DVB Logo
Home
Lead Story
ကမ္ဘာကြီးနှင့် စာအုပ်
DVB
·
April 8, 2016
ကမ္ဘာကြီးနှင့် စာအုပ်
Donate to DVB

ဝတ္ထုရေးဆရာကွမ်တွိုင်ဘီက သူတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရေးပြပါတယ်။ တခါက ကောင်းလွန်မှာ ကန်တုံတရုတ်လူမျိုးတစ်ယောက် လမ်းဘေးမှာထိုင်ပြီး ဝတ္ထုစာအုပ်တအုပ် ဖတ်နေတာကို တွေ့ရတယ်တဲ့။ ဝတ္ထုစာအုပ်ဖတ်နေတဲ့သူရဲ့ မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်နှာဟာ စာအုပ်ကို ဖတ်နေတဲ့အတွက် တင်းမာနေတယ်။ လက်ကစာအုပ်ကိုတင်းကျပ်စွာ ဆုပ်ထားပြီး လက်တစ်ဖက်က စာကြောင်းတွေကို တားပြီးဖတ်နေတယ်။ စာအုပ်ဖတ်ရင်း မျက်နှာက မကျေနပ်တဲ့ပုံ၊ အားမလိုအားမရ ဖြစ်နေတဲ့ပုံ ကြည်နူးတဲ့ပုံတွေ ပေါ်လာတယ်။ နောက်ဆုံးကန်တုံလူမျိုးက စာအုပ်ပြီးတဲ့အခါ ပြုံးပြီးကောင်း ကင်ကို မော့ကြည့်တယ်။ ဇာတ်သိမ်းက ပျော်စရာကောင်းလို့လည်း ဖြစ်ပါလိမ့်မယ်။ သူ့မျက်နှာဟာ ပြုံးပြီး သဘောကျနေပါတယ်။ စာအုပ်ဖတ်တဲ့သူဟာ စာအုပ်ရဲ့ ဆွဲခေါ်ရာနောက်လိုက်သွားပြီး ပျော်ရွှင်ခြင်း၊ ဒေါ သထွက်ခြင်း၊ ကြေကွဲခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြည်နူးခြင်း စတဲ့ သူ့စိတ်ကို ရသအားလုံး ပေးစွမ်းနိုင်ပါတယ်။ စာအုပ်ဖတ်ချိန်မှာ သူတစ်ဦးတည်း စာအုပ်ရသကို ခံစားခဲ့တယ်။ စာရေးသူနဲ့ စာဖတ် သူကြားမှာပဲ ဒီခံစားချက်က ပေါ်လာတာပါ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တဲ့ အဆက်အသွယ်ကတော့ စာအုပ်ပဲဖြစ်ပါတယ်။

စာအုပ်တွေမရှိတဲ့ ကမ္ဘာကြီးဟာ ဘာဖြစ်လာနိုင်သလဲ။ အဲ့ဒီအမေးနဲ့ အဲ့ဒီအမြင်ဟာ အဓိပ္ပါယ်မရှိတဲ့ အယူအဆက ပေါက်ဖွားလာတာ ဖြစ်လိမ့်မယ်။ စာဖတ်ခြင်းဟာ ယခုအချိန်အထိ စာဖတ်တဲ့ သူရဲ့စိတ်နဲ့အာရုံကို သိမ်းပိုက်လွှမ်းမိုးနေဆဲပါပဲ။ စာအုပ်ဟာ ယခုအချိန်ထိ ကမ္ဘာကြီးကို လွှမ်းမိုးနေဆဲ ဖြစ် ပါတယ်။ စာအုပ်ကို ဖတ်ရတာဟာ ခေတ်သစ်ကမ္ဘာကြီးမှာ ခေတ်နောက်ကျသွားတယ်လို့ မရှိပါဘူး။ ယနေ့ အထိ စာဖတ်ခြင်းဟာ စာဖတ်သူကို သြဇာရှိနေဆဲ၊ စာဖတ်သူရဲ့အာရုံကို စာအုပ်က သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ပါတယ်။

စာအုပ်စာပေရဲ့ ခေတ်ဟာ ဒီကနေ့ကုန်ဆုံးသွားပြီလား။ လူတွေဟာ စာအုပ်တွေကို ဘေး ဖယ်ထားပြီး တခြားဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေပြီလား။ ယနေ့လဲ ဖျော်ဖြေရေးတွေ ထွန်းကားတဲ့ခေတ် မှာ အာရုံစိုက်စရာတွေ အများကြီးးရှိပါတယ်။ သတင်း၊ သီချင်းနဲ့ ဂီတသံတွေကို ရေဒီယိုက လွှင့်ထုတ်ပေးခဲ့ တယ်။ နောက်ရေဒီယိုထက် ပိုခေတ်မှီတာ ပေါ်လာတယ်။ အဲ့ဒါ ရုပ်မြင်သံကြားပါပဲ။ သတင်းတွေကို ရုပ်ပါ မြင်လာရတယ်။ သီချင်းတွေကို နားနဲ့ကြားရုံသာမက ရုပ်ပါတွေ့လာရတယ်။ ဝတ္ထုတွေ၊ ဇာတ်လမ်းတွေကို ရုပ်တွေနဲ့ပါမြင်ရ၊ ကြားရလာပါတယ်။ အခုဆိုအင်တာနက်ဆိုတာတောင် ပေါ်လာပြီ။ ကမ္ဘာကြီးမှာ ဖြစ်ချင် တာ ကြားချင်တာတွေ၊ ဆက်သွယ်ချင်သူနဲ့ ဆက်သွယ်နိုင်တာတွေကို အင်တာနက်နဲ့ မြင်ရ၊ ကြားရလာပါပြီ စက်ကိရိယာတွေက ပြောင်းလဲလာပါပြီ။ ဒါပေမယ့် အဖြစ်အပျက်တွေကတော့ အရင်အတိုင်း ရှိနေဆဲပါပဲ။ နည်းပညာပြောင်းလဲမှုတွေ၊ စက်ကိရိယာတိုးတက်လာမှုတွေ ရှိပေမယ့်လည်း စာအုပ်တွေ စာမျက်နှာတွေ ကတော့ ယခုတိုင် ရှိနေဆဲပါပဲ။

စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာလုံးတွေက စက္ကူတွေကို အထပ်ထပ်ပုံလာစေတယ်။ မျက်နှာ ဖုံးကတ်ထူတွေကို အခုတိုင် တွင်ကျယ်လာစေပါတယ်။ စာအုပ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း က တည်ရှိခဲ့ပြီး ယခုတိုင် မရိုးတဲ့ ပစ္စည်းအဖြစ် လူတွေကို ဆွဲဆောင်နေဆဲပါ။ နည်းပညာသစ်တွေ ပေါ် ပေါက်လာနေပေမယ့်လည်း ဝတ္ထုတွေ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ ဝေဖန်သုံးသပ်မှုတွေ စတဲ့ စာပေတွေ ဟာ ကမ္ဘာမှာ ပျောက်ကွယ်မသွားသေးပဲ လူတွေအပေါ် လွှမ်းမိုးနေဆဲ ပါပဲ။

စာပေဟာ ကျွန်တော်တို့ရဲ့အကြောင်း ကျွန်တော်တို့ရဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဘယ်ကလာတယ်။ ဘယ်သွားနေတယ်ဆိုတာကိုလည်း စာအုပ်က ရေးမှတ်ထားသလို ညွှန်ပြနေပါတယ်။ ဝတ္ထုမဟုတ်တဲ့ စာအုပ်တွေဟာ ကမ္ဘာကြီးကို အလင်းရောင် ပေးနေဆဲပါပဲ။ ဝတ္ထုမဟုတ် တဲ့စာတွေ မဖော်ပြနိုင်တာကိုလည်း ဝတ္ထုတွေက ဖော်ပြနိုင်၊ လွှမ်းမိုးနေနိုင်ဆဲပါပဲ။ စာအုပ်တွေထဲကနေ ကျွန်တော်တို့ ပထမဆုံး ခရီးသွားခဲ့တယ်။ စာအုပ်တွေကနေ အကောင်းဆုံးအသိဥာဏ်တွေရခဲ့တယ်။ အသိ အကျွမ်းတွေ ဖြစ်ခဲ့တယ်။ လူတွေရဲ့ စရိုက်တွေ၊ ဇာတ်လမ်းတွေကို သိလာတယ်။ စာအုပ်တွေကနေ အသိ ဥာဏ် ပညာတွေ ရလာတယ်။ စာအုပ်တွေထဲကနေ မနှစ်မြိုမှု၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်း နည်းပူဆွေးခြင်း စတာတွေကို ခံစားနားလည်ခဲ့ရတယ်။

“ခါလေဂီဘရန်” ရဲ့ “တမန်တော်” စာအုပ်က ကျွန်တော်တို့ကို အများကြီးး ပြောပြပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ စိတ်ခံစားမှုတွေကို ဒီစာအုပ်က ပေးနိုင်တယ်။ ဟိုးလ်ဒင်းကွန်းဖီးလ်၊ ဟယ်ရီ ပေါ်တာတို့ က ကျွန်တော်တို့ကို ခံစားမှုတွေပေးပြီး အထီးကျန်မှုကနေ လွတ်မြောက်စေတယ်။ လီယာ ဘုရင်ကြီးး၊ ဟန်နီဘောလက်တာနဲ့ ဘိုရိုမီယာတို့ကလည်း ကျွန်တော်တို့ကို သတိပေးစရာတွေ အလေးထား စရာ ဇာတ်လမ်းတွေ၊ သင်ခန်းစာယူဖို့တွေကို ညွှန်ပြပါတယ်။ ဘယ်ဟာကို ဂရုစိုက်ရမယ်။ ဘယ်ဟာကို စွန့်လွှတ်ရမယ်။ ဘယ်ဟာကို အလေးထားရမယ်ဆိုတာ အဲ့ဒီစာအုပ်တွေက ညွှန်ပြပေးတယ်။ စာဖတ်ခြင်း ဟာ ကျွန်တော်တို့ရဲ့ အလေးနက်ဆုံး စိတ်ဓာတ်ကို အဆက်အသွယ်ပြုလုပ်ပေးပါတယ်။ လူသားတွေရဲ့ အဖြစ်အပျက်၊ ခံစားမှု၊ လူသားတွေရဲ့ အခွင့်အရေး စတာတွေကို စာအုပ်က အကောင်းဆုံးနဲ့ အကျယ်ပြန့် ဆုံး ညွှန်ပြပေးပါတယ်။

စာအုပ်တွေဟာ နှစ်သိမ့်မှုနဲ့ ကြည်နူးမှုကိုလည်း ပေးပါတယ်။ ကျွန်တော်ကလေးဘဝက ဆိုရင် မျက်မှန်အထူကြီးးနဲ့ပေါ့။ ကျွန်တော်က မျက်မှန်ကထူထူ၊ သွားကလည်းခေါနေတော့ အဲ့ဒီသွားတွေကို အစွပ်စွပ်ထားရတယ်။ အဲဒီလို ကာလတွေမှာ စာအုပ်တွေက ကျွန်တော့်ကို လုံခြုံစိတ်ချရအောင် အကာ အကွယ်ပေးတယ်။ ကောင်းကင်ဘုံရောက်နေအောင် ခံစားမှုပေးပါတယ်။ မျိုးဆက်တွေဟာလည်း အဲဒီလိုပဲ ဆက်ခါဆက်ခါ တွေ့ကြုံခံစားခဲ့ရပါတယ်။ စာအုပ်ကမ္ဘာထဲမှာ စာဖတ်တဲ့ နောင်မျိုးဆက်တွေကိုလည်း အသိ ဥာဏ်၊ ဗဟုသုတ စတာတွေကို စာအုပ်တွေက ပေးနိုင်တယ်။ စာအုပ်ဖတ်နေတဲ့အချိန် အထီးကျန်မှု မရှိ တော့ဘူး။ ကမ္ဘာကြီးထဲ၊ လူထုကြီးးထဲ၊ လူတန်းစားအလွှာစုံထဲကို ရောက်သွားတော့တာပါပဲ။  စာအုပ်ဖတ် နေတဲ့ အတွက် ဘေးပတ်လည်မှာ အခြားသူတွေလည်း ရောက်လာပါတယ်။ ဒါပေမယ့် စာအုပ်တွေက ဗုံး ခိုကျင်းတွေတော့ မဟုတ်ပါဘူး။ စာအုပ် တွေက တံတားတွေဖြစ်ပါတယ်။ စာအုပ်ကို တစ်မျက်နှာပြီးတစ် မျက်နှာ လှန်လိုက်တာနဲ့ ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းထဲ ရောက်သွားသလိုပါပဲ။ စာရေးဆရာ ဖန်တီး လိုက်တဲ့ အယူအဆနဲ့ အမြင်ကို စာဖတ်သူက လိုက်နာတာ ရှိသလို၊ ဆန့်ကျင်တာလည်း ရှိပါတယ်။ စာဖတ် တဲ့သူဟာ ကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံး နေရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ စာအုပ်ဖတ်တဲ့သူက သိချင်တဲ့အကြောင်းအရာ၊ အဖြစ်အပျက်ကို သိနိုင်သလို သွားချင်တဲ့နေရာကို လည်း သွားရောက်နိုင်ပါ တယ်။ စာအုပ်ကိုဖတ်တဲ့အတွက် လူသားတွေနဲ့ အဆက်အသွယ်ရလာပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူ့အဖွဲ့ အစည်းတွေ အကြောင်းကိုလည်း သိလာတယ်။ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို သိရုံမကဘူး လူထုကြီးး အကြောင်းကိုလည်း သိလာတယ်။ စာအုပ်တွေက စာဖတ်သူရဲ့ အသိဥာဏ်ကို ဖွံ့ဖြိုးပြီး အင်အားဖြစ်စေပါ တယ်။ စာဖတ်တဲ့အတွက် ရိက္ခာကို နှေးကွေးစွာ ဖြန့်ဖြူးခြင်းကနေ အမြန်ဆုံး ဖြန့်ဖြူးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေတယ်။ အခုအချိန်မှာ ဘလော့ဂ်တွေ၊ တက်မက်ဆေ့တွေ၊ အီးဘုတ်တွေ ရှိလာပါတယ်။ ဒါတွေ ကလည်း စာအုပ်ရဲ့ အဆက်အနွယ်တွေ အဖြစ် လူတွေရဲ့ အသိဥာဏ်ကို ကျယ်ပြန့်လာစေပါတယ်။ ကျေး ဇူးတင်ဖို့လည်း ကောင်းပါတယ်။ သတင်းတွေ၊ အဖြစ်အပျက်တွေကိုလည်း ချက်ချင်းသိရပါတယ်။ သတင်း စာတွေ၊ မဂ္ဂဇင်းတွေကိုလည်း အဲ့ဒီဘလော့ဂ်တွေ အီးဘုတ်တွေထဲက ဖတ်ရှုရပါတယ်။

ကွန်ပျူတာရှေ့ထိုင်လိုက်ရင် ခုနက ပြောတဲ့ အီးလ်ဘုတ်တို့၊ ဘလော့ဂ်တို့ကို ဖတ်ရှုနိုင် တာ ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာအုပ်တွေကို ဖတ်ရတာပဲ ကျေနပ်နေကြ တယ်။ စာအုပ်တွေဖတ်ရတာဟာ အချိန်တွေကိုလည်း အာခံနိုင်တယ်။ နယ်နိမိတ်တွေကိုလည်း ချိုးဖျက် နိုင်တယ်။ သေခြင်းတရားကိုလည်း ငြင်းပယ်နိုင်ကြပါတယ်။ စာအုပ်တွေကို ဖတ်ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမှု ရစေတာတော့ အထွေအထူး ပြောစရာမလိုပါဘူး။ စာအုပ်ကြောင့် လူရဲ့အာရုံထဲမှာ အနံ့၊ အသံ၊ အထိအတွေ့စတာတွေကို ခံစားနိုင်တာက အမှန်ပဲ။ ကျွန်တော်တို့ဟာ စာအုပ်ဖတ်ရင်းနဲ့ မိမိရဲ့ လက်ရှိ ကမ္ဘာထဲကနေ စာအုပ်ထဲမှာပါတဲ့ ကမ္ဘာကို ရောက်ရှိသွားတော့တာပဲ။ စာရေးဆရာက ဖန်တီးနိုင်သလောက် ကျွန်တော်တို့ရဲ့ စိတ်အာရုံကလည်း စာအုပ်က ဖန်တီးထားတဲ့ ကမ္ဘာထဲ ခြေစုံပစ် ရောက်ရှိသွားတယ်။ မိတ် ဆွေတစ်ယောက်ဆီက စာအုပ်ငှားဖတ်တဲ့အခါ တစ်တွဲပြီးတာနဲ့ နောက်တစ်တွဲပြတ်မသွားအောင် အမြန်ဆုံးငှားရမ်းဖတ်ရှုရတယ်။ စာအုပ်ထဲက စွန့်စားခန်းဟာ မိမိရဲ့ စွန့်စားခန်းဖြစ်လာတယ်။ စာအုပ်ထဲက ကြေ ကွဲမှု၊ ဒေါသဖြစ်မှုဟာလည်း မိမိရဲ့ ဒေါသနဲ့ သောက ဖြစ်လာပါတယ်။ စာအုပ်ထဲက ခရီးစဉ်ကို ဖတ်ရရင် မိမိလည်း ခရီးစဉ်ထဲ ရောက်သွားတယ်။ စာအုပ်ထဲမှာ အာဖဂန်နစ္စတန်ကို ဖတ်ရရင် မိမိလည်း အာဖဂန် နစ္စတန်ကို မရောက်ဖူးပေမယ့် ရောက်သွားသလိုပါပဲ။ ယဉ်ကျေးမှုတွေဟာ စာကြည့်တိုက်တွေထဲမှာ ရှိနေ ကြပါတယ်။

စာပေနဲ့ စာကြည့်တိုက်တွေဟာ လူသားအတွက်၊ အသိဥာဏ်ပညာနဲ့ ယဉ်ကျေးမှုကို ဖြစ် ထွန်းစေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ပန်းတိုင်တွေကို စာအုပ်တွေက ဖန်တီးနိုင်စွမ်း ရှိပါတယ်။ စာအုပ်တွေထဲမှာ ခိုလှုံစရာ ကွန်းတွေရှိသလို၊ လျှောက်လှမ်းစရာ လမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် စာအုပ်မရှိတဲ့ ကမ္ဘာကြီးဟာ ဘာဖြစ်သွားမလဲဆိုတာ မှန်းဆကြည့်ကြပါ။ စာအုပ်မရှိတဲ့ ကမ္ဘာကြီးဟာ အတွေးအခေါ်မရှိတဲ့ ကမ္ဘာကြီးဖြစ်သွားမယ်။ မေတ္တာတရားမရှိတဲ့ သမိုင်းမရှိတဲ့၊ အသံမရှိတဲ့ ကမ္ဘာ ကြီးးဖြစ်သွားမှာပေါ့။

ထက်မြက်

(ဤဆောင်းပါးကို ဖိလစ်ပိုင်မှ စာရေးဆရာမစ်ဂွဲလ်ဆိုင်ဂျူကို Miguel Syjuco က ရေးသား ပါတယ်။ သူဟာထင်ရှားတဲ့ စာရေးဆရာတဦးလည်းဖြစ်ပါတယ်။)

Ref; R.D, September. 2010.

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013