DVB Logo
Home
Lead Story
ရက်ပေါင်း ၁၀၀ အတွင်း အစိုးရသစ် ဘာတွေလုပ်မလဲ - အယ်ဒီတာ စကားဝိုင်း
DVB
·
April 6, 2016
ရက်ပေါင်း ၁၀၀ အတွင်း အစိုးရသစ် ဘာတွေလုပ်မလဲ - အယ်ဒီတာ စကားဝိုင်း
Donate to DVB

နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရစစ်စစ် အစိုးရတရပ် ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံတွေမှာဆိုရင် အစိုးရသစ် တက်လာတာနဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘာလုပ်မလဲဆိုတာ ပြည်သူလူထုက စောင့်ကြည့်လေ့ရှိပါတယ်။ ပြီးတော့မှ ရက်ပေါင်း ၁၀၀ ကျော်သွားပြီးတဲ့အခါမှာ အစိုးရအနေနဲ့ ရှေ့ဆက်သွားမယ့် အလုပ်တွေနဲ့ပတ်သက်ပြီး ဝေဖန်တာ၊ အကဲဖြတ်တာ၊ သုံးသပ်တာတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုအစိုးရသစ် တက်လာတယ်။ နောက် ရက် ၁၀၀ မှာ ဘာတွေလုပ်မလဲ။ အဲဒီအစိုးရသစ်ကကော ဘာတွေစိန်ခေါ်မှုတွေ ရှိနေလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီတပတ် အယ်ဒီတာစကားဝိုင်းမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းအတွက် ဖိတ်ကြားထားသူတွေကတော့ နိုင်ငံရေးသုံးသပ်သူတွေဖြစ်ကြတဲ့ ဒေါက်တာ ရန်မျိုးသိမ်းနဲ့ ဆရာအေးမောင်ကျော်တို့ပဲ ဖြစ်ပါတယ်။

ဦးခင်သန်း (ဒီဗွီဘီ)

"ကျနော်တို့ သမ္မတသစ်လွှဲပြီ၊ သမ္မတ ဦးထင်ကျော် အစိုးရသစ်က ဧပြီလ ၁ ရက်နေ့ကနေပြီး စမယ်။ ဒါပေမယ့် ခုနပြောခဲ့သလိုပဲ ဟန်နီးမွန်းပေါ့။ အစိုးရသစ်တရပ်ရဲ့ ရက် ၁၀၀ မှာ၊ အချိန်တိုတွင်းမှာ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ဟာ ဘာတွေလုပ်မလဲပေါ့။ ဒါပေမယ့် ကျနော်တို့နိုင်ငံအနေနဲ့ ခက်တာက သူများနိုင်ငံတွေမှာဆိုရင် ဒီမိုကရေစီရင့်ကျက်ပြီးတဲ့ နိုင်ငံတွေမှာ ရက် ၁၀၀ ဆိုတာ အင်စတီကျူးရှင်းတွေလည်း ကောင်းတယ်လေ။ မြန်မာနိုင်ငံမှာကျတော့ သိတဲ့အတိုင်းပဲ။ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတယ်။ အဲတော့ ဆရာအေးမောင်ကျော်ကို မေးချင်တာက အစိုးရသစ်အနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘာတွေဦးစားပေးလုပ်မယ်လို့ ယူဆပါလဲဆရာ။"

ဆရာအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ရက်ပေါင်း ၁၀၀ ဆိုတာ ကျနော်တို့ပြောနေကြတာပေါ့နော်။ တကယ်တမ်းကျတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလုပ်တဲ့ အလေ့အထတခုလို့ ပြောလို့ရတယ်။ စဖြစ်လာတဲ့ အခြေအနေကို ပြောရရင် အမေရိကန်သမ္မတ ဖရန်ကလင် ရူးစဘက်ပေါ့။ သူ့လက်ထက်မှာ ၁၉၂၉-၃၀ အဲဒီလောက်မှာဖြစ်တဲ့ အစိုးရကနေ စလာတာပေါ့။ အဲဒီတုန်းက တကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်တာပေါ့။ အဲဒီအချိန်မှာ သူက သမ္မတ တက်ဖြစ်တာပေါ့။ အဲဒီအချိန် စီးပွားရေးက အရမ်းဆိုးသွားပြီ။ လုံးဝ ဘုန်းဘုန်းလဲသွားတာပေါ့နော်။ အဲဒါက ဥရောပတိုက်အထိ ပြန့်သွားတယ်။ အဲဒီ အခြေအနေမှာ သူက အစီအစဉ်အသစ်တခုပေါ့၊ ပေါ်လစီတခုချတယ်။ အဲဒီပေါ်လစီအရ လုပ်ဆောင်ချက်တွေဟာ ရက် ၁၀၀ အတွင်းမှာ အဓိကလုပ်ခဲ့တာပေါ့။ အဲဒါဘာလဲဆိုတော့ အဓိက ဥပဒေတွေ ပြဋ္ဌာန်းတာ။ အရေးကြီးတဲ့ ဥပဒေတွေပေါ့။ အလုပ်သမားနဲ့ အလုပ်ရှင်ဆက်ဆံရေး၊ နိုင်ငံတော်နဲ့ ပုဂ္ဂလိက ဆက်ဆံရေး စသဖြင့်ပေါ့၊ အဲလိုမှားနေတာတွေ အများကြီးရှိတယ်။ အဲလိုဟာတွေကို ပြန်ပြင်တာ။ ဘဏ်လုပ်ငန်း၊ စကျူရတီ၊ အာမခံတို့ စသဖြင့်ပေါ့နော် အရေးကြီးတဲ့ ဥပဒေတွေကို သုံးလအတွင်းမှာ ချတာ။ သုံးလဆိုတာ ရက် ၁၀၀ ပေါ့။ အဲဒီကနေစပြီး သူက ပြန်မတ်လာတာပေါ့။ အဲဒီနောက်ပိုင်းမှာ ရက် ၁၀၀ ဆိုတာ အစိုးရတွေ သုံးသုံးလာတာပေါ့။ ရက် ၁၀၀ ဆိုတာ အမေရိကန်သမ္မတ ရူးစဘတ် လက်ထက်က စခဲ့တာပေါ့။ ကျနော်တို့အခြေအနေအရ ပြောရရင်တော့ အဲလို လုံးဝဥဿုံ  ပျက်စီးသွားတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကလည်း ပြန်စရမှာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ကလည်း သိပ်ပြီးတော့ မထူးဘူး။ မထူးတာ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ လှိုက်စားလာတာပေါ့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လှိုက်စားလာတဲ့ဒဏ်ကို ခံရတာ၊ ရူးစဘတ်တို့နီးနီး ကျနော်တို့လည်းရှိတယ်။ ကျနော်တို့က ဒီရက် ၁၀၀ အတွင်းမှာ အမှန်တိုင်းပြောရရင်တော့ အစိုးရအသစ်အနေနဲ့ လုပ်မယ်ဆိုရင် လုပ်ဆောင်စရာတွေ အများကြီးရှိတယ်။ နောက်တခုက တကယ်တမ်း တိုးတက်အောင် လုပ်မယ့်ကိစ္စတွေဟာ အများကြီးရှိမယ်လို့ ကျနော်ထင်တယ်။ ရက် ၁၀၀ အတွင်းမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိလာလိမ့်မယ်လို့ ကျနော်ထင်တယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

"ဆရာရန်မျိုးသိမ်းအနေနဲ့ကော သိသိသာသာ လုပ်နိုင်မယ့် လုပ်ငန်းတွေထဲမှာ ဘယ်ကိစ္စတွေ အဓိကပါမယ်လို့ ထင်လဲဆရာ။"

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ကျနော့်အမြင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ရက် ၁၀၀ စီမံချက်ကို စနစ်တကျ ရေးဆွဲထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ မနက်ဖြန်ဆိုရင် ရက် ၁၀၀ ကစပြီး ရေတွက်တော့မယ်ဆိုတော့ အစိုးရအဖွဲ့ရော၊ ပြည်ထောင်စုဝန်ကြီးဌာနတွေရော၊ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရော ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ရောပေါ့၊ ဒီ ရက် ၁၀၀ စီမံချက်ကို စနစ်တကျ ချမှတ်ပြီးတော့ ဖော်ဆောင်ထားဖို့ လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

"အခုကြားနေရတဲ့ သတင်းအရ ဟိုတလောကတော့ စီးပွားရေးကော်မတီကနေ တက်ပြီး လုပ်တာပေါ့နော်။ တချို့ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ မလုပ်ဘူးဆိုတဲ့ အသံတွေလည်း ထွက်နေတယ်ဆရာ။"

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ဒါပေမယ့် အမှန်တကယ်က အဲလိုလုပ်ဖို့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာလည်း အားကောင်းဖို့လိုအပ်တယ်။ ဥပမာ ကျနော်တို့က ရက် ၁၀၀ စီမံချက်ကြီးကို အားလုံးပါဝင်ပြီး  မလုပ်နိုင်ဘူးဆိုရင် တခုလုံးအနေနဲ့ ရုန်းထနိုင်ဖို့ဆိုတာ နည်းနည်းခက်မယ်လို့ ကျနော်က သုံးသပ်တယ်။ နောက်တချက်က ရက် ၁၀၀ မှာ ကျနော့်အမြင်ပေါ့လေ စိန်ခေါ်မှုကြီးမားတာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ လက်ရှိ ကျနော်တို့ သာယာဝတီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေ၊ နောက် ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရက် ၁၀၀ အတွင်းမှာ ဘယ်လိုဆောင်ရွက်မလဲ၊ ကျနော့်အမြင်ကတော့ သမ္မတဦးထင်ကျော်အနေနဲ့ ဒါမှမဟုတ်ရင်လည်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ ပြည်သူလူထုကို ရှင်းလင်းဖို့တော့ လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။

"နောက်တချက် ကျနော်မြင်တာက မြစ်ဆုံစီမံကိန်းကိစ္စ၊ မြစ်ဆုံစီမံကိန်းကို လွန်ခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ သူက ဆိုင်းငံ့ခဲ့တယ်။ အဲတော့ အစိုးရဟောင်းရဲ့သက်တမ်း ကုန်ဆုံးပြီဆိုရင် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှုကလည်း ပြီးဆုံးသွားပြီဆိုတဲ့ သဘောမျိုး ကောက်ယူလို့ရတယ်။ အဲဒီအခါကျတော့ အစိုးရသစ်အနေနဲ့ ဒီမြစ်ဆုံစီမံကိန်းကို အမြန်ဆုံး ဆက်ပြီးတော့ ဆိုင်းငံ့ဖို့လိုအပ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီလို ဆိုင်းငံ့ထားတဲ့ ကာလအတွင်းမှာ အစိုးရသစ်နဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့ သက်ဆိုင်ရာအစိုးရနဲ့ စနစ်တကျ ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီစီမံကိန်းကြီးကို ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးအတွက် တိုင်းပြည်နဲ့ သယံဇာတ အကျိုးအတွက် ဘယ်လိုကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်မလဲဆိုတာကို စဉ်းစားဖို့ လိုအပ်တယ်လို့ ကျနော်က မြင်ပါတယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

"ဒါပေမယ့် အခုပေါ့နော် ပြည်သူလူထု နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာထဲမှာ အဓိက စားဝတ်နေရေး ကျပ်တည်းတဲ့ ပြဿနာ ကတော့ အဓိကပေါ့နော်။ ခုနပြောတဲ့ဟာတွေလည်း ပါတာပေါ့။ ဒါပေမယ့် အခုဟာက တချို့ကလည်း ပြည်သူလူထုအနေနဲ့ အရမ်းမျှော်လင့်ချက်ကြီးမားတယ်။ အန်အယ်လ်ဒီအစိုးရ တက်လာတာနဲ့ ပြောင်းလဲတော့မယ် ဘာညာဆိုပြီး၊ အဲဒီတော့ အဲလိုမျိုးဖြစ်နေတဲ့အပေါ်မှာ ရက် ၁၀၀ လုပ်လည်းလုပ်တယ်၊ သိသာထင်ရှားတဲ့ အခြေအနေမျိုး မဖြစ်လာဘူးဆိုရင် ပြည်သူလူထုနဲ့ အစိုးရနဲ့ ကြားထဲမှာ ကွာဟမှုတွေ ဖြစ်လာမလား။"

ဆရာအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“အဲဒါကတော့ အမှန်ပဲ။ ဘယ်လိုလဲဆိုတော့ ပြည်သူလူထုကတော့ ခုနပြောသလိုပေါ့၊ ကိုယ် နှစ်ပေါင်းများစွာ ထောက်ခံလာတဲ့ အတိုက်အခံပါတီတခုက အာဏာကိုရပြီိ ဆိုတဲ့အခါကျတော့ အကြီးအကျယ် ပြောင်းလဲမယ်လို့ မျှော်လင့်မှာပေါ့။ ဒါအမှန်ပါပဲ။ ဒါပေမယ်လို့ ကျနော်ခုနပြောသလိုပေါ့ ကျနော်တို့ ဖြစ်လာတဲ့ ပြဿနာတွေက ရာစုနှစ် တ၀က်လောက် ဖြစ်လာတဲ့ ကိစ္စတွေပေါ့နော်။ လူ့အဖွဲ့အစည်းမှာ ပျက်စီးယိုယွင်းနေတာတွေကို ချက်ချင်းလက်ငင်း ကျနော်တို့ မြင့်တက်လာဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့်ပေါ့နော် ရေရှည်လုပ်ရမယ့် ကိစ္စတွေရှိတယ်။ အဲဒါတွေကမှ စီးပွားရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ စသည်ဖြင့်ပေါ့၊ သည်ဟာတွေမှာဆိုရင် ချက်ချင်းကြီး မြင့်တက်ဖို့ဆိုတာ အရမ်းခက်တယ်။ ဒါပေမယ့် ကျနော်တို့ သိသိသာသာမြင်နိုင်တဲ့ နယ်ပယ်တွေလည်း ပေါ်လာလိမ့်မယ်။ အဲဒါတွေက ဥပမာအားဖြင့်ပေါ့ ပြန်ကြားရေးဆိုပါတော့၊ ပြန်ကြားရေးဆိုရင် ဒီနေ့ကိုစပြီးတော့ သတင်းစာတွေမှာ ပုံစံတွေ ပြောင်းလာတာ တွေ့ရတယ်။ နောက်နေ့တွေကစပြီးတော့ ကျနော်တို့ တကယ်ကို ပြည်သူလူထု နှစ်သက်တဲ့ ပုံစံမျိုးပေါ့။ လူထုဝန်ဆောင်မှု၊ မီဒီယာပုံစံမျိုး တဖြည်းဖြည်း ပုံဖော်သွားလိမ့်မယ်။ ဒါက ရက် ၁၀၀ မကြာဘူး၊ တရက်နှစ်ရက်ဆိုရင် တော်တော်ပြောင်းလာလိမ့်မယ်။ ဒါတွေ ကျနော်တို့မြင်ရမယ်ပေါ့။ နောက်တခုက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်ပေါ့။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အခု နိုင်ငံခြားရေးဝန်ကြီး ယူထားတာကိုး။ ဒါက သိတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာမှာ နာမည်အထင်ကရ ရှိပြီးသား၊ သြဇာကြီးမားပြီးသားပုဂ္ဂိုလ်၊ နိုဘယ်လ်ဆုရှင်၊ ဆုပေါင်းများစွာ ရထားတာဆိုတော့၊ နိုင်ငံတကာမှာ နဂိုကတည်းက အရှိန်သြဇာရှိပြီးသား ပုဂ္ဂိုလ်ဖြစ်တယ်။ အဲတော့ ဒီအရှိန်အ၀ါဟာ ကျနော်တို့ သူပြောတဲ့ ပါလီမန်ခေတ်က နိုင်ငံခြားရေး၊ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမယ်ဆိုတာ၊ အဲဒီခေတ်က ဦးနုတို့ ကျင့်သုံးခဲ့တဲ့ အဆင့်ထက် မနိမ့်တဲ့နေရာကို ချက်ချင်းရောက်သွားမှာ။ ဘာလို့လဲဆိုတော့ ဦးနုကို လေ့လာကြည့်ရင် ဦးနုက အဲဒီအချိန် အာရှတိုက်မှာ အစွာဆုံးဆိုတဲ့ ခေါင်းဆောင်သုံးယောက်ထဲမှာ ပါတယ်။ နေရူးရယ်၊ ချူအင်လိုင်းရယ်၊ ဦးနုရယ်၊ ကြက်တူရွေးသုံးကောင်လို့ ခေါ်တာပေါ့ အာရှတိုက်ထဲမှာ။ သူတို့ကို အလေးထားပြီးတော့ ဆက်ဆံရတယ်၊ အနောက်ကမ္ဘာကတောင်မှ။ အဲဒီအဆင့်အထိ ဦးနုက ရှိခဲ့တယ်။ အဲဒီနောက်မှာ ကျနော်တို့က ၆၂ နောက်ပိုင်းမှာ ကျသွားတာ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ လူတောမတိုးဘဲ ဖြစ်သွားတာ။ အဲဒီတော့ ကျနော်တို့က ချက်ချင်း လူတောတိုးတဲ့အဆင့် ရောက်မယ်။ နောက်တခုက နိုင်ငံတကာမှာ ထိုက်တန်တဲ့ အဆင့်တခုကို ချက်ချင်းရမယ်၊ သုံးလအတွင်းမှာ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ အကူအညီတွေ အများကြီးရမယ်။ ဥရောပတို့ ဂျပန်တို့ တရုတ်ကလည်း သူလည်းလာမှာပါ။ သူကလည်း နောက်ချန်တော့နေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဗမာပြည်ကို အပြိုင်အဆိုင် ၀င်ကြမှာကိုး။ ဒါက ခုနပြောသလိုပေါ့နော် ချက်ချင်းရမယ့် အကျိုးရလဒ်တွေရှိပါတယ် သုံးလအတွင်းမှာ။ စီးပွားရေးကတော့ စီးပွားရေးဆိုတာလည်း တစုံတရာတော့ရှိမှာပေါ့။ ဖြည်းဖြည်းချင်းပဲ အဲဒီနယ်ပယ်ကတော့ ပြည်သူတွေ ၀င်ငွေမြင့်မားလာဖို့ဆိုရင်တော့ ဒါတွေက ဖြည်းဖြည်းချင်း လုပ်ရမယ်လို့ ထင်တယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

"ခုနပြောတဲ့ နိုင်ငံတကာဆက်ဆံရေး ဆိုလို့ပေါ့နော်၊ ပြောတော့ပြောတာပေါ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒပေါ့။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးက ပိုပြီးလေးကဲမယ့် ပုံစံမျိုး သုံးသပ်နေတာလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံဒေသတွင်း ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းခံဘ၀မှာ နေခဲ့ရတဲ့ တောက်လျှောက်လုံးမှာ အာဆီယံနိုင်ငံတွေက ပြီးခဲ့တဲ့အစိုးရကိုပဲ မားမားမတ်မတ် ရပ်တည်ခဲ့တာလေ။ ခုနောက်ပိုင်းမှာလည်း အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးပေါ်မှာ ဒေါ်စု နည်းနည်း နှုတ်ဆိတ်နေတဲ့ သဘောလို့ ဝေဖန်မှုတွေလည်း ရှိတာပေါ့နော်။ အဲဒီတော့ ဆရာ ဒီသုံးလအတွင်းမှာရော အန်အယ်လ်ဒီရဲ့ အစိုးရသစ်ရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒ ဘယ်လိုပုံစံမျိုးဖြစ်မယ်လို့ ဆရာထင်ပါသလဲ။"

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ကျနော်လေ့လာကြည့်သလောက် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ စကားတခုတော့ ရှိတယ်။ ကျနော်တို့ အိမ်နီးချင်းဆိုတာ ကျနော်တို့ ရွေးလို့လည်းမရဘူး၊ ရွှေ့လို့လည်းမရဘူး။ အဲဒီအခါကျတော့ ကျနော့်အမြင်ကတော့ အာဆီယံနိုင်ငံတွေဆိုတာ ကျနော်တို့နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်သလို ဒေသတွင်းနိုင်ငံ ဖြစ်နေတဲ့အခါကျတော့ ကျနော့်အမြင်အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနိုင်ငံတွေကို အလေးထားလိမ့်မယ်လို့ ကျနော်က ယူဆတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း အတော်လေးကို အလေးထားလိမ့်မယ်လို့ ကျနော်က ယုံကြည်တယ်။ အဲတော့ လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ကြည့်လိုက်ရင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ပထမဆုံး သ၀ဏ်လွှာပို့တဲ့ထဲမှာ ပါနေတဲ့အခါကျတော့ တဘက်က စဉ်းစားကြည့်ရင် သမ္မတဦးထင်ကျော် အစိုးရအဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး ပြည်ပခရီးများ သွားမလားလို့တောင် စဉ်းစားစရာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းအရရော၊ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ပြောမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ကျနော့်အမြင်အားဖြင့်တော့ အာဆီယံနိုင်ငံတွေ အနေနဲ့လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာမှာရှိတဲ့ သြဇာအရှိန်အ၀ါကို သူတို့ကလည်း ရယူပြီးတော့ သုံးချင်တဲ့ ဆန္ဒရှိမှာပဲ။ အဲတော့ ကျနော်တို့နိုင်ငံကလည်း အာဆီယံနိုင်ငံတွေရဲ့ ရှိနေတဲ့ အနေအထားတွေကို ကျနော်တို့တိုင်းပြည်နဲ့ ကျနော်တို့ပြည်သူလူထုအကျိုးအတွက် ကျနော်တို့ကလည်း ရယူပြီး သုံးစွဲနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒါပေမယ့် တဘက်ကကြည့်ရင်လည်း အမေရိကန် အပါအ၀င်ပေါ့လေ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကလည်း အင်မတန်မှ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေက ချမ်းသာတဲ့နိုင်ငံတွေ၊ ဥပမာ  ဂျပန်လို နိုင်ငံမျိုးက ချမ်းသာတဲ့နိုင်ငံ၊ ဒီနိုင်ငံတွေကနေ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုတွေ များများရမှ ကျနော်တို့ပြည်သူလူထု ထမ်းပိုးထားရတဲ့ ဆင်းရဲမွဲတေမှု ၀န်ထုပ်ဝန်ပိုးကို ကျနော်တို့က လျှော့ချလို့ရမှာ။”

ဦးခင်သန်း (ဒီဗွီဘီ)

"နောက်တချက်ပေါ့ ရက် ၁၀၀ ကိစ္စမှာ အကောင်အထည်ဖော်ရမှာ ၀န်ကြီးဌာနတွေက အများကြီးပါတာကိုး။ ၀န်ကြီးတော့ ပြောင်းသွားပြီပေါ့။ ဒါပေမယ့် အောက်ခြေက နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီယန္တရားပေါ့။ အဲဒီတော့ ဒီရက် ၁၀၀ အကောင်အထည်ဖော်တဲ့ နေရာမှာ ဗျူရိုကရေစီယန္တရားက လိုက်မပါနိုင်ဘူးဆိုရင် ဒီအကောင်အထည်ဖော်မှုတွေ ရှေ့တွန်းပြီး သွားနိုင်ပါ့မလားဆရာ။"

ဆရာအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“အဲဒါကလေ ဗျူရိုကရေစီ ယန္တရားက အရေးကြီးဆုံးပဲ။ ကျနော်တို့ ၀န်ကြီးတွေ ဘာတွေ ဆိုတာကတော့ နိုင်ငံရေးရာထူးပေါ့နော်။ သူက ပေါ်လစီချပေးရမှာ။ သူကတော့ ပေါ်လစီပဲချမှာ။ လုပ်တာကတော့ ခုန ရှိပြီးသားလူတွေပဲ အတွင်းဝန်ကနေစပြီးတော့ အောက်ခြေ စာရေးစာချီအထိ ဒါတွေက တစုံလုံး ရှိပြီးသားပေါ့နော်။ ဒီလူတွေရဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ပေါ့နော် ဒါ အရမ်းအရေးကြီးတယ်။ အဲဒါက ဘယ်လိုလဲဆိုတော့ ကျနော်မြင်တာကတော့လေ အခု ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေကတော့ အဲဒါတွေပဲလို့ ထင်တယ်။ သူပြောတဲ့စကားတွေ တော်တော်များများက လူတွေရဲ့ အတွေးအခေါ်ကိုပဲ ထိန်းကျောင်းပြောင်းလဲဖို့ လုပ်နေတာပေါ့နော်။ နောက်ဆုံးဖြစ်တဲ့ ၀န်ကြီးတွေရဲ့အိမ်မှာ ပစ္စည်းတွေယူသွားတယ် ဘာညာဆိုတဲ့ ကိစ္စတွေမှာ နောက်ဆုံး သူပြောတဲ့ တခွန်းရှိတယ်လေ။ အခုတက်တဲ့ ၀န်ကြီးတွေဆိုရင် ကိုယ့်ဟာကိုယ်ဝယ် ပြီးရင်ထားပစ်ခဲ့။ ဒါဟာ တကယ်ကိုရှိရမယ့် အတွေးအခေါ်။ ဒါပေမယ့် တချို့က ခံစားခွင့်လို့ထင်နေတယ် ဒါတွေကို။ အဲဒါ ကျနော်တို့ မဆလခေတ်က ပါလာတဲ့ အတွေးအခေါ်တွေပေါ့။ ငွေလေးတပြားစ နှစ်ပြားစ သူ့ရဲ့ခံစားခွင့်လို့ ထင်နေတယ်။ န၀တလက်ထက်ကျတော့ အခွင့်အာဏာမှန်သမျှ အသုံးချဖို့ ကိုယ့်အိတ်ထဲထည့်ဖို့ဆိုတဲ့ အတွေးအခေါ် ဖြစ်လာတယ်။ အားလုံးက အဲဒါတွေက စွဲနေတယ်။ တကယ်တမ်းကျတော့ နိုင်ငံတော်က ပေးတယ်ဆိုတာ တာဝန်ပဲ။ တာဝန်ရယ်၊ တာဝန်ခံမှုရယ် ဒါပဲ။ ခံစားခွင့်ဆိုတာ ဘယ်တော့မှ နိုင်ငံတော်က ပေးတာမဟုတ်ဘူး။ သတ်မှတ်ချက်တွေပဲ ဒါတွေက။ အဲလို အတွေးအခေါ်ကို ကျနော်တို့က စိုက်ထူပေးရမယ်။ တရားသူကြီးတယောက် ပြောသွားသလိုပေါ့ ဦးသိန်းစိန် တက်လာခါစက ဂွတ်ဂါဗားမင့်တို့ ကလင်းဂါဗားမင့်တို့ ပြောလိုက်တာနဲ့ကို လာဘ်ယူလာဘ်စား တော်တော်လေး လျော့သွားတယ်။ နောက် တကယ်မလုပ်တဲ့အခါကျတော့ ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားတာပေါ့။ ဒါတွေက ပြောတာနဲ့အတူ နောက်ကလိုက်ရမယ့်အရာတွေ။ ကျနော်ထင်တယ် ၀န်ထမ်းက ဖြစ်နိုင်ပါတယ်။ တအား ပင်ကိုယ်ဆိုးနေတာ မဟုတ်ဘူးပေါ့ဗျာ လူတွေဟာ ပြောင်းလဲနိုင်ပါတယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

"အပေါ်ကနေလုပ်ပေမယ့် အောက်ခြေ တိုင်းဒေသကြီး၊ ပြည်နယ်ထိရော သူတို့မှာ အဲလို လုပ်ငန်းစဉ်တွေရော ရှိပါ့မလား။ ရှိရင်ရော တကယ်ကော ရက် ၁၀၀ အတွင်းမှာ ထင်သာမြင်သာဖြစ်အောင် လုပ်နိုင်ပါ့မလား ဆရာ။"

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ဒါကတော့ ဗဟိုချုပ်ကိုင်မှုပေါ့လေ။ ဗဟိုချုပ်ကိုင်မှုကို ကျနော်တို့ လျှော့ချဖို့လိုတယ်။ ကျနော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့ အစိုးရလက်ထက်အတွင်းမှာ ကြည့်လိုက်တဲ့အခါကျတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချမှု အပိုင်းမှာ အင်မတန်မှ အားနည်းနေတယ်။ အဲတော့ ဆရာခုနပြောသလိုပဲ ကျနော်တို့က ဘာလဲဆိုတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ပေါ့ဗျာ။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဟာ ညီမျှနေဖို့လိုတယ်၊ အဖွဲ့အစည်းတခုမှာ။ ညွှန်ကြားရေးမှူးဆိုတဲ့ တာဝန်ရထားပြီးတော့ သူက ညွှန်ကြားရေးမှူးနဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့် မရဘူးဆိုရင် ဒါက ပျက်စီးနေတဲ့ အဖွဲ့အစည်းပဲလို့ ပြောလို့ရတယ်။ အဲဒီအခါကျတော့ လာမယ့်အစိုးရ အနေနဲ့ပေါ့လေ၊ အဲဒီ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ကိုလည်း စနစ်တကျ စီမံချက်ချပြီး လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ အောက်ခြေက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေကိုလည်း လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်တယ်။ သူတို့ကို တာဝန်ပဲပေးလို့မရဘူး၊ လုပ်ပိုင်ခွင့်ပါပေးရမယ်။ အဲဒါမှသာလျှင် သူတို့ကလည်းပဲ ကြွတက်လာမယ်။

"နောက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေရော၊ နည်းဥပဒေရော ထွက်ပြီးသား၊ ဒါကို ကျနော်တို့ လာမယ့်ငါးနှစ်အတွင်းမှာ တိတိကျကျ ကျင့်သုံးဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်။ ကျနော်စဉ်းစားတာပေါ့ဗျာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွေကို ဗဟိုမှာတင် မကဘူး၊ တိုင်းဒေသကြီး၊ နောက်ဆုံး ကျနော်တို့ ရပ်ကွက်၊ ကျေးရွာလောက်အထိ ဖွဲ့စည်းပြီးတော့ လူထုလှုပ်ရှားမှုအသွင်နဲ့ ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပညာပေးတဲ့အပိုင်း၊ စည်းရုံးတဲ့အပိုင်း၊ နောက်ဆုံး မရဘူးဆိုတော့မှ ကျနော်တို့ အပြစ်ပေး အရေးယူတဲ့အပိုင်း၊ အပြစ်ပေး အရေးယူတဲ့နေရာမှာလည်း ခုနပြောသလို ထိထိရောက်ရောက်နဲ့ လုပ်ဖို့လိုအပ်တယ်လို့ ကျနော်သုံးသပ်ပါတယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013