DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကိုလုပ်ကြံရန် ကြံစည်ခဲ့သည့် အီရန်အပေါ် လက်စားချေရန် နေတန်ယာဟု တိုက်တွန်းခဲ့
DVB
·
March 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ အီရန်က ကြံစည်ခဲ့ဖူးတဲ့အပေါ် လက်စားချေဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက တိုက်တွန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

စစ်ဆင်ရေးမစမီ ၄၈ နာရီတောင် မကျန်တော့တဲ့အချိန်မှာ အမေရိကန်က အစ္စရေးနဲ့အတူ အီရန်ကို ဘာကြောင့်တိုက်သင့်သလဲဆိုတဲ့ အကြောင်းပြချက်တွေကို နေတန်ယာဟုက ထရမ့်ပ်ဆီ ဖုန်းဆက် တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။

အီရန်အဓိပတိ အယာတိုလာ အလီခါမေနီနဲ့ အဓိကလက်ထောက်တွေ တီဟီရန်က နေအိမ်ဝင်းထဲမှာ မကြာခင် အစည်းအဝေးလုပ်ဖို့ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းကို ၂ ယောက်စလုံးက သိထားပြီးဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးဟာ အစ္စရေးက လုပ်လေ့လုပ်ထရှိတဲ့ “ခေါင်းဖြတ်တိုက်ခိုက်မှု” လို့ခေါ်တဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား လုပ်ကြံဖို့ အကောင်းဆုံးအချိန်အခါလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းကနေ မနက်ပိုင်းကို ရွှေ့ထားတယ်လို့ ထောက်လှမ်းရေးသတင်းသစ် ထပ်ဝင်လာခဲ့ပါတယ်။

ဒါကြောင့် ခါမေနီကို လုပ်ကြံဖို့ နောက်တခါ အခွင့်အရေး မရနိုင်တော့ကြောင်းနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတဲ့ အီရန်ကို လက်စားချေသင့်ကြောင်း နေတန်ယာဟုက ထရမ့်ပ်ကို ဖုန်းဆက် တိုက်တွန်းခဲ့တာပါ။

ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ထရမ့်ပ် တကျော့ပြန် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန် ၂၀၂၄ ခုနှစ်မှာ ထရမ့်ပ်ကို လူငှားလုပ်ကြံဖို့ အီရန်တော်လှန်ရေးအစောင့်တပ်ဘက်က စီစဉ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

နေတန်ယာဟု ဖုန်းဆက်ပြောချိန်မှာ ထရမ့်ပ်က အီရန်ကိုတိုက်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပေမဲ့ ဘယ်လိုမျိုးပါမလဲ၊ ဘယ်အချိန်ပါမလဲ ဆိုတာကို ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်ဆင်ရေးစတင်ဖို့ ထရမ့်ပ်က နောက်ဆုံးအမိန့်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ခါမေနီ သေဆုံးခဲ့ပါတယ်။

ခါမေနီကို သုတ်သင်လိုက်ရင် အီရန်ပြည်သူတွေက အစိုးရကို ဖြုတ်ချလိမ့်မယ်လို့ နေတန်ယာဟုက တိုက်တွန်းခဲ့ပေမဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကတော့ ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီစစ်ဆင်ရေးကြောင့် အမေရိကန်စစ်သည် ၁၃ ယောက်နဲ့ အီရန်အရပ်သား ၂,၃၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေလည်း မြင့်တက်သွားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆီသ် ကတော့ “အီရန်ဟာ သမ္မတထရမ့်ပ်ကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သမ္မတထရမ့်ပ်ကပဲ အနိုင်ရခဲ့ပါတယ်” လို့ မတ်လ အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

နေတန်ယာဟု မျှော်လင့်ထားသလို အစိုးရပြုတ်ကျတာမျိုး မရှိဘဲ ဖခင်ဖြစ်သူထက်တောင် အမေရိကန်ကို ပိုမုန်းတီးတဲ့ ခါမေနီရဲ့ သားဖြစ်သူ မို့ဂျ်တာဘာ အီရန်ရဲ့ အဓိပတိသစ် ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013