DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ခံ မသန်စွမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ရွေးခိုင်းမှုကို ဆန္ဒပြ
DVB
·
April 6, 2016
ရွေးကောက်ခံ မသန်စွမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ရွေးခိုင်းမှုကို ဆန္ဒပြ
Donate to DVB

မသန်စွမ်းသူဆိုပြီး အကြောင်းပြချက်နဲ့ ပဲခူးမြို့က ရွေးကောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရွေးချယ်ခိုင်းတာကြောင့် ရပ်ကွက်နေပြည်သူတွေက ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဧပြီ ၄ ရက်နေ့က ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံထားရတဲ့ ကိုအောင်အောင်ဆိုသူကို ကျန်းမာရေး မသန်စွမ်းသူဆိုတဲ့ အကြောင်းပြချက်နဲ့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အသစ်ပြန်လည် ရွေးချယ်ခိုင်းခဲ့တာပါ။

ဒါကြောင့် ကျွန်းသာယာရပ်ကွက်နေ ပြည်သူတွေက ပြန်လည်ရွေးချယ်တာကို မလိုလားကြောင်း ပြသတဲ့အနေနဲ့  လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ကျွန်းသာယာရပ်ကွက်မှာ နေထိုင်သူတဦးဖြစ်တဲ့ ဒေါ်ကျင်မွှေးက “ကျန်းမာရေးနဲ့ ပတ်သက်တာတော့ သူတို့လည်းအမြင်၊ ခြေထောက်မကောင်းဘူး၊ ခါးမကောင်းဘူးဆိုတာ အမြင်ကိုလည်း သူတို့တင်ထားတာ။ တင်ထားတာ သိရက်သားနဲ့ အခုကျတော့မှ ခြေထောက်မကောင်းလို့ပါ၊ ဘာမကောင်းလို့ပါဆိုပြီး ပြောတယ်။ ရပ်မိ၊ ရပ်ဖလည်း သိသိကြီးနဲ့ တင်ထားတာလေ။ တင်ထားပြီးမှ ပြန်ရွေးမယ်ဆို ကျမတို့လည်း လက်သင့်မခံပါဘူး” လို့ ပြောပါတယ်။

ကျန်းမာရေးမကောင်းဘူးဆိုရင် ၀င်အရွေးမခံစေသင့်ဘဲ အရွေးခံရပြီးတော့မှ ကျန်းမာရေးကြောင့် အုပ်ချုပ်ရေးမှူး မဖြစ်နိုင်ဘူးဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့လည်း အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ ဆိုက်ကားဆရာ ကိုသိန်းအောင်က ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်တင်ထားပေမယ့် ခွင့်ပြုမိန့် မရခဲ့တာကြောင့် အမှတ် ၂ ရဲစခန်းမှ စခန်မှူး ရဲအုပ်စိန်လွင်က လာရောက် အသိပေး တားမြစ်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ကိုနိုင်နိုင်အောင်ကတော့ “တကယ်လို့ ဆေးစစ်ချက်အရ ကိုအောင်အောင်က ကျန်းမာရေးချို့တဲ့တယ်ဆိုရင် သူက အရိုးနဲ့သာ သက်ဆိုင်တယ်၊ အကြောနဲ့သာ သက်ဆိုင်တယ်။ သူ့ကိုစမ်းသပ်တဲ့ ဆရာဝန်၊ ကော်မတီဖွဲ့တဲ့ ဆရာဝန်တွေကလည်း ပွင့်လင်းမြင်သာမှုရှိအောင် ချပြဖို့လိုတယ်။ မ၀တရဲ့ အမိန့်စေခိုင်းချက်အရ ဒီဥစ္စာတော့၊ ဒီလိုရှိပါတယ်ဆိုတဲ့ ရှင်းလင်းချက် တခုတည်းနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့၊ ထုတ်ဖော်ပြသမှုမရှိတဲ့ ဖြေရှင်းချက်က ဒါက ရပ်ကွက်နေ ပြည်သူတွေကော၊ တမြို့လုံးမှာရှိတဲ့ လူထုကိုကော လိမ်နေတာလို့ ကျနော်ကမြင်တယ်”  လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်ကို ဒီဗွီဘီသတင်းထောက်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာမှာ သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအင်္ဂါရပ် ၁၁ ချက်နဲ့ မညီဘူးဆိုပြီး တင်ပြလာမှု ရှိတာကြောင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဦးဆောင်တဲ့ ကော်မတီတရပ်ဖွဲ့ပြီး ကိုအောင်အောင်ဆိုသူကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြောင်း၊ ရွေးကောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်အောင်ဟာ ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ခုလို ပြန်လည်ရွေးချယ်ဖို့ လုပ်ရတာဖြစ်ကြောင်း ပြောပါတယ်။

ပဲခူးမြို့နယ်မှာ ကျေးရွာ/ရပ်ကွက် ၁၀၅ ရပ်ကွက်ရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၂ ဦး ခန့်ထားပေးရာမှာတော့ လက်ရှိမှာ ကျွန်းသာယာရပ်ကွက် အပါအ၀င် အုပ်ချုပ်ရေးမှူး ခန့်ထားဖို့ ၃ ဦး ကျန်နေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013