ဖော်ဆောင်ပြီး သမိုင်းကောင်းကို ရေးထိုး ကမ္ပည်းတင်နိုင်မယ့် အခွင့်ကောင်း အချိန်အခါဆိုတာ ခေါင်းအေးအေးထား စဉ်းစားရမယ့် အချက်ဖြစ်တယ်။

သမိုင်းဆိုးရေးထိုးလို့ လူ့ဂျပိုး စစ်ဂျပိုးဘ၀ ခံယူမလား၊ သမိုင်းကောင်းရေးထိုးလို့ ပြည်သူ့သားကောင်း သူရဲကောင်းဘ၀ ခံယူမလားဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့ကတော့ အခုချက်ချင်း လွှတ်ခွင့်ရရင် ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုချက်ချင်း လွှတ်ပေးဖို့ ဆန္ဒရှိကြမယ်ဆိုတာ သံသယ၀င်စရာအကြောင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် သိပ်မကြာသေးခင်အချိန်က နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ ထောင်ကျခဲ့ရ၊ ဒုက္ခဆင်းရဲကြီးစွာ ခံစားခဲ့ရတာကြောင့်ပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုင်းပြည်ရဲ့ အဖိုးတန်ရတနာတွေနဲ့တူတဲ့ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချထားခြင်းဟာ မလုပ်သင့် မလုပ်အပ်ပါဘူး။ အခုချိန်ခါ သမယဟာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့် မင်္ဂလာရှိတဲ့ အခါသမယလည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထား ကျင်းပကြတဲ့ နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောလို့ နှစ်သစ်ကို ကြိုဆိုကြတဲ့ မဟာသင်္ကြန်ပွဲတော်ကလည်း နီးကပ်လို့လာနေပါပြီ။

မြန်မာလူမျိုးတွေဟာ “အတာ” လို့ခေါ်တဲ့ နှစ်တနှစ်ရဲ့ နောက်ဆုံးကာလမှ “ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာနဲ့ “သင်္ကြန္တ” သင်္ကြန်ကို စောင့်ကြိုတဲ့အနေနဲ့ သင်္ကြန်အကြိုနေ့မှာ ၇ ရက်သားသမီးတွေအတွက် ရည်ရွယ်ပြီး ပန်း ၇-မျိုးဖြစ်စေ၊ အညွန့်၇-မျိုးဖြစ်စေ သင်္ကြန်အိုးမှာ ထိုးလေ့ရှိကြပါတယ်။

ဒီနှစ်မှာတော့ တိုင်းပြည်မှာ စစ်မှန်တဲ့ပြောင်းလဲမှု၊ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်တည်နေတယ်ဆိုတာ ပြသနိုင်ဖို့ ကျောင်းသူကျောင်းသား လူငယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ၇ ရက်သားသမီး ပန်းပွင့် ပန်းညွန့်တွေကို အကျဉ်းချထားရာက သင်္ကြန်ရက်မရောက်ခင် အချိန်မီလွှတ်ပေးခြင်းဆိုတဲ့ အတာအိုးနဲ့ မဟာသင်္ကြန်ကို ကြိုဆိုကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီလို မင်္ဂလာရှိရှိ၊ အဓိပ္ပာယ်ရှိရှိ ဒီနှစ်သင်္ကြန်ကို ကြိုနိုင်မယ်ဆိုရင်တော့ မိုးပေါ်က သိကြားမင်းကြီး ပင်နီတိုက်ပုံဝတ်လို့ ဒီမိုကရေစီမြင်းစီးပြီး ဆင်းလာလို့ အားလုံး ပျော်ရွှင်စွာ နှစ်သစ်ကို ပွေ့ဖက်နိုင်ပါလိမ့်မယ်။

မင်းကောင်းချစ်

ဧပြီလ (၅) ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013