DVB Logo
Home
မြန်မာသတင်း
မြစ်ချောင်းများ အဓွန့်ရှည်ရေး မြေအောက်ရေကို ချွေတာသုံးစွဲသင့်
DVB
·
April 7, 2016
မြစ်ချောင်းများ အဓွန့်ရှည်ရေး မြေအောက်ရေကို ချွေတာသုံးစွဲသင့်
Donate to DVB

မြစ်ချောင်းတွေ အဓွန့်ရှည်ဖို့ မြေအောက်ရေတွေကို ထိန်းပြီး သုံးစွဲသင့်တယ်လို့ ရေအရင်းအမြစ် ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ဧရာဝတီမြစ် အပါအဝင် မြစ်ချောင်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး၊ မြန်မာ့ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေအောက်ရေတွေကို ချွေတာသုံးစွဲဖို့ လိုအပ်နေတာပါ။

ရေဟာ လူတွေ၊ သက်ရှိသတ္တဝါတွေ အသက်ရှင်ဖို့ ဂေဟစနစ်တွေ မပျောက်ပျက်ဖို့ အရေးကြီးတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ရေအရင်းအမြစ်ရဖို့လည်း လိုအပ်ပါတယ်။

မြေအောက်ရေတွေကို မတန်တဆ စုပ်ထုတ်သုံးစွဲနေတာကြောင့် မြေနိမ့်ကျ ကျွံဝင်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရေအရင်းအမြစ်ပညာရှင် ဒေါက်တာခင်နီနီသိန်းက ပြောပါတယ်။

“မြေအောက်ရေတွေကို စုပ်ထုတ်လိုက်တယ်။ စုပ်ထုတ်ပြီးတော့ မတန်တဆ သုံးလိုက်တယ်။ မြေအောက်ရေတွေ ဒီမြေအောက်ထဲမှာ အောင်းထားတာ နှစ်ပေါင်းသန်းနဲ့ချီပါတယ်။ တဖြည်းဖြည်း တစိမ့်စိမ့်ကျတဲ့ ရေပါ။ အဲ့လိုမျိုး နှစ်ပေါင်း သန်းနဲ့၊ သောင်းနဲ့၊ ထောင်နဲ့၊ ရာနဲ့ချီတဲ့ဟာကို သူ ဘယ်နှစ်မိနစ်အတွင်း ထုတ်သုံးလိုက်လဲ။ ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲ့လို ၁၅ မိနစ်ကနေ တနေကုန် ထုတ်သုံးပြီးတော့၊ လစဉ်ထုတ်သုံးပြီးတော့၊ ဆယ်နှစ်လောက်၊ အနှစ်ငါးဆယ်လောက် ဖြစ်လာတဲ့အခါ ဘာဖြစ်လဲ။ အဲ့ဒီအောက်မှာ မြေနိမ့်ကျ၊ ကျွံဝင်မှုတွေ ဖြစ်လာတယ်။"

ဒါ့အပြင် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်လို မြစ်ကြီးတွေ စီးဆင်းဖို့အတွက် မြေအောက်ရေ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွှေတူးဖော်တာ၊ သစ်တောပြုန်းတီးတာနဲ့ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးနေပြီး ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုပါ ကြုံနေရတာကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းက ကျေးရွာ ၂၀၀၀ ကျော်မှာ ရေပြတ်လတ်မှုတွေ ကြုံနေရပါတယ်။

ရေကို လွန်ကဲစွာ သုံးစွဲရင်လည်း မလုံလောက်တဲ့ အခြေအနေကို ရောက်ရှိနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဆည်မြောင်းရေးရာကျွမ်းကျင်သူ ဦးချိုချိုကလည်း “အရင်တုန်းကတော့ ကျနော်တို့ မြန်မာပြည်က ရေက ပေါများတဲ့ သယံဇာတ တခုလို လုပ်ထားတယ်။ အခုလည်း ပေါများတုန်းပါ။ သို့သော်လည်း ကျနော်တို့ဘက်က အထိန်းအကွပ်မရှိ သုံးလို့ရှိရင် အဲ့ဒီရေတွေက ညစ်ညမ်းပြီးတော့ သုံးမရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ မလုံမလောက် သယံဇာတတွေ ပျက်သုဉ်းသွားတာ၊ ပျောက်ဆုံးသွားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်လို အရေးကြီးတဲ့ ရေအရင်းအမြစ်တွေ ထိန်းသိမ်းဖို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး ရေဥပဒေကိုလည်း ရေးဆွဲနေပါတယ်။

ကမ္ဘာ့ရေနေ့ အခမ်းအနားကို မတ်လအတွင်း နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဧရာဝတီမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေစီမံခန့်ခွဲမှု မူဝါဒတွေကို ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013