DVB Logo
Home
Lead Story
နှစ်သစ်ကူးအခါသမယအကြို ကျောင်းသားတွေ၊ ၀န်းရံသူတွေ လွတ်နိုင်ပါတယ် - ဦးကိုနီ
DVB
·
April 7, 2016
နှစ်သစ်ကူးအခါသမယအကြို ကျောင်းသားတွေ၊ ၀န်းရံသူတွေ လွတ်နိုင်ပါတယ် - ဦးကိုနီ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူတွေ ပြစ်မှုကနေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် နည်းလမ်းသုံးသွယ်ရှိတဲ့အနက် နည်းလမ်း ၂ သွယ်နဲ့ ကြိုးစားမယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

နံပါတ် ၁ နည်းလမ်းအဖြစ် သမ္မတက လွတ်ငြိမ်းခွင့်၊ နံပါတ် ၂ နည်းလမ်းအဖြစ် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထောက်ခံချက်နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ နံပါတ် ၃ ကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ပြစ်မှုတွေကို တရားရုံးသဘောတူညီချက်နဲ့ ရုပ်သိမ်းနိုင်ခြင်းတွေဖြစ်ပါတယ်။ ဒီထဲက နံပါတ် ၁ နည်းလမ်းနဲ့ နံပါတ် ၃ နည်းလမ်းကျင့်သုံးမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်နဲ့ အမှုရင်ဆိုင်သူ ၄၀၀ လောက်ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထုတ်ပြန်တဲ့ နည်းလမ်း ၃ သွယ်နဲ့ စပ်လျဉ်းပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းပါတယ်။

နည်းလမ်း ၃ သွယ်အနက် (ဂ) မှာ ‘တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ ရုပ်သိမ်းနိုင်ပါသည်’ လို့ ပါရှိတယ်။  ဒီတော့ ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ မြို့နယ်တော်တော်များများမှာ တရားစွဲခံကြရတယ်။ ဒီတော့  မြို့နယ်အသီးသီးက တရားရုံးတိုင်းရဲ့ ခွင့်ပြုချက်လိုတဲ့ သဘောလား။

“ဒီလိုပါ၊ အမှုစစ်ပြီးလို့ ထောင်ကျသွားတဲ့ လူတွေရှိတယ်။ ထောင်ကျသွားတဲ့လူတွေကို လွှတ်လို့ရှိရင် ကျနော်တို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသုံးရင် ၂၀၄ (က) ပေါ့။ တကယ်လို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို သုံးမယ်ဆိုရင်တော့ ပုဒ်မ ၄၀၁ နဲ့ နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်ကျခံပြီးသူကို သူ့ရဲ့ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးနိုင်တယ်။ အဲဒါက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့လူတွေပေါ့ဗျာ၊ ဥပမာ ပုဒ်မ ၁၈ (ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်သည့်ဥပဒေပုဒ်မ) နဲ့ အရေးယူခံရတဲ့သူတွေ၊ ပုဒ်မ ၅၀၅ (ခ) (နိုင်ငံတော်အကြည်ညိုပျက်စေမှု) နဲ့ အရေးယူခံရတဲ့သူတွေ၊ ဘယ်သူဘယ်သူပေါ့ဗျာ။ အဲဒါကိုလွှတ်တာက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) နဲ့ လွှတ်ပေးရတယ်။

“နောက်တခုက အမှုတန်းလန်းပေါ့ဗျာ၊ မပြီးသေးဘူး။ အမှုတွေ စစ်ဆေးနေဆဲ On Trail ဆိုလို့ရှိရင် ပြစ်ဒဏ်မပေးရသေးတဲ့အတွက် အဲဒီပုဒ်မတွေသုံးပြီးလွှတ်လို့မရဘူး။ အဲဒါကျတော့ လုပ်တဲ့နည်းက လွယ်တယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ ကိုသုံးပြီးတော့ အမှုကို ပြန်ပြီးတော့ ရုပ်သိမ်းလိုက်တာ။ ဘာပြုလို့တုန်းဆိုတော့ နိုင်ငံတော်က တရားလိုလုပ်ပြီး စွဲထားတဲ့အမှုတွေအားလုံးကို နိုင်ငံတော်က ဘယ်အချိန်မှာမဆို သူက ရုပ်သိမ်းခွင့်ရှိတယ်။ ဒါက နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်ပေါ့နော်၊ ကျနော်တို့ ဒီ ရာဇ၀တ်မှုတွေမှာ တရားလိုတွေက နိုင်ငံတော်ဖြစ်တာကိုးဗျ။ အဲဒီတော့ တရားလိုဖြစ်တဲ့ နိုင်ငံတော်က အချိန်မရွေး ဒီဟာကို ရုပ်သိမ်းပေးလို့ရပါတယ်။ အဲဒါပါပဲ၊ အဲဒီတော့ ရုပ်သိမ်းတဲ့အခါမှာ by the permission of the court (တရားရုံး၏သဘောတူညီချက်ဖြင့်) ဆိုတဲ့ စကားလေးပါတယ်။ ၄၉၄ အရ အစိုးရက ရှေ့နေချုပ်ရုံးကနေ ရုပ်သိမ်းခွင့်တင်ရင် လိုအပ်ချက်တချက်က တရားရုံးက ရုပ်သိမ်းခွင့်ပေးမှ ရုပ်သိမ်းခွင့်ပေးရတယ်။ ဆိုလိုတာကတော့ဗျာ၊ သိပ် ဟို လူသတ်မှု၊ ဓားပြမှု၊ လူတွေ ပိုးစိုးပက်စက်သေတဲ့အမှုမျိုးဆိုရင် တရားလိုက ရုပ်သိမ်းပေမယ်လို့ တရားရုံးက ခွင့်မပြုဘူးဆိုပြီးတော့ သူဆုံးဖြတ်လို့ရတယ်။ အခုလို ဘယ်သူ့ကိုမှ မထိခိုက်တဲ့ အမှုမျိုးတွေကျတော့ တရားရုံးက သူ့သဘောနဲ့သူ ခွင့်ပြုပေးမှာ။ ဒီဘက်က ရုပ်လိုက်ပြီဆိုတာနဲ့ တရားရုံးကလည်း ခွင့်ပြုသည်ဆိုပြီးတော့ဖြစ်သွားမှာ။”

နည်းလမ်း ၃ သွယ်အနက် အတိုင်ပင်ခံပုဂ္ဂိုလ်မရွေးချယ်တဲ့ နည်းလမ်း (ခ) မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အတွက် ကာလုံ (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ) ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်။ ဒါက နိုင်ငံတကာရောက်နေတဲ့ မြန်မာတွေ ပြန်လာရေးလို ကိစ္စတွေပါ အကျုံးဝင်တာမျိုးလား။

“မဆိုင်ဘူးခင်ဗျ။ အဲဒီဟာက မြန်မာနိုင်ငံကို စွန့်ခွာသွားတဲ့သူတွေက မြန်မာနိုင်ငံကို ပြန်ဝင်ချင်ရင် ပြန်ပြီးလျှောက်ထားဖို့လိုမယ်။ တကယ်လို့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုက်ရင်လည်း နိုင်ငံသားပြန်လျှောက်ထားဖို့လိုတယ်။ အဲဒါကို ဘယ်လိုအခွင့်အရေး ပေးမယ်ဆိုတာကတော့ သီးသန့် ဒါက သမ္မတရုံးကနေ ညွှန်ကြားချက်တွေထုတ်ပြီး လုပ်လို့ရပါတယ်။ အဲဒါက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မဆိုင်ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ပြစ်မှုကျူးလွန်တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာသာဖြစ်ပါတယ်။ နိုင်ငံခြားကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားသူတွေက ပြစ်မှုကျူးလွန်သူမဟုတ်တဲ့အတွက် သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစရာ မလိုပါဘူး။ သူတို့ကို သီးခြားအမိန့်ညွှန်ကြားချက်တွေထုတ်ပြီး ပြန်ဝင်လာဖို့ အခွင့်အရေးပေးလို့ရပါတယ်။”

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်က အကုန်လုံးကို လွှတ်ပေးတဲ့သဘောလား။ ရှင်းပြပေးပါ။

“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက အားလုံးအကျုံးဝင်သွားတယ်။ ဆိုလိုတာက အထွေထွေလို့ ပြောလိုက်တာနဲ့ ကွက်ပြီးလွှတ်တာ မဟုတ်တော့ဘူး။ ပြစ်ဒဏ်ကျခံနေရတဲ့သူ အကုန်ပါသွားမယ်။ ဆိုကြပါစို့ ဥပမာ လူသတ်သမားတို့၊ မုဒိမ်းကောင်တို့၊ ဓားပြမှုကျူးလွန်တဲ့သူတွေ၊ ဒါတွေကျတော့ ကျနော်တို့က မပေးချင်ဘူး။ အဲဒီလိုမပေးချင်ရင် ခုနက က (သမ္မတ၏လွတ်ငြိမ်းခွင့်) နဲ့ ရွေးပြီးပေးရမယ်။ အထွေထွေဆိုလို့ရှိရင် သူက လုံခြုံရေးကိုပါ ထိခိုက်နိုင်တယ်။ အကုန်ပါလာတော့မှာ။ ရာဇ၀တ်ကောင်မျိုးစုံပါလာနိုင်တယ်။ အဲဒါကြောင့် ကာလုံရဲ့ ထောက်ခံချက်လိုတာ။ အထွေထွေဆိုတာ တော်တော်ကြီးကျယ်တယ်။ အမှုတန်းလန်းနဲ့ဆိုတာတွေလည်း ပါနိုင်တယ်။ အထွေထွေဆိုတာကတော့ ကာလုံထောက်ခံချက်လိုတယ်။

“နှစ်သစ်ကူးအခါသမယအကြိုလွတ်နိုင်တာက ကျနော့်အထင်ပြောရရင်တော့ ကျောင်းသားတွေ၊ ၀န်းရံသူတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်သူ့ပစ္စည်းကိုမှ မထိပါးဘဲနဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှ မထိပါး မစော်ကားဘဲနဲ့ သူတို့ရဲ့ ဆန္ဒထုတ်ဖော်တဲ့ကိစ္စပေါ့ဗျာ၊ အဲဒီ ဆန္ဒထုတ်ဖော်တဲ့ကိစ္စ အကြောင်းကြောင့် အရေးယူခံရတဲ့လူတွေပေါ့ဗျာ။ အဲဒီလူတွေကို လွှတ်ပေးလိမ့်မယ်လို့ထင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013