DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမှုတည်ဆောက်ရေး ဆွေးနွေး
DVB
·
April 6, 2016
တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမှုတည်ဆောက်ရေး ဆွေးနွေး
Donate to DVB

မြန်မာ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အင်အားကြီး နိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံ အစိုးရသစ်ကို ဂုဏ်ပြုတာဖြစ်ပြီး နှစ်နိုင်ငံကြား ရင်းနှီးမှုဆောက်တည်ဖို့ အလေးထားပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဧပြီ ၅ ရက် ညနေ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံအပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အစိုးရသစ်တက်ပြီး သီတင်းတပတ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီရဲ့ ခရီးစဉ်ဟာ အစိုးရသစ်လက်ထက် ပထမဆုံး လာရောက်တဲ့ ပြည်ပနိုင်ငံက အဆင့်အမြင့်ဆုံး အရာရှိ ခရီးစဉ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ အစိုးရသက်တမ်းဟာ အခုဆို သက်တမ်းက တပတ်ပဲ ရှိပါသေးတယ်။ ဒီလိုအချိန်ကာလတိုအတွင်းမှာ ဒီကိုလာရောက်ပြီးတော့ ကျမတို့နိုင်ငံအကြားမှာရှိတဲ့ ချစ်ကြည်ရေးကို ဖော်ဆောင်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာနဲ့အမျှ ကျမတို့ရဲ့ ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံရေးအရသာ မဟုတ်ဘူး၊ လူမှုရေးအရ၊ စီးပွားရေးအရလည်း အများကြီး အရေးကြီးပါတယ်။ ဒီအရေးကြီးမှုကို တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုတယ်လို့ပဲ ကျမတို့ ဒီလိုပဲ မြင်ပါတယ်။”

မြန်မာအစိုးရ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့အစိုးရဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ဆိုလို့ရှိရင် တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ကျမတို့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ဒီလို ကျမတို့ တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ငြိမ်းချမ်းရေးအတွက်၊ လူသားများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း ပါဝင်ပြီးတော့ အတူလက်တွဲပြီး ဆောင်ရွက်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

“ဒါကြောင့်မို့လို့ ဒီယုံကြည်ချက်အရ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးက အခုလာပြီးတော့ ကျမတို့နိုင်ငံမှာ ဒီလိုအချိန်မှာ ဂုဏ်ပြုတဲ့အတွက် ကျမတို့ကို၊ ကျမတို့ရဲ့ အစိုးရကို ကောင်းသောဆုများ တောင်းပေးတဲ့အတွက် ကျမအနေနဲ့ အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက သူ့ခရီးစဉ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို အလေးထားကြောင်း ပြသမှုဖြစ်တယ်လို့ ပြောပါတယ်။

သူက “မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့် ရတဲ့အတွက် စိတ်ထဲမှာ အင်မတန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလည်ပတ်မှုဟာ ကျနော်တို့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ပြည်သူလူထုအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြသနေပါတယ်။ ဒီလည်ပတ်မှုဟာ ကျနော်တို့အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို အလေးထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စကို ၀င်ရောက်မစွက်ဖက်ပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံ ပြည်သူလူထု ရွေးချယ်မှုကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ကျင့်သုံးဆောင်ရွက်တဲ့ အမျိုးသားသင့်မြတ်ရေး ဖြစ်စဉ်ကိုလည်း ထောက်ခံပါတယ်။ အစိုးရအသစ်လက်အောက်မှာ မြန်မာနိုင်ငံ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်း ဆက်လက်တည်ငြိမ်ချောမွေ့စွာ လျှောက်လှမ်းရန်လည်း မျှော်လင့်ပါတယ်။”

ဒါ့အပြင် ခေတ်သစ်ကာလမှာ နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်မယ်၊ အဲဒီကိစ္စကို မြန်မာဝန်ကြီး (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်၊ နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆက်ဆံမှုကို မြှင့်တင်ကြမယ်၊ အပြန်အလှန်ယုံကြည်မှု ပိုမိုတည်ဆောက်မှာဖြစ်တယ်။ စီးပွားရေးကဏ္ဍမှာ ဆက်လက်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းနိုင်ပါတယ်လို့ ပြောပါတယ်။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာဘာသာနဲ့ ပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ဘာသာနဲ့ ပြောကြားခဲ့ကြပြီး သက်ဆိုင်ရာအလိုက် ဘာသာပြန်ကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဘက်က အချိန်ပိုမိုပေးပြီး ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင်းမှာ ဖော်ဆောင်နေတဲ့ စီမံကိန်းတွေ အကြောင်းကို ထည့်သွင်းပြောဆိုပေမယ့် ဆွေးနွေးခြင်းတော့ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းထောက်တွေက သမ္မတဦးသိန်းစိန် လက်ထက်တုန်းက ခေတ္တဆိုင်းငံ့ထားတဲ့ မြစ်ဆုံစီမံကိန်းကိစ္စကို ဦးစားပေး မေးမြန်းခဲ့ကြပေမယ့် သိသာထူးခြားတဲ့ အဖြေစကားတော့ မရရှိခဲ့ကြပါဘူး။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က “မြစ်ဆုံစီမံကိန်းစာချုပ်ကို ကျမတောင် မဖတ်ရသေးဘူး။ ပြည်သူလူထုကို ချပြဖို့ ခဲယဉ်းပါလိမ့်မယ်” လို့ ဖြေဆိုခဲ့ပါတယ်။

“တိုတိုနဲ့ပြောရမယ်ဆိုရင် အခု ဒီဝန်ကြီးက လာတယ်ဆိုတာ ကျမတို့ အစိုးရအဖွဲ့သစ်ကို ဂုဏ်ပြုဖို့၊ ကျမတို့ရဲ့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ရင်းနှီးမှုဆောက်တည်ဖို့ ဒါကို အလေးထားပြီးတော့ ပြောခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါအတွက် လာတာပါ။ တခြားကိစ္စတွေကို အသေးစိတ် ဘာမှ မဆွေးနွေးခဲ့ပါဘူး။”

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက နိုင်ငံတကာရဲ့ ဝေဖန်မှုကိုခံပြီး မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှု အပါအ၀င် သံတမန်ရေးအရပါ ကျားကန်ပေးခဲ့စဉ် ကာလမှာ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ၂ဝ၁၁ ခုနှစ် မေလမှာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး သဘောတူညီချက်ကို မြန်မာနဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး အတိုက်အခံအင်အားစုတွေကိုပါ တရုတ်နိုင်ငံကို ဖိတ်ကြားပြီး ဆက်ဆံရေး တိုးချဲ့ခဲ့ပါတယ်။

မနှစ် ရွေးကောက်ပွဲ မတိုင်မီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံ ဖိတ်ကြားပြီး တရုတ် ထိပ်တန်းခေါင်းဆောင်တွေကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013