DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၆ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်
DVB
·
April 6, 2016
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၆ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်
1 / 4
Donate to DVB

ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုနဲ့ ကျောက်တော်မြို့နယ်တရားရုံးက ရခိုင်လူငယ် ၆ ဦးကို မတရားအသင်းပုဒ်မ ၁၇ (၁) ၁၇ (၂) တို့နဲ့ ဒီနေ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ပါတယ်။

“ဒီကနေ့ ၁၀ နာရီဝန်းကျင်လောက်မှာ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၆ ဦးကို ထောင်ဒဏ် ၅ နှစ်စီချလိုက်တာပေါ့လေ။ ထူးခြားမှုတွေကတော့ဗျာ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်တဲ့သူတွေ အားလုံးကို ထောင်ဒဏ်ချတဲ့အခါမှာ ၁၇(၁) ၁၇(၂)ကို တပေါင်းတည်း ထောင်ဒဏ်ချတယ်။ ၁၇ (၁)က နှစ်ငယ်သမားတွေအတွက်ပေါ့လေ။ ၁၇ (၂) ကျတော့ နှစ်ကြီးသမားတွေအတွက်ပေါ့လေ။ ၃ နှစ်သမားရော ၅ နှစ်သမားတွေပါ။ ၁၇ (၁)၁၇ (၂) တပေါင်းတည်း ကျခံစေတယ်ပေါ့လေ။ ဒါက မညီညွတ်ဘူးလို့ ထင်တယ်။ ၁၇(၁)ဆိုရင် ၁၇(၁)နှစ်ချပေါ့လေ။ ၁၇ (၂) ဆိုရင် ၁၇(၂) နှင့်ချပေါ” လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးထွန်းလှက ဒီဗွီဘီကိုပြောပါတယ်။

ဒီကနေ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံလိုက်ရတဲ့ သူတွေကတော့ ကိုစိုးနိုင် (ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ)၊ ဦးဘမောင် (ရသေ့တောင်မြို့နယ် သိမ်တောင်ကျေးရွာ)၊ မောင်ကျော်သိန်း (မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းကျေးရွာ)၊ မောင်သန်းဝေ (ကျောက်ဖြူမြို့၊ အရှေ့ပိုင်းရပ်)၊  ထွန်းထွန်းဝင်း (မင်ပြားမြို့နယ်၊ သာယာကုန်းကျေးရွာ)၊  ထွန်းစိုးနိုင် (စစ်တွေမြို့၊ ညှိရောင်ချောင်းကျေးရွာ) တို့ ဖြစ်ကြပါတယ်။

ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်တာကြောင့် ထောင်ဒဏ်အသီးသီးချခံလိုက်ရတဲ့ သူတွေက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်မျှော်နေကြတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ဆက်လက်ပြောပါတယ်။

“စွပ်စွဲခံရပြီး ထောင်ချခံရသူတွေ သူတို့ရဲ့ အမိန့်ကို အရင်ချစေချင်တဲ့သဘောပေါ့။ တရားသူကြီးက ဟိုနေ့ရွေး ဒီနေ့ရွေးလုပ်နေတာကိုတော့ မကြိုက်ဘူးပေါ့လေ။ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ကိုးတယ်လို့ ယူဆရပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပါလာဖို့ မပါလာဖို့ဆိုတာ ကျနော်ကတော့ သိပ်မခန့်မှန်းတတ်ဘူးဗျ။ သမ္မတအပေါ်မှာပဲ မှုတည်တာပေါ့လေ။”

ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်ပြီး ထောင် ၅ နှစ်ချလိုက်တဲ့သူတွေအတွက် အယူခံဝင်ဖို့ ဆိုတာ ကာယကံရှင်တွေနဲ့မိသားစုတွေကို မေးမြန်းပြီး လုပ်ဆောင်သွားမယ်လို့ ရှေ့နေကပြောပါတယ်။

ဒီကနေ့ထောင်ဒဏ်ချခံရသူ ၆ ဦးမှာ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသမှာ လွန်ခဲ့တဲ့နှစ် ၂၀၁၅၊ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှုရှိတယ်ဆိုပြီး မြန်မာ့တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။

(သတင်း - ဇော်ခ၊ ဓာတ်ပုံ - ကျော်လှမြင့်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013