DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်မှု တရားမ၀င်ဟု ၀န်ကြီး ဦးကျော်လွင်ပြော
DVB
·
April 9, 2016
ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်မှု တရားမ၀င်ဟု ၀န်ကြီး ဦးကျော်လွင်ပြော
Donate to DVB

ပြည်နယ်ဝန်ကြီးနေရာ လက်ခံခဲ့တဲ့အတွက် ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ကနေ ထုတ်ပယ်လိုက်တာဟာ တရားမ၀င်ကြောင်း ရမ်းဗြဲမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

ဧပြီ ၈ ရက်နေ့က ရခိုင်အမျိုးသားပါတီရဲ့အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအမှုလုပ်ဆောင် ၂၄ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ဦးကျော်လွင်ကို ထုတ်ပယ်လိုက်တာလို့ အေအန်ပီပါတီက သတင်းထုတ်ပြန်ပါတယ်။

အခုလို ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး ဦးကျော်လွင်က “အေအန်ပီ ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်လိုက်တာကို ကျနော့်ဆီကို တရားဝင်အကြောင်းကြား စာမရောက်သေးဘူးခင်ဗျ။ အေအန်ပီပါတီက ကျနော့်ကို ထုတ်လို့ တရားမ၀င်ဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အေအန်ပီ ပါတီဆိုတာက ကျနော်အမြဲတမ်းပြောနေပါတယ်။  အခြေခံအားဖြင့် အင်းအားသုံးခုကို ပေါင်းစပ်ထားတာပါ။ အာအန်ဒီပီ (ရခိုင်အများသားများ တိုးတက်ရေးပါတီ) ရယ်၊ အေအယ်လ်ဒီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) ရယ်၊ တတိယအင်းအားစုသုံးခုနှင့် ပေါင်းစပ်ထားတာလေ။ ဒီတော့ အခုထုတ်ဟာက သဘောထားတင်းမာတဲ့ လူတစ်စုက ကျနော်ကို ထုတ်လိုက်တဲ့သဘောပါပဲ။ သို့ပေမယ့် အေအယ်လ်ဒီဘက်က ကျနော့်ကို မထုတ်ဘူး။ သူတို့က ဖုန်းနဲ့အမြဲတမ်းဆက်သွယ်နေတယ်။ အေအန်ပီ အနေနဲ့ပဲရှိတယ်။ တတိယ အင်းအားစုတွေ ဦးကျော်လွင်ဆက်လုပ်ပါ။ နောက်ကအားပေးနေတယ်လို့ပြောတယ်။ အေအန်ပီ ပါတီအနေနဲ့ ပူပေါင်းလုပ်ကြရအောင်ဆိုပြီး ကျနော့်ကို တွန်းအားပေးတာတွေရှိပါတယ်” လို့ ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဦးကျော်လွင်ကို စိုက်ပျိုးရေးမွေးမြူးရေး၊ သတ္တုဝန်ကြီးဌာနအဖြစ် ကတိသစ္စာပြုလိုက်ပြီး အန်အယ်လ်ဒီပါတီရဲ့ ၀န်ကြီးချုပ် ဦးညီပု အစိုးရ အဖွဲ့မှာ တာဝန်ယူလိုက်တာကြောင့် အခုလိုထုတ်လိုက်တာဖြစ်ပြီး ပါတီက ထုတ်ပယ်တဲ့စာ တရားဝင်ပေးအပ်သွားမယ်လို့ အေအန်ပီပါတီရဲ့ အထွေထွေအတွင်းရေမှူး  ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ကျနော်တို့ ရခိုင်အမျိုးသားပါတီက ၁/ ၂၀၁၆ ကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိလူသိရှင်ကြား ထုတ်ပြန်ထားတာရှိပါတယ်။ ဒီလိုစည်းကမ်းချက်တွေ ကို မနေ့က ဦးကျော်လွင်က ရခိုင်ပြည်နယ်အစိုးရဖွဲ့တဲ့အခါ မိမိတို့ပါတီ အဖွဲ့တယောက် ဖြစ်လျှက်သားနဲ့ ပါတီအပေါ်မှာ ဘာကြောင့်မှတိုင်ပင်အသိပေးခြင်း၊ ဆွေးနွေးခြင်း မရှိဘူး။ မိမိသဘောနဲ့ မိမိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ၀န်ကြီးအဖြစ် လက်ခံကျမ်းသစ္စာကျိန်ဆို လိုက်ပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုဖောက်ဖျက်ကျူးလွန်တဲ့အတွက် ကျနော်တို့အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူလိုက်ပြီး ပါတီရဲ့စည်းကမ်းနဲ့ သူ့ကို ထုတ်ပယ်လိုက်ခြင်းဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ဦးညီပုဖြစ်ပါတယ်။ ၀န်ကြီးဌာန ၇ ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦး၊ ပြင်ပမှ ပညာရှင် ၂ ဦးတို့ပါဝင်ပြီး၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်မှာလည်း ပြင်ပပညာရှင်တွေ ဖြစ်ပါတယ်။

သတင်း - ဇော်ခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013