DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ၆ ဦး နုတ်ထွက်
DVB
·
April 11, 2016
ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ၆ ဦး နုတ်ထွက်
Donate to DVB

ကျောက်တော်မြို့ ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင်အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ ဦးစောမောင်၊ ဒု-ဥက္ကဋ္ဌ ဦးစောရွှေထွန်း၊ အတွင်းရေးမှူး၊ ဦးဇော်ဝင်းတို့ကို ပါတီဗဟိုက အကြောင်းပြချက်တစုံတရာမရှိဘဲ ထုတ်ပယ် လိုက်ခြင်းကို ပြင်းထန်စွာကန့်ကွက်တဲ့အတွက် ကျောက်တော်မြို့နယ် ပါတီအလုပ်အမှုဆောင် ၆ ဦး ဒီကနေ့ရက်စွဲနဲ့ နုတ်ထွက်ကြောင်း စာထုတ်ထားပါတယ်။

နုတ်ထွက်သွားသူတွေကတော့ ဦးထွန်းလှ၊ ဦးမောင်မဲစိန်၊ ဦးဇော်ဝင်းမောင်၊ ဦးလှစောမောင်၊ ဦးထွန်းထွန်းအောင် နဲ့  ဦးတင်ထွန်းအောင်တို့ ဖြစ်ပါတယ်။

နုတ်ထွက်သူတဦးဖြစ်တဲ့ ဦးဦးထွန်းလှကတော့ “၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ လက်ရှိ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးဟာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ မြို့နယ် အလုပ်အမှုဆောင်တော်တော်များများက နောက်ဥက္ကဋ္ဌသစ်တယောက်ရယ်၊ အတွင်းရေးမှူး အသစ်တယောက်ရှိကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အစည်းအဝေး တော်တော်များများလုပ်ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ အစည်းအဝေးလုပ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ဗဟိုကနေစာလာတယ်။ အဲဒီမှာ အကြောင်းအရာမှာက မြို့နယ်အလုပ်အမှုဆောင်များကို အစားထိုးပြန်လည်ခန့်အပ်ခြင်း မပြုရန်ဆိုတဲ့ ကိစ္စပါပါတယ်။ ဆိုတော့ ကျနော်တို့ကလည်း  မြို့နယ်အလုပ်အမှုဆောင်တွေကို ပြန်လည်အစားထိုးတာ မဟုတ်ဘူး။ ပြန်လည်ဖြည့်စွက်တာ မဟုတ်တဲ့အတွက် ကျနော်တို့က ဥက္ကဋ္ဌအသစ်ရယ်၊ အတွင်းရေးမှူးအသစ်ရယ် ကျနော်တို့ တင်မြောက်တယ်။ ကျနော်တို့ တင်မြှောက်လိုက်တဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် လုပ်ငန်းကို အကောင်အထည်ဖော်တဲ့ ဒုဥက္ကဋ္ဌကိုပါ ဗဟိုကထုတ်ပယ်လိုက်တယ်ပေါ့။ ကျနော်တို့ ကျောက်တော်မြို့နယ်မှာရှိနေတဲ့ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ သဘောထားနဲ့ ခံယူချက်တွေကို ဗဟိုက မထီလေးစားပြုတယ်။ အဲဒီကိစ္စကြောင့် ကျနော်တို့ ဒီပါတီမှာ အလုပ်မလုပ်နိုင်ဘူးဆိုတဲ့ အကြောင်း ကျနော်အပါအ၀င် မြို့နယ်အလုပ်အမှုဆောင် ၆ ဦးကနေ ထွက်လိုက်တာပါ” လို့ ပြောပါတယ်။

ပါတီကနေ ထုတ်ပယ်ခံရသူ ဦးစောရွှေထွန်းမှာ ANPပါတီ စတင်တည်ထောင်ခဲ့သူတဦးဖြစ်ပြီး  ဦးစောမောင်မှာ RNDP လက်ထက်ကပင် အမျိုးသားရေးကိုတစိုက်မတ်မတ် လုပ်ကိုင်လာသူ ဖြစ်ပါတယ်။ ဦးဇော်ဝင်းမှာလည်း အမျိုးသားရေး ကိစ္စများတွင် ရှေ့တန်းမှပါဝင် နေသူဖြစ်သလို လူမှုရေးလုပ်ငန်း အမျိုးသားရေးလုပ်ငန်း နိုင်ငံရေးလုပ်ငန်းတွေ လုပ်နေသူတွေဖြစ်တယ်လို့လည်း ဦးဦးထွန်းလှက ပြောပါတယ်။

ကျောက်တော်မြို့နယ် ဥက္ကဋ္ဌ ဦးစောမောင်၊ ဒုဥက္ကဋ္ဌ ဦးစောရွှေထွန်း၊ အတွင်းရေးမှူး ဦးဇော်ဝင်းတို့ကိုလည်း ပါတီဗဟိုဌာနချူပ်ရဲ့ ခွင့်ပြုချက် ရယူခြင်း မပြုဘဲ မိမိသဘောအလျောက် မြို့နယ်အဆင့်မြင့် ကော်မတီတွေကို ဖွဲ့စည်းခဲ့ပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီလ ၇ ရက်နေ့က  ဗဟိုက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အလားတ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုတွင်းနှင့် သစ်တော ဝန်ကြီးအဖြစ် ရမ်းဗြဲမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်တနေ့မှာ ရခိုင်အမျိုးသားပါတီက ဦးကျော်လွင်ကို  ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013