DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ် မလှန်သေးဟုဆို
DVB
·
April 9, 2016
ကျောင်းသားသပိတ် မလှန်သေးဟုဆို
Donate to DVB

အမျိုးသားပညာရေး သပိတ်မှောက်ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက် မရသေးတဲ့အတွက် ကျောင်းသားသပိတ် မလှန်သေးတာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ပြန်ကြားရေး ဗဟိုလုပ်ငန်းကော်မတီက ကိုသီဟ၀င်းတင်က ပြောပါတယ်။

ဘယ်အစိုးရပဲတက်တက်၊ သူတို့တောင်းဆိုချက်တွေ မရသေးသရွေ့ တိုက်ပွဲက ဆက်ရှိနေဦးမယ်လို့ သူက ပြောပါတယ်။

“ဘယ်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ တောင်းဆိုချက် မရသေးတဲ့အတွက် တိုက်ပွဲက ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောကို ပြောတာ၊ နည်းနာတွေကတော့ အမျိုးမျိုး ရှိနိုင်တာပေါ့နော်၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ သွားဖို့လည်း ကြိုးစားကြမှာပါ၊”

သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းနဲ့သာ သွားခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းကြောင်း မရှိတော့မှသာ လမ်းပေါ်ထွက်ခဲ့ကြတာလို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားခေါင်းဆောင်တွေ မစုံသေးတဲ့အတွက် ဆွေးနွေးပွဲ မလုပ်ကြရသေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၈ ရက်က သာယာဝတီထောင်မှာ အချုပ်ကျနေတဲ့ ကျောင်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားနဲ့ ၀န်းရံသူ စုစုပေါင်း ၇၀ ကျော် အမှုပိတ်သိမ်းလွတ်မြောက်လာခဲ့ကြပြီး အဲ့ဒီနေ့ညမှာပဲ ရန်ကုန်၊ ရွှေတိဂုံဘုရားခြေရင်းက သခင်ကိုယ်တော်မှိုင်းအုတ်ဂူမှာ သစ္စာဆိုခဲ့ကြပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကျောင်းသားတွေ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်ပြီး ပြုလုပ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က လွန်ခဲ့တဲ့နှစ်က သူတို့ ရည်မှန်းချက် ပေါက်မြောက်အောင် လုပ်တာသာဖြစ်ပြီး တခြား ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ရွှေတိဂုံဘုရား သပိတ်မှောက် ကျောက်စာတိုင်ကိုသွားပြီး အဓိဋ္ဌာန်ဆိုမယ်လို့ ရည်မှန်းထားတာ ရှိတယ်၊ အခု ပြန်လွတ်လာတဲ့အချိန်မှာ ပြောထားတဲ့အတိုင်း ရည်မှန်းထားတဲ့နေရာကို ကျနော်တို့ရောက်အောင် သွားတဲ့သဘောသာ ဖြစ်တယ်၊ ကျန်တာကတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

မနှစ်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ပဲခူးတိုင်း၊ လက်ပံတန်းမှာ ဦးသိန်းစိန်အစိုးရက ရိုက်နှက်ဖြိုခွဲခဲ့ပြီး သာယာဝတီထောင်မှာ တရားစွဲချုပ်နှောင်ထားခဲ့တာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရတက်လာပြီးတဲ့နောက် နိုင်ငံ့အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ကျောင်းသားတွေ ပြန်လွတ်မြောက်ဖို့ နည်းလမ်းရှာပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013