DVB Logo
Home
မြန်မာသတင်း
သမဂ္ဂ အဆောက်အဦ တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဟု ဗကသ ကျောင်းသားများ ပြော
DVB
·
April 11, 2016
သမဂ္ဂ အဆောက်အဦ တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဟု ဗကသ ကျောင်းသားများ ပြော
Donate to DVB

ပြန်လည်လွတ်မြောက်လာတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ရှေ့လုပ်ငန်းစဉ်အဖြစ် သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အမြန်ဆုံးလုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မှတ်နဲ့ ကြေညာချက်တစောင် ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဧပြီ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူ တဦးဖြစ်တဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်က သူ လွတ်မြောက်လာတဲ့နေ့မှာပဲ အခုလို ပြောဆိုလိုက်ပါတယ်။

“သမဂ္ဂအဆောက်အဦဆိုတာက ကျောင်းတိုင်းကျောင်းတိုင်း၊ တက္ကသိုလ်တိုင်း တက္ကသိုလ်တိုင်းမှာ ရှိသင့်တဲ့ အဆောက်အဦပါ။ တက္ကသိုလ်တိုင်းမှာ သမဂ္ဂရှိမယ်ဆိုရင် တက္ကသိုလ်တိုင်းမှာ သမဂ္ဂအဆောက်အဦလည်း ရှိရပါလိမ့်မယ်။ ဒါပေမယ့် ဖြိုချခံရတဲ့ သမဂ္ဂ အဆောက်အဦဆိုတာ သမိုင်းဝင်မြေနေရာပါ။ ဒီသမိုင်းဝင်မြေနေရာမှာ သမဂ္ဂ အဆောက်အဦတခု ပေါ်ပေါက်လာမယ်ဆိုရင်၊ အဲ့ဒီ သမဂ္ဂအဆောက်အဦဟာ သမိုင်းဝင် အဆောက်အဦလည်းဖြစ်သလို အမှတ်တရအနေနဲ့ ပြတိုက်သဘောမျိုး ထားရှိသင့်တဲ့ အဆောက်အဦတခုလို့ ကျနော်တို့ မြင်ပါတယ်။ ဒါဟာ ဘယ်တက္ကသိုလ်သမဂ္ဂရဲ့ အသုံးချခံမှ မဟုတ်ဘဲနဲ့ အဲ့ဒီ တက္ကသိုလ်သမဂ္ဂ အသီးသီးရဲ့ ဦးညွှတ် ဂုဏ်ပြုစရာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်လိုမျိုး အလေးအမြတ်ထားစရာ၊ အထွတ်အထိပ်ထားစရာ အဆောက်အဦတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲ့လိုပဲဖြစ်သင့်ပါတယ်။”

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုမိုးထက်နေကလည်း “ကျောင်းတိုင်းမှာ သမဂ္ဂနဲ့၊ သမဂ္ဂတည်ရှိရမယ့် နေရာပေါ့နော်။ သမဂ္ဂအဆောက်အဦတွေ ပေါ်ထွန်းလာရေးကို ကျနော်တို့ ရည်ရွယ်ပါတယ်။ ဒီထဲမှာမှ ကျနော်တို့က ဒီ သမိုင်းဝင်ဖြစ်တဲ့၊ ကျောင်းသားသမဂ္ဂရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂပေါ့နော်။ အဲ့ဒီ အဆောက်အဦကို ကျနော်တို့ ပြန်ဆောက်ချင်တာပါ။ ဆောက်တဲ့နေရာမှာလည်း ကျနော်တို့က ဒီ ကျောင်းသူကျောင်းသားတွေ၊ နောက်တခါ တကယ့် သာမန်ပြည်သူလူထုရဲ့ ချွေးနည်းစာနဲ့ ရတဲ့ဝင်ငွေတွေပေါ့နော်၊ ဒီလို ၀င်ငွေမျိုးတွေကိုပဲ ကျနော်တို့ စုဆောင်းပြီး ဆောက်ချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သမဂ္ဂအဆောက်အဦတခု တည်ဆောက်ဖို့အတွက် အဆင်သင့် မဖြစ်သေးပေမယ့် သင်္ကြန်ပြီးရင်တော့ မိဘပြည်သူတွေရဲ့ သဒ္ဒါကြေးကို လိုက်လံကောက်ခံပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခုအစိုးရလက်ထက်မှာလည်း လေးပွင့်ဆိုင် ကတိက၀တ်တွေကို ရရှိသွားအောင် လုပ်ဆောင်သွားမယ်လို့ ကိုကျော်ကိုကိုက ပြောပါတယ်။

“ကျနော်တို့ဘက်က တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အဆင်သင့်ရှိနေပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ သဘောထားပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကျနော်တို့က အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ကျနော်တို့ အကျိုးစီးပွား တစုံတရာ ကျနော်တို့ မျှော်ကိုးလို့ ဆက်ဆံတာ မဟုတ်ဘဲနဲ့ ပြည်သူလူထုတရပ်လုံး၊ ကျောင်းသားထုတရပ်လုံးရဲ့ အကျိုးစီးပွားအတွက်ကို ကျနော်တို့ ဆက်ဆံတာ ဖြစ်ပါတယ်။

"ကျနော်တို့က နေရာတွေ၊ ရာထူးတွေ တောင်းဆိုဖို့အတွက် အစိုးရကို တိုက်ရိုက်ဆက်သွယ်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကြီး သွားရာလမ်းဟာ ဖြောင့်ဖြူးသာယာဖို့နဲ့ ကျောင်းသားထုရဲ့သမိုင်းမှာ အကျိတ်အခဲအဖြစ် ခံစားနေရတဲ့ သမဂ္ဂအဆောက်အဦလို ကိစ္စမျိုးကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျနော်တို့ တောင်းဆိုတာပဲ ဖြစ်တဲ့အတွက် ကျနော်တို့ အကျိုးစီးပွားမပါဘူး။ ဒီလိုမျိုး ရိုးသားသန့်ရှင်းစွာ တောင်းဆိုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း မပေးဘဲနဲ့တော့ နေမယ်မထင်ပါဘူးခင်ဗျ။”

တက္ကသိုလ်ကျောင်းတိုင်းမှာလည်း သမဂ္ဂအဆောက်အဦတွေ ရှိဖို့လိုအပ်သလို အဲ့ဒီ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက်လည်း ခေတ်အဆက်ဆက်က ကျောင်းသားခေါင်းဆောင်ဟောင်းတွေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အခြားသောပညာရှင်တွေ ခေါ်ဆောင်ပြီး ကော်မတီဖွဲ့စည်းကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်အချို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သတင်း - နွယ်နီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013