DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ လွတ်ပြီ
DVB
·
April 8, 2016
ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ လွတ်ပြီ
1 / 7
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၆၉ ဦးကို သာယာဝတီတရားရုံးကနေ ဒီနေ့ ညနေ ၃ နာရီ ခွဲကျော်က အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်ပါတယ်။

“၆၉ ယောက်လွှတ်ပါတယ်။ ၆၉ ယောက်မှာ ၃ ယောက်က မင်းသွေးသစ်တို့က ရန်ကုန်အချုပ်ဝရမ်းနဲ့ဆိုတော့ ၃ ယောက်တော့ ကျန်ခဲ့မယ်။ မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်ရယ်၊ နန္ဒစစ်အောင်ရယ် ကျန်ခဲ့မယ်။ နောက် ကိုသန်းထိုက်က လက်ပံတန်းမှာ ပြန်ပြီးတော့ အမှုစစ်ဖို့ ယူရမယ်။ အခုတော့ ထောင်ကို  ပြန်ပြီး ပစ္စည်းသွားသိမ်းမှာ” လို့ သာယာဝတီက နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ ကိုကျော်နိုဦးက ပြောပါတယ်။

ပြန်လွတ်လာသူတဦးဖြစ်တဲ့ ဗကသ ကျောင်းသား မအိသဉ္ဖာမောင်ကတော့ သူ့အနေနဲ့ ကျန်တဲ့ နိုင်ငံရေးသားအားလုံးလည်း ပြန်လွတ်စေချင်တယ်လို့ ပြောပါတယ်။

“ကျမတို့က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရရဲ့ ပြောတဲ့စကားအောက်မှာ ဒါနိုင်ငံရေး အရိပ်တခုကို တွန်းတင်လိုက်တာပဲ။ ပြီးတော့ နိုင်ငံရေးကျဉ်းသားတွေ ထောင်ထဲမှာ အများကြီးကျန်သေးတယ်။ ဒါက ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် ညီမတို့ မပြောဘဲနဲ့တောင် ဒါက အစိုးရက လုပ်ပေးရမယ့်ကိစ္စတွေထဲမှာပါတယ်။ နိုင်ငံရေး အကျဉ်းသား တွေ လွတ်တာ ကျမတို့ဘက်ကကြိုဆိုတယ်။ ဒီထက်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိသေးတယ်။ အဲဒီအတွက် လွှတ်ပေးပါ”

ကျောင်းသားတွေကို ပုဒ်မ ၄၉၄ နဲ့ လွှတ်ပေးလိုက်တာဖြစ်ပြီး ဒီပုဒ်မအရ ပြစ်မှုအကြောင်းအရာ မပြည့်စုံဘဲ စွဲဆိုထားတဲ့အတွက် ပုဒ်မ ၄၉၄ နဲ့ လွှတ်ပေးလိုက်တာလို့လည်း မအိသဉ္ဇာမောင်က ပြောပါတယ်။

ပုဒ်မ ၄၉၄ အရ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောအမှုများတွင် စီရင်ချက်မချမီ လူတယောက်ကို ၎င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့်ပြစ်မှုများအနက် ပြစ်မှုတရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ပြစ်မှုများနှင့် စပ်လျဉ်း၍ဖြစ်စေ တရားရုံးရဲ့ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကျန်ရှိနေတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်နဲ့ ကိုနန္ဒစစ်အောင် မိသားစုတွေကိုတော့ ညနေ ၆ နာရီအထိ စောင့်ခိုင်းထားတယ်လို့ ကိုမင်းသွေးသစ်ရဲ့ အမေ ဒေါ်ခင်ခင်ယုက ပြောပါတယ်။

“သူတို့ ၃ ယောက်က ရန်ကုန်မှာ အမှုက ငြိနေသေးတယ်လေ။ မရှင်းသေးဘူးလေ။ အဲဒါကြောင့် သူတို့ သံလျှင်တို့၊ ရန်ကုန်တို့ လှမ်းဖုန်းဆက်နေတယ်နဲ့တူပါတယ်။ ၆ နာရီအထိ စောင့်ပါလို့ အန်တီတို့ကို ပြောထားတယ်။ အဲဒါနဲ့ အန်တီလည်း စောင့်နေတယ်။”

ဒီလိုလွှတ်ပေးတဲ့အတွက်လည်း သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေဟာ  သာယာဝတီမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားစွဲ ဆို အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည် ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၁၅ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီးထားတာ ၁ နှစ်ကျော်ကြာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013