DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်ရေး စီးပွားကူးသန်း ၀န်ကြီးသစ်ကို တိုက်တွန်း
DVB
·
April 11, 2016
မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်ရေး စီးပွားကူးသန်း ၀န်ကြီးသစ်ကို တိုက်တွန်း
Donate to DVB

တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က အစိုးရအဖွဲ့နဲ့ မြန်မာအစိုးရ အဖွဲ့တို့အကြား နှစ်ဘက် သဘောတူလက်မှတ်ရေးထိုးပြီး မြန်မာ့ဆန်တွေ တင်ပို့နိုင်ဖို့ စီးပွားကူးသန်း ၀န်ကြီးသစ်ကို တိုက်တွန်းထားတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

အဲဒီနိုင်ငံတွေကို ပင်လယ်ရေကြောင်းကတဆင့် မြန်မာ့ဆန်တွေ တင်ပို့တဲ့နေရာမှာ အခွန်သက်သာခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ အချင်းချင်းအကြားမှာ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးထားရှိဖို့ လိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးသစ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိတဲ့သူတွေ နေပြည်တော်မှာ တွေ့ဆုံစဉ် အစိုးရအချင်းချင်း နှစ်ဘက် သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့အတွက် တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ဒီနိုင်ငံတွေကတော့ အစိုးရအချင်းချင်း ပြောဆိုပြီးတော့မှ G to G ထိုးပေးနိုင်ရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက် ရရှိမှာဖြစ်တယ်။ ကျနော်တို့ လက်ရှိရေးဆွဲထားတဲ့ အမျိုးသားပုဂ္ဂိုလ်မဟာဗျူဟာမှာ ဆန်စပါးဆိုတာ အဓိကပါတယ်။ Target အနေနဲ့ ၂၀၂၀ ခုနှစ်မှာ တန်ချိန် ၄ သန်းထိ ပြည်ပတင်ပို့နိုင်အောင် ကြိုးစားမယ်ဆိုတာ ပါတဲ့အတွက်ကြောင့်မို့ G to G ထိုးပေးဖို့အတွက်ကလည်း ပထမဆုံး လမ်းစဉ်တခုအနေနဲ့ အရေးအကြီးဆုံး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို အစိုးရကို တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး အနေနဲ့လည်း ဆောင်ရွက်ပေးဖို့ ရှိတဲ့အနေအထားမှာ ရှိပါတယ်။ ဒါကတော့ လက်ရှိအခြေအနေပေါ့နော်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ အဓိက ဆန် Export ဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်က အဖမ်းအဆီးရှိလာလို့ မြန်မာ့ဆန်တင်ပို့မှုက လျော့ကျမှု ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

“အစိုးရသစ် မတက်ခင်ပေါ့နော်။ နှစ်ပတ်သုံးပတ်လောက်ကစပြီး တရုတ်ဘက်ကနေပြီးတော့မှ သူတို့ဆီကို မြန်မာနယ်စပ်က ၀င်လာတဲ့ ဆန်နဲ့ ပြောင်းတွေကို ကျနော်တို့က အဖမ်းအဆီး များတယ်ပေါ့နော်။ များတဲ့အတွက်ကြောင့်မို့ တရုတ်နိုင်ငံကို တင်ပို့မှုက လျော့ကျသွားတယ်ပေါ့နော်။ အရင်တုန်းက အိတ် ထောင်နဲ့သောင်းနဲ့ချီပြီး ပို့နေရာက ရာဂဏန်းလောက်ပဲ အခြေအနေ ရှိသွားတော့တယ်။ တင်ပို့မှုလျော့ကျသွားတဲ့ အပိုင်းကို ကျနော်တို့မြင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပကို မြန်မာ့ဆန်တင်ပို့မှုက ၁ သန်းခွဲကျော် တင်ပို့မှုရှိခဲ့တဲ့အနက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြည်ပဆန်တင်ပို့မှုကို ၁ လခွဲ ယာယီရပ်ဆိုင်းခဲ့ရတဲ့အတွက် ဆန်တင်ပို့မှုက တန်ချိန် ၂ သိန်းကျော် လျော့ကျမှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013