DVB Logo
Home
မြန်မာသတင်း
ဖုတ်ဖရမြို့နယ်တွင် မြန်မာအလုပ်သမား ၂၅၀ အဖမ်းခံရ
DVB
·
August 18, 2011
Donate to DVB

တပ်ခရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်မှာ အလုပ်သမား မှတ်ပုံတင် မရှိမှုနဲ့ ခွင့်ပြုချက်မရဘဲ အိမ်ဆိုင်လေးတွေ ဖွင့်ထားမှု စတဲ့ အချက်တွေနဲ့ မြန်မာအလုပ်သမား ၂၅၀ ဦး ဩဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၂၅၀ ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး ထိုင်းနယ်ခြားစောင့် ရဲ၊ လ၀ကနဲ့ ပြည်သူ့စစ်တွေက ပူးပေါင်းဖမ်းဆီး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖုတ်ဖရမြို့နယ်ကနေ ၃၆ ကီလိုမီတာခန့်ဝေးတဲ့ စီခိုထိုင်း၊ ချီးဘားဘိုး၊ ဘန့်ဟတ်၊ ဘန့်ကျတ် စတဲ့ ကျေးရွာတွေနဲ့ စအိုတိုက်နယ် ကျေးရွာတွေမှာ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီလောက်က စပြီး စစ်ဆေးရေး ချက်ပွိုင့် ၈ ခု ဖြန့်ပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲ ဖွင့်ထားတဲ့  အိမ်ဆိုင်တွေနဲ့ တီဗွီစတဲ့ အိမ်သုံးပစ္စည်းတွေရော တင်ရောင်းထားတဲ့ ပစ္စည်းအားလုံးကိုပါ သိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ ပြောင်းခင်း၊ ကြံခင်းတွေထဲမှာ ဖြစ်သလိုနေထိုင်ပြီး စိုက်ပျိုးရေး နေ့စားလုပ်ပေးနေတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

သူတို့ကို ဖမ်းဆီးပြီး နေချင်းပိုင်းမှာပဲ ၁၀၀ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို နယ်စပ်ကို ပြန်ပို့လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ကိုမိုးကြိုးက ခုလို ပြောပြပါတယ်။

"၂၅၀ လောက်ဖမ်းတာဆိုတော့ စီမံချက်နဲ့ ဖမ်းတာပေါ့။ သာမန်အားဖြင့် တနေ့ကို ၄၀-၅၀ ကတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေတခုခုကို ချိုးဖောက်မိလို့ ဥပမာ ဖဲရိုက် ကြက်တိုက်စတဲ့ လောင်းကစားလုပ်လို့ ဗျာ၊ မူးယစ်ဆေးလက်ဝယ်မှာ တွေ့ရှိလို့ စသည်အားဖြင့် မိတာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘာအထောက်အထားမှ မရှိတဲ့လူတွေ တော်တော်များများကို ဖမ်းတာ၊ သူတို့ကို ဖုတ်ဖရမြို့နယ် ရဲစခန်းကို ဖမ်းသွားတယ်။ နောက်ကနေပြီး အလုပ်ရှင်တို့၊ ဘာတို့ လိုက်လာပြီး နေထိုင်ခွင့် လက်မှတ် ရှိတယ်ပြောတာပေါ့ဗျာ။ အဲဒီလောက်ပြောရုံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲလိုနဲ့ ၂၅၀ မှာ ၁၀၀ လောက်တော့ ပြန်လွတ်တာပေါ့။ ၁၅၀ ကတော့ ဖုတ်ဖရကနေ ဟိုမြန်မာပြည်ဘက်ခြမ်းကို သွန်တာပေါ့"

ဒီမြန်မာတွေကို သွားပြီးလွှတ်တဲ့ သောင်းရင်းမြစ် တဘက်ကမ်းက ၅ ဘတ်ဂိတ်၊ ဆယ်ဘတ်ဂိတ် ဆိုတဲ့ နယ်စပ်ဂိတ်တွေဟာ အရင်က ဒီကေဘီအေ အပိုင်ဖြစ်ပြီး အခုအခါမှာ ကရင်နယ်ခြားစောင့်တပ်တွေက အခြေစိုက်ထားတယ်လို့ ကိုမိုးကြိုးက ဆိုပါတယ်။

သူတို့ များစုဟာ မြန်မာပြည်နယ်စပ်ဒေသက ဒေသခံတွေ မဟုတ်ဘဲ ပဲခူးတိုင်းက လာကြတဲ့လူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ မဲဆောက်မှာ အရင်ခိုလှုံနေကြပြီးမှ တောင်ယာတွေမှာ အလုပ် ၀င်လုပ်နိုင်ဖို့ ဖုတ်ဖရမြို့နယ်ထဲကို ရွှေ့ပြောင်းလာကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ဘက်ကို အပို့ခံလိုက်ရတဲ့ အလုပ်သမားတွေရဲ့ လက်ရှိ အခြေအနေကို မသိရသေးပါဘူး။

ထိုင်းနိုင်ငံ တပ်ခရိုင်က မြို့ နယ် ၆ ခုမှာ မြန်မာအလုပ်သမားစုစုပေါင်း ၄ သိန်းလောက်ရှိပြီး မဲဆောက်တခုတည်းမှာ ၂ သိန်းလောက် ရှိတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

ဒါပေမယ့် အလုပ်သမားမှတ်ပုံတင် တရားဝင် လာလုပ်ထားသူ ၄ သောင်းကျော်သာ ရှိတယ်လို့ တပ်ခရိုင် အလုပ်သမားဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013