DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ပြည်တွင်းအခြေခံ စားသုံးကုန်အချို့ ဈေးတက်
DVB
·
April 8, 2016
သင်္ကြန်ကာလ ပြည်တွင်းအခြေခံ စားသုံးကုန်အချို့ ဈေးတက်
Donate to DVB

ဒီနှစ်သင်္ကြန်ကာလမှာ ပြည်တွင်းအခြေခံ စားသုံးကုန်တွေထဲက ဆီဈေး၊ ပဲဈေးနဲ့ သာကူဈေးတွေ အနည်းငယ်တက်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါက အရင်နှစ်တွေလောက် မြင့်တက်လာတာမျိုး မဟုတ်ဘဲ ကျန်တဲ့ အခြေခံစားသောက်ကုန်တွေကတော့ ဈေးကျသွားတဲ့အထိ ရှိနေပါတယ်။

ဂျက် ကုန်မျိုးစုံရောင်းဝယ်ရေးမှ ကိုဂျက်က "၀ယ်လိုအား နည်းသွားတဲ့အခါကျတော့ ဒီဘက်မှာ ဈေးမြင့်နေတဲ့အတွက် လက်လီပိုင်းမှာလည်း နည်းနည်း ပါးသွားတယ်။ ဈေးတက်နေတယ်၊ ဈေးတက်နေတယ်ဆိုတာ ပေါ်စမှာ ဈေးတက်နေတယ်။ နောက်ပြီးကျရင်တော့ ဈေးကွက်ကတော့ ခုနကလို ပစ္စည်းလှိုင်လာရင်တော့ အထွက်များလာမယ်။ ရာသီချိန်မှာ အထွက်တွေများလာမယ်ဆိုရင်တော့၊ လှောင်သမား များလာရင်တော့ ဈေးတက်မှာပေါ့နော်။ ထွက်တဲ့ကုန်က များမယ်ဆိုရင်တော့ ဈေးကွက်က ကျသွားမှာပဲ” လို့ ပြောပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ အခြေခံစားသောက်ကုန်ဈေးတွေ ကျဆင်းနေချိန်မှာ ပြည်တွင်းက အခြေခံစားသောက်ကုန်ဈေးတွေ တက်လာပေမယ့် အရောင်းအ၀ယ်က အေးမသွားဘဲ အရင်နှစ် သင်္ကြန်ကာလတွေလို ရောင်းအားတက်နေပါတယ်။

သင်းသင်း ကုန်မျိုးစုံရောင်းဝယ်ရေးမှ မသင်းသင်းက “ယိုးဒယားပစ္စည်းတွေဆို ကျတယ်။ စားသောက်ကုန်ဆိုရင် ငါးသေတ္တာတို့ ဘာတို့ဆိုရင် ဈေးကျတယ်။ နောက် အချိုမှုန့်၊ လူသုံးကုန်ပေါ့ တက်တာမရှိဘူး ကျတယ်။ အရောင်းအ၀ယ်ကတော့ ကောင်းပါတယ်။ သင်္ကြန်နားနီးတော့ အရင်လတွေထက် ပိုရောင်းကောင်းတယ်” လို့ ပြောပါတယ်။

ကုန်စည်ဈေးကွက် အခြေအနေကတော့ မြို့ထဲမှာရောင်းတဲ့ လက်လီဆိုင်တွေက အရောင်းအ၀ယ် သွက်နေချိန်မှာ နယ်တွေကို တင်ပို့ရောင်းချတဲ့ လက်ကားဆိုင်တွေက အရောင်းအ၀ယ် အေးနေတယ်လို့ ဆင်ဖြူတော် ဆီရောင်းဝယ်ရေးမှ ဦးသိန်းဆွေက ဆိုပါတယ်။

“သင်္ကြန်ပိတ်ရက်လေးအတွက်ပဲ နည်းနည်းကြိုစုကြတယ်။ ၁၀ ရက် ပိတ်ရက်ရှည်သွားတော့လေ၊ ကြိုစုကြတာပါ။ ဒါပေမယ့် ဈေးကတော့ မုံရွာတို့၊ မန္တလေးတို့၊ တောင်ကြီးတို့လို နယ်ဝယ်လက်တွေက ဒီအချိန်မှာ သူတို့လည်း ဟိုမှာ ပြန်ရောင်းနေပြီလေ။ ပြန်ရောင်းတဲ့အချိန် ဖြစ်နေပြီ။ ဒီမှာ ၀ယ်တဲ့အချိန် မဟုတ်တော့ဘူး။ ဟိုမှာ ပြန်ရောင်းတဲ့အချိန် ဖြစ်နေပြီဆိုတော့ ဒီက အရောင်းဈေးကွက်မှာ အေးသွားတာ။”

ကုန်သိုလှောင်သူတွေက အဆမတန် သိုလှောင်ထားတာကြောင့် ပေါ်ကာစပဲ ရှိသေးတဲ့ မြေပဲလို ပြည်တွင်းစားသောက်ကုန်တွေ ဈေးတက်နေတာလို့ စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားပါတယ်။

အရင်နှစ်တွေမှာတော့ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ထွက်ကုန်တွေဟာ ပေါ်ကာစမှာ ဈေးသင့်ပြီး လေးငါးလ အကြာမှာသာ ဈေးတက်လေ့ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

သတင်း - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013